အင်္ဂလန် ဒါဘီ ပွဲစဉ် ကို သရေကျမယ်လို့ ခန့်မှန်းလိုက်တဲ့ လော်ရိုး

အာဆင်နယ် vs အက်စ်တွန် ဗီလာ
နှစ်သင်း စလုံးက ဒီရာသီမှာ အလယ်လတ်တန်း အသင်းတွေလို့ ပြောလို့ရပါတယ်။ လက်ရှိ အချိန်ထိ အပေါင်း လက္ခဏာ ဆောင်တဲ့ ရလာဒ်တွေ ရယူထားနိုင်တယ် ဆိုပေမယ့် ၊ ကောင်းဆုံး ပုံစံတွေ ထွက်ပေါ်လာဖို့ လိုအပ်နေဆဲလို့ မြင်ပါတယ်။

အက်စ်တွန် ဗီလာ ဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲပြီးခါနီးမှ ဝုဖ် ရဲ့ အသဲခွဲခြင်းကို ခံထားရသလို ၊ အာဆင်နယ် ကလဲ နောက်ဆုံး စက္ကန့်ရောက်မှ အိမ်ကွင်း ရှုံးပွဲနဲ့ သီသီလေး လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးပွဲဆက်တိုက် အနိုင်ယူပြပြီး နောက်ပိုင်း သရေပွဲတွေ ပြန်ဆက်လာတာ က လက်ရှိ သူတို့ရဲ့ အနေအထားကို လှစ်ပြနေတာပါ။

ဂန်းနား ပရိသတ်တွေ ကတော့ သူတို့ အသင်းဟာ ရာသီအဖွင့် ဆိုးဝါးတဲ့ ရလာဒ်ဆိုးတွေကို တွန်းလှန်နိုင်ခဲ့ပြီ လို့ ယူဆကောင်း ယူဆနိုင်ပေမယ့် လက်ရှိမှာ အဲဒါက အကြောင်းအရင်း မဟုတ်တော့ပါဘူး။ ဒီပွဲမှာတော့ အိမ်ကွင်းမှာ ကစားရတာ ဖြစ်လို့ သူတို့ကိုပဲ အနိုင်ပေးထားချင်ပါတယ်။ ဒါပေမယ့် အကြိတ်အနယ်တော့ ရှိမယ့် ပွဲစဉ်မျိုးပါ။
ခန့်မှန်းချက် – အာဆင်နယ် 2-1 အက်စ်တွန် ဗီလာ

ချဲဆီး vs နော့ဝှစ်ချ်

အမှတ်ပေးဇယား ဦးဆောင်သူ နဲ့ အောက်ဆုံးက အသင်း ထိပ်တိုက် တွေ့ကြမယ့် ပွဲမျိုးပါ။ ဒီပွဲမှာ လူကာကူရော ၊ တီမို ဗာနာ ပါ ကစားပေးနိုင်ခြင်း မရှိဘူး ဆိုရင်တောင် ရလာဒ် က တမျိုးထဲပဲ ထွက်မှာ သေချာပါတယ်။

8 ပွဲ ကစားပြီးတဲ့ အချိန်ထိ နော့ဝှစ်ချ် ဟာ 2 ဂိုးပဲ သွင်းပြနိုင်သေးသလို ၊ ခံစစ်က ပေးဂိုးကလဲ အရမ်းများနေပါတယ်။ ဒါကြောင့်မို့ ချဲဆီး အတွက် အနိုင်ရလာဒ် က လွဲပြီး ဘာမှ မရှိနိုင်ပါဘူး။
ခန့်မှန်းချက် – ချဲဆီး 2-0 နော့ဝှစ်ချ်

ဘရိုတ်တန် vs မန်စီးတီး

ဘရိုတ်တန် ဟာ ဒီရာသီမှာ တော်တော်လေးကို ခြေစွာနေပါတယ်။ သို့သော်လဲ ဒီပွဲဟာ သူတို့အတွက် ထိပ်တန်း အသင်းကြီး တသင်းနဲ့ ပထမဆုံး တွေ့ရမယ့် ပွဲဖြစ်နေလို့ တော်တော်လေးကို ခက်ခဲမှာပါ။

မန်စီးတီး ခြေစွမ်းက အရမ်းမှန်နေပါတယ်။ ချန်ပီယံလိဂ်မှာ ကလပ် ဘရုလို အသင်းမျိုးကိုတောင် 1-5 နဲ့ ကစားပြထားသလို ၊ ခံစစ် ကစားပုံကလဲ လုံခြုံမှု ရှိတယ်လေ။ ဘရိုတ်တန် အတွက် မျှော်လင့်ချက် မရှိနိုင်ပါဘူး။
ခန့်မှန်းချက် – ဘရိုတ်တန် 0-2 မန်စီးတီး

ယူနိုက်တက် – လီဗာပူး
ချန်ပီယံလိဂ် ပွဲစဉ်မှာ ပထမပိုင်း 2-0 နဲ့ ရှုံးနိမ့်ပြီးမှ 2-3 နဲ့ နိုင်ပွဲ ရအောင် စွမ်းဆောင်ပြခဲ့တဲ့ ယူနိုက်တက် ရဲ့ ပုံစံက ဆိုရှား လက်အောက်မှ ဖြစ်နေကြ အစဉ်အလာ တခုလိုပါပဲ။ သူတို့ဟာ ခြေစွမ်းယိုင်မိပြီ ဆိုရင် အိမ်ကွင်းမှာတောင် ရှုံးချင် ရှုံးသလို ၊ ခြေစွမ်းကောင်းမိချင်ရင်လဲ Comeback တွေနဲ့ နိုင်ပွဲတွေ ပြန်လည် ရယူတတ်ပါတယ်။

တကယ်လို့ အဲဒီပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် လီဗာပူး အတွက် အခွင့်အလမ်း သာကောင်း သာသွားနိုင်ပေမယ့် ၊ အခုတော့ နှစ်သင်း စလုံးက အရေးပါတဲ့ နိုင်ပွဲတွေကို ဆုပ်ကိုင်နိုင်ခဲ့ကြတာပါ။

ဒီပွဲမှာ ရလာဒ်ကောင်း တခု ပိုင်ဆိုင်ဖို့ အတွက် ယူနိုက်တက်မှာ ဖိအား ပိုများမယ် ထင်ပါတယ် ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် အမှတ်တွေ ဆုံးရှုံးထားခဲ့တာလေ။ တကယ်လို့ သရေ ရလာဒ် ထွက်ပေါ်လာမယ် ဆိုရင်လဲ နှစ်သင်း စလုံးအတွက် ကျေနပ်စရာ ကောင်းမယ်လို့ ကျနော်က မြင်မိပါတယ်။

လီဗာပူး ကတော့ သူတို့ ရဲ့ လက်ရှိ ကစားပုံကို ပြောင်းမှာ မဟုတ်ပါဘူး။ ဘောလုံးကိုင်မယ် တိုက်စစ်ဆင် ကစားပါလိမ့်မယ်။ တချိန်တည်းမှာ ယူနိုက်တက် အနေနဲ့လဲ တိုက်စစ်ကို အတင်းဖွင့်ထားလို့ မဖြစ်ပါဘူး ၊ ဖွင့်တာ နဲ့ သူတို့အတွက် အခြေအနေက ပိုဆိုးမှာပါ။
ခန့်မှန်းချက် – ယူနိုက်တက် 1-1 လီဗာပူး

အခြားပွဲစဉ် ခန့်မှန်းချက်များ
ပဲလေ့ 2-1 နယူးကာဆယ်
အဲဗာတန် 2-0 ဝက်ဖို့ဒ်
လိဒ် 1-1 ဝုဖ်
ဆောက်သမ်တန် 2-1 ဘန်လေ
ဘရန်းဖို့ဒ် 0-2 လက်စတာ
ဝက်စ်ဟမ်း 1-1 စပါး

 

SPORTS MYANMAR