ဝေဖန်သူတွေရဲ့ ပါးစပ်ပေါက်တွေကို ပိတ်ဆို့နိုင်စွမ်း ရှိသေးတယ်လို့ ​လှလှပပ တုန့်ပြန်လိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက်တို့ လီဗာပူး အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဧည့်ခံ ကစားရမဲ့ ပွဲစဥ် မတိုင်မီ အင်တာဗျူး အစီအစဥ်မှာတော့ ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုက ဒီရာသီ ဝေဖန်သူတွေရဲ့ ပါးစပ်ပေါက်ကို ပိတ်နိုင်လိမ့်မယ်လို့ ယုံကြည််ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့ နောက်ဆုံး ရက်စွဲတုန်းက ဂျူဗင်တပ် အသင်းမှ ထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို တစ်ဖန်ပြန်ရောက်လာခဲ့သူပဲ ဖြစ်ပါတယ် ။ အဆိုပါ အချိန်က သူဟာ ပရီးမီးယားလိဂ်မှာ တောက်ပနိုင်ပါ့မလားဆိုပြီး ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါသေးတယ် ။

ဒါပေမဲ့ ရော်နယ်ဒို ကတော့ နယူးကာဆယ် အသင်းနဲ့ ရင််ဆိုင်ခဲ့ရတဲ့ ပထမဆုံး ပွဲစဥ်မှာပဲ နှစ်ဂိုး သွင်းယူပြီး ဝေဖန်သံတွေကို တိတ်ဆိတ်စေနိုင်ခဲ့ပါသေးတယ် ။ အခုတော့ သူဟာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ 9 ကြိမ် ပါဝင်် ကစားပေးထားခဲ့ပြီး 6 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ ရလဒ် တည်ငြိမ်မှု မရှိခဲ့တဲ့ အချိန် ၊ ရော်နယ်ဒို ရဲ့ ခံစစ်ပိုင်းကို လိုက်ပါ ကူညီပေးမှု အားနည်းနေခဲ့တဲ့နောက် သတင်းသုံးသပ်သူတွေဆီက ဝေဖန်သံတွေ တစ်စခန်း ပြန်ထလာခဲ့ရပါတယ် ။ အချို့ကတော့ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပိုကောင်းစေနိုင်မှာ မဟုတ်ဘူးလို့ပါ ဝေဖန်ခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ အတ္တလန္တာ အသင်းနဲ့ ပွဲစဥ်တုန်းက ခံစစ်ပိုင်းထိ လိုက်ဆင်းပြီး ကူညီပေးခဲ့သလို အနိုင်ဂိုးကိုပါ သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုကတော့ ဘယ်အချိန် ခံစစ် ဆင်းကူရမလဲဆိုတာ သူလည်းသိကြောင်း ၊ ဝေဖန်ခံရမှုတွေက ရိုးနေပြီ ဖြစ်ကြောင်း ၊ ဝေဖန်တဲ့ ပါးစပ်ပေါက်တွေကို ပိတ်နိုင်စွမ်း ရှိသေးကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ခံစစ်ပိုင်းမှာ အသင်းဟာ ဘယ်အချိန် ကျွန်တော့်ဆီက အကူအညီ လိုအပ်မလဲဆိုတာ ကျွန်တော် ​ကောင်းကောင်း သိပါတယ် ။ အသင်းမှာ ကျွန်တော့်ရဲ့ အဓိကအခန်းကဏ္ဍ က အနိုင်ယူဖို့ပါ ။ အသင်းနိုင်အောင် ကူညီဖို့ ၊ ဂိုးတွေ သွင််းယူဖို့ပါ ။ ခံစစ်ဆင်းကူခြင်းက လုပ်ငန်းရဲ့ အစိတ်အပိုင််း တစ်ခုမျှပါပဲ ”

” ကျွန်တော့်ကို အဲ့ဒီလို မမြင်ချင်တဲ့သူတွေက ကျွန်တော့်ကို မနှစ်ခြိုက်ကြလို့ပါပဲ ။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ကျွန်တော် အသက် 36 နှစ် ရှိပါပြီ ။ ကျွန်တော် အရာရာတိုင်းကို ဆွတ်ခူးခဲ့ပြီးပါပြီ ။ ဒါဆို ကျွန်တော်နဲ့ ပတ်သက််လို့ မကောင်းတဲ့ အကြောင်းအရာတွေ ပြောဆိုနေတဲ့သူတွေနဲ့ ပတ်သက်လို့ ကျွန်တော် စိုးရိမ်ဖို့ လိုအပ်လား ? ”

” ကျွန်တော် ညဖက် ကောင်းကောင်း အိပ်ပျော်ပါတယ် ။ အိပ်ရာဝင်တဲ့ချိန် ကျွန်တော့်ရဲ့ အသိစိတ်က အမြဲတမ်းလိုပဲ ​ကောင်းမွန်နေဆဲပါ ။ ကျွန်တော်ကတော့ အခုအတိုင်းပဲ ရှေ့ဆက်သွားမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဝေဖန်သူတွေရဲ့ ပါးစပ်ပေါက်တွေကို ပိတ်ဆို့ပြီး အောင်မြင််မှုတွေကို ရယူနိုင်စွမ်း ရှိနေဆဲဆိုတာ သိနေလို့ပါပဲ ”

” ဝေဖန်မှုဆိုတာက ဘောလုံးလောကမှာ ကြုံတွေ့နေကျ အရာတစ်ခုပါ ။ အဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော် မစိုးရိမ်ပါဘူး ။ ဝေဖန်မှုတွေ ရှိနေတာက ကောင်းတယ်လို့တောင် ကျွန်တော်က တွေးတောနေခဲ့သူ တစ်ဦးပါ ။ သူတို့တွေက စိုးရိမ် နေတယ် ၊ ကျွန်တော့် အကြောင်း ပြောနေကြတယ်ဆိုတာက ကျွန်တော် ဘယ်လောက်အထိ လုပ်နိုင်စွမ်း ရှိသလဲ ၊ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ သိနေကြလို့ပါပဲ ”

” ကျွန်တော်အတွက် အဓိက အကျဆုံး အချက်တစ်ခုက ကျွန်တော် ပျော်ရွှင်နေသေးတယ် ၊ ဘောလုံးကို ပျော်ရွှင်ခံစားနေတယ် ဆိုတာပါပဲ ။ ကျွန်တော့် ဘဝမှာ ဆုဖလားတွေ ဘယ်လောက်ထိ ဆွတ်ခူးခဲ့သလဲဆိုတာက အရေးမကြီးပါဘူး ၊ ကျွန်တော်ဟာ တက်ကြွမှုတွေ ရှိနေသေးဆဲပါပဲ ” လို့ ရော်နယ်ဒိုက ဝေဖန်သံတွေကို လှလှပပ တုန့်ပြန်သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar