အက်စတွန်ဗီလာ ကို အနိုင်ရတဲ့ ပွဲအပြီး အာဆင်နယ် က ခေါင်းဆောင် သုံးဦးကို ချီးကျူးလိုက်တဲ့ စမစ်ရို

စမစ်ရို ဟာ ဒီတစ်ပတ် အက်စတွန်ဗီလာ အသင်းကို ၃-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်းကို အကောင်းဆုံး ဦးဆောင် ပေးနိုင်ခဲ့တဲ့ အော်ဘာမီယန်း ၊ ဘန်ဝှိုက် နဲ့ ဂါဘရီယဲလ် တို့ကို ချီးကျူး သွားခဲ့ပါတယ် ။

အက်စတွန်ဗီလာ နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အားရဖို့ ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသ ခဲ့ပြီး ပထမအပိုင်းပြီးမှာတင် ပါတေး ၊ အော်ဘာမီယန်း တို့ရဲ့ ဂိုးတွေနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ စမစ်ရို က အာဆင်နယ် အတွက် ဂိုးထပ် သွင်းပေးခဲ့ပြီး ဗီလာ အတွက် ချေပဂိုးကိုတော့ လူငယ် ကစားသမား ဂျာကောဘ့် ရမ်ဆေး က သွင်းယူ ပေးခဲ့တာပါ ။

ဗီလာ နဲ့ ပွဲမှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပြီး အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ စမစ်ရို က ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ” အရိုးသားဆုံး ပြောရရင် အသင်းမှာ ခေါင်းဆောင် အချို့ ရှိပါတယ် ၊ ကပ္ပတိန် အော်ဘာမီယန်း က အမြဲတမ်း ပြောဆိုတတ်သူပါ ၊ ဘန်ဝှိုက် နဲ့ ဂါဘရီယဲလ် လည်း တူတူပါပဲ ။ “

” ကျွန်တော်တို့ တစ်တွေ အတူတကွ စုစုစည်းစည်း ရှိနေရင် အသင်းက အင်အားတောင့်တင်းတာ အမှန်ပါပဲ ၊ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ ကြိုးစား ကူညီ ပေးလေ့ ရှိပါတယ် ။ “

” အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အတူ ကစားရတာက အိပ်မက်ဆန်တာထက်ကို ပိုပါတယ် ၊ဒါပေမယ့် ကွင်းထဲမှာ သူတို့နဲ့ အတူ တွဲဖက် ကစားရတာက တကယ့်ကို သိပ်ကောင်းပါတယ် ၊ ကျွန်တော်တို့ကြားမှာ အချိတ်အဆက် အရမ်းကောင်းနေပြီလို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဂယ်ရီနဗီးလ် ကတော့ အာဆင်နယ် က စီနီယာ ကစားသမားတွေဟာ တခြား အသင်းက စီနီယာ ကစားသမားတွေထက် တစ်ဆင့် နိမ့်နေတယ်လို့ ခံစားရကြောင်း သုံးသပ် သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်းမှာ သိပ်ကို ထူးချွန် ကောင်းမွန်တဲ့ စီနီယာ ကစားသမားတွေ မရှိပါဘူး ။ ဒီနေ့ညမှာ လာကာဇက် ၊ အော်ဘာမီယန်း နဲ့ ဂါဘရီယဲလ် တို့ ကောင်းခဲ့ကြပါတယ် ။ ဒါပေမယ့် သူတို့က တခြားထိပ်တန်း အသင်းက စီနီယာ ကစားသမားတွေထက် တစ်ဆင့်နိမ့်နေတာပါပဲ ။ ဒါက သူတို့အတွက် ပြဿနာပါ ။ “

 

 

“သူတို့က ကစားသမားကောင်းတွေဆိုတာ သံသယဖြစ်ဖွယ်ရာ မရှိပါဘူး ၊ ဒါပေမယ့် တခြား ထိပ်သီးအသင်းတွေက သူတို့ နဲ့ နေရာတူ ကစားသမားတွေက တကယ့် ထိပ်သီး ကစားသမားတွေ ဖြစ်နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM