အကျိုးသက်ရောက်မှု ပေးနိုင်ခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်ဖြစ်နေခဲ့တဲ့ အဓိကကစားသမားတစ်ဦးကို ချန်လှပ်ဖို့ ယူနိုက်တက်ကို အံ့ဖွယ်တိုက်တွန်းလိုက်တဲ့ ခံစစ်မှူးဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နိုင်ငံ့ ပွဲစဥ်တွေ ပြီးဆုံးခဲ့တဲ့နောက် ပရီးမီးယားလိဂ် ပွဲစဥ် 8 အဖြစ် ကင်းပါဝါ ကွင်းထဲမှာ လက်စတာ စီးတီး အသင်းကို ရင်ဆိုင်ခဲ့ရပြီး 4 – 2 ဆိုတဲ့ ရလဒ် နဲ့ အဝေးကွင်းမှာ စိတ်ပျက်ဖွယ် ရှုံးနိမ့် သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တိုက်စစ် ကစားသမား ဖြစ်သူ မေဆွန် ဂရင်းဝုဒ် က ပွဲချိန် 19 မိနစ်မှာပဲ ဘရူနို ဖာနန်ဒက်စ် ရဲ့ ဂိုးဖန်တီးပေးမှုကြောင့် လှပသေသပ်တဲ့ အဝေးကန်ချက်နဲ့ အဖွင့်ဂိုးကို စောစီးစွာ သွင်းယူ ပေးခဲ့ပါသေးတယ် ။

ဒါပေမဲ့ ပွဲချိန် 31 မိနစ်မှ တိုင်လီမန်း ရဲ့ ခြေပဂိုး ၊ ပွဲချိန် 78 မိနစ်မှ ကတ်ဂလာ ဆိုယွန်ကူ ရဲ့ ဦးဆောင်ဂိုးတို့ကြောင့် ယူနိုက်တက်တို့ နောက်မှ ပြန်လိုက် ကစားခဲ့ရပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက်အတွက် ဒီရာသီရဲ့ ပထမဆုံး ပွဲစဥ်ကို လူစားဝင် ကစားခဲ့တဲ့ ရပ်ရှ်ဖို့ က ခြေပဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ရဲ့ အပျော်က ၁၅ စက္ကန့်သာ ခံခဲ့ပြီး လက်စတာ အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဂျေမီ ဗာဒီ က သွင်းယူသွားခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် မိနစ် 90 ကျော်မှာ လက်စတာ လူငယ်လေး ဒါကာ နောက်တစ်ဂိုး သွင်းယူခဲ့တဲ့အတွက် ပွဲစဥ်ဟာ 4 – 2 နဲ့ ပြီးဆုံးသွားခဲ့ရပါတယ် ။

အခြားတစ်ဖက်မှာတော့ ဒါဟာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဒုတိယမြောက် ဂိုးဖန်တီးမှု ဖြစ်ခဲ့ရပါတယ် ။ ဘရူနို ဖာနန်ဒက်စ်ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကိုယ်တိုင် 4 ဂိုးထိ သွင်းယူ ထားခဲ့ပြီး 2 ဂိုးအထိ ဖန်တီးပေးထားခဲ့ပါပြီ ။

ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့နောက် အသင်းရဲ့ သွင်းဂိုး ၊ ဖန်တီးမှုတွေနဲ့ အများဆုံး ပါဝင် ပတ်သက်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပြီး ယူနိုက်တက် အသင်းကို အဖက်ဖက်မှ အကျိုးပြု ပေးနိုင်ခဲ့ပါတယ် ။

ဒါကြောင့်လည်း သူဟာ အမြန်ဆန်ဆုံးပဲ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တစ်ဦး ဖြစ်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက်ဆီကို ရောက်လာခဲ့တဲ့နောက်ပိုင်း အသင်းရဲ့ ပွဲစဥ်တွေ အားလုံးနီးပါးကို ပွဲထွက် ကစားခွင့် ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့ရပါတယ် ။

 

ဒါ့ကြောင့် သူ့ကို ပွဲထွက် ကစားသမားစာရင်းမှ ချန်လှပ်လိုက်ဖို့ အကြောင်းကို ဘယ်သူမှ တွေးဖြစ်မှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အခုတော့ ယူနိုက်တက် နောက်ခံလူဟောင်း တစ်ဦးက ဒါကို လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း စတင်ပြောကြားလာခဲ့ပါပြီ ။

အခုလို ပြောလိုက်သူက အခြားသူတော့ မဟုတ်ပါဘူး ။ ယူနိုက်တက် အသင်း အတွက် 1993 ခုနှစ်မှ 1998 ခုနှစ် အထိ ကစားပေးခဲ့တဲ့ နောက်ခံလူဟောင်း ဂျွန်အိုကိန်း ပဲ ဖြစ်ပါတယ် ။ ကိန်း ကတော့ ဘရူနိုကို ပွဲထွက် စာရင်းမှ ချန်လှပ်လိုက်ခြင်းက ကစားပုံ ပိုကောင်းစေလိမ့်မယ်လို့ ယူဆနေတာပဲ ဖြစ်ပါတယ် ။

 

” မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားကွက်ကို ပိုကောင်းစေဖို့အတွက် ကစားသမား တစ်ဦးတစ်ယောက်ကို ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်လိုက်တာက ပိုကောင်းစေလိမ့်မယ်ဆိုတာ ဒီပွဲက သက်သေပါပဲ ။ အဲ့တာက ဘရူနို ဖာနန်ဒက်စ်ပါ ။ အခုလို ပြောရတာ စိုးရိမ်မိပါတယ် ” လို့ ဂျွန် အိုကိန်း က တွစ်တာမှာ ရေးတင်ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar