အတ္တလန္တာကို 2 ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်ပထမပိုင်းအပြီး အသင်းရဲ့ အဝတ်လဲခန်းထဲ ဘာတွေ ပြောခဲ့ကြသလဲဆိုတာ ဖွင့်ဟလိုက်တဲ့ မက်ဂွားယား

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီနေ့ မနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် 3 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အီတလီ စီးရီးအေ ထိပ်သီး အတ္တလန္တာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲစဥ်ကို စတင်ပုံ ကောင်းခဲ့ပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ အတွက် ပထမပိုင်းမှာ ဂိုးရဖို့ ရုန်းကန်သွားခဲ့ရပြီး အတ္တလန္တာ အသင်းကတော့ ပထမဆုံး ရရှိခဲ့တဲ့ အခွင့်အရေး 2 ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး 2 – 0 နဲ့ ဦးဆောင်နိုင်ခဲ့ ပါတယ် ။

ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံဟာ ပိုကောင်းခဲ့ပြီး ရပ်ရှ်ဖို့ နဲ့ မက်ဂွားယား တို့ရဲ့ ခြေပဂိုး ၊ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက် ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့ အဖိုးတန် ဂိုးတွေကြောင့် ပွဲစဥ်အပြီး 3 – 2 နဲ့ နိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင််နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားက ပွဲစဥ်အပြီးသတင်းစာရှင်းလင်းပွဲမှာ ပထမပိုင်း ရှုံးနိမ့်မှုအပြီး အနိုင် ကစားနိုင်စွမ်း ရှိတယ်လို့ သူတို့ အားလုံး ယုံကြည်ခဲ့ကြကြောင်း ၊ အလွတ် တည်ကန်ဘောတွေကနေ 2 ဂိုး ပေးခဲ့ရပေမဲ့ သူတို့ရဲ့ ကစားပုံ ပိုကောင်းခဲ့တယ်လို့ ယုံကြည်ခဲ့ကြကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ ပွဲချိန်အတွင်း ကစားပုံတွေ ကောင်းမွန်ခဲ့တယ်ဆိုတာ သိခဲ့ကြပါတယ် ။ 2 – 0 နဲ့ ရှုံးနိမ့်ခဲ့လို့ မကျေမနပ် ဖြစ်ခဲ့ရပါသေးတယ် ။ ကျွန်တော်တို့ အခွင့်အရေး 2 ကြိမ် ပေးခဲ့ရပြီး ဖရီးကစ် ၊ တည်ကန်ဘောတွေ ကနေ ဂိုးတွေ ​ပေးခဲ့ရတယ်လေ ။ အဲ့တာကလွဲရင် ကျွန်တော်တို့ အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ကြပါတယ် ”

” ကျွန်တော်တို့ ခမ်းနားတဲ့ အခွင့်အရေးကောင်း 3 ၊ 4 ကြိမ််အထိ ဖန်တီးနိုင်ခဲ့ကြပြီး နောက်ထပ် လုပ်နိုင်ရင် ရလဒ်ကို ပြန်လည်တွန်းလှန်နိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြပါတယ် ။ သူတို့က တိုက်စစ်ဆင် ကစားတဲ့ အသင်းမျိုးလေ ။ ဒါ့ကြောင့် နောက်ထပ် သွင်းဂိုးက အရမ်းကို အရေးကြီးသွားလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ကြပါတယ် ”

” ဒါက ရော်နယ်ဒိုရဲ့ ခမ်းနားတဲ့ သွင်းဂိုးနဲ့ အတူ နိုင်ပွဲ ပြန််လည် ရယူနိုင်ခဲ့တဲ့ ပြီးပြည့်စုံတဲ့ ဒုတိယပိုင်း ဖြစ်သွားခဲ့ရပါတယ် ” လို့ မက်ဂွားယားက သူတို့တွေဟာ ယုံကြည်မှု ဆက်လက် ထားရှိဖို့ပဲ အဝတ်လဲခန်းထဲ အဓိကထား ပြောခဲ့ကြကြောင်း ဖွင့်ဟရင်း ရော်နယ်ဒိုကိုပါ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ငယ်စဥ်ကတည်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ချန်ပီယံလိဂ် ပွဲစဥ်တွေကို ကြည့်ရှုခဲ့တဲ့ သူဟာ ဒီလို ပြိုင်ပွဲမှာ ဝင်ရောက် ပါဝင်ကစားဖို့ ဆန္ဒ ရှိခဲ့ကြောင်း ၊ ဒီနေ့ ပွဲစဥ်မှ ပရိသတ်တွေရဲ့ အားပေးမှုတွေက တကယ့်ကို အားရကျေနပ်ဖွယ် ၊ အံ့ချီးဖွယ် ကောင်းခဲ့ကြောင်း မက်ဂွားယားက ဆက်လက် ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်ဟာ ငယ်စဥ်ကတည်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းကြီးထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ပွဲစဥ်တွေ ကြည့်ရှုအားပေးရင်း ကြီးပြင်းလာခဲ့သူ ဖြစ်တဲ့အတွက် တနေ့ ဒီလို နေရာမှာ ပါဝင်နိုင်ဖို့ ၊ ကစားပေးဖို့ အိပ်မက်တွေ ထားရှိခဲ့ဖူးပါတယ် ။ ဒီကွင်းထဲမှာ ပရိသတ် အားပေးမှုတွေက အမြဲတမ်း အံ့ဖွယ် ဖြစ်နေခဲ့တယ်လေ ”

” သူတို့ဟာ ကျွန်တော်တို့ အနောက်မှာ အမြဲတမ်း ရပ်တည််ပေးနေခဲ့ကြပါတယ် ။ ပွဲချိန် ဒုတိယပိုင်း အတွင်း ကျွန်တော််တို့ တရစပ် ဖိအားတွေပေးနေခဲ့ချိန်မှာ ပရိသတ်တွေဆီက ခွန်အားတွေ ရရှိသွားခဲ့ကြပြီး သူတို့ရဲ့ အားပေးမှုတွေနဲ့ ထိုက်တန်လှတဲ့ နိုင်ပွဲမျိုးကို ရယူပေးသွားနိုင်ခဲ့ကြပါတယ် ” လို့ မက်ဂွားယားက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar