“ဝေဖန်စမ်းပါ ၊ ကျွန်တော်ကတော့ ဂရုစိုက်မနေပါဘူး” – ခရစ္စတီယာနို ရိုနယ်ဒို

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို က သူ့အနေနဲ့ ဝေဖန် ပြစ်တင် ပြောဆိုမှုတွေ ကို ဂရုစိုက် ခေါင်းထဲ ထည့်နေမှာ မဟုတ်ဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ နည်းပြ ဆိုးရှား တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ က ရလဒ်တွေ ကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ကြရပါတယ် ။

ဒီလို ဝေဖန်သူတွေ ထဲမှာ ယူနိုက်တက် ဂန္ထဝင်တွေပင် ပါဝင် ခဲ့ကြပြီး မဟာပြိုင်ဘက် လီဗာပူးကို အိမ်ကွင်းမှာ ၅-၀ နဲ့ ရှုံးနိမ့်ခဲ့မှုဟာ ဝေဖန်ခံရမှုတွေရဲ့ အဓိက အကြောင်းအရာ ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် မနေ့ညကမှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရှုံးနိမ့်မှုကနေ ပြန်လည် ရုန်းထ ခဲ့ပြီး လန်ဒန် ကို သွားရောက်ကာ တော့တင်ဟမ် ဟော့စပါး ကို ၃ ဂိုးပြတ် အနိုင် ကစားသွား ခဲ့ပါတယ် ။

ရိုနယ်ဒို ဟာ ဒီပွဲမှာ ခြေစွမ်းပြ ခဲ့ပြီး အဖွင့်ဂိုးကို သွင်းပေးခဲ့ သလို ဒုတိယဂိုး ကိုလည်း ဖန်တီးပေး သွားခဲ့ ပါတယ် ။

ဒီနိုင်ပွဲကြောင့် ဆိုးရှား ရော ယူနိုက်တက် အသင်းသားတွေပါ ဖိအား အတန်ငယ် လျော့ကျ သွားခဲ့ ပေမယ့် ချန်ပီယံ ပြေးပွဲထဲကို ပြန်ဝင်လာဖို့ အတွက်ကတော့ လိုအပ်နေဆဲ ဖြစ်ပါတယ် ။

“ဝေဖန်သံတွေက အမြဲ ရှိနေမှာ ပါပဲ” လို့ ရိုနယ်ဒို က ပွဲအပြီးမှာ မန်ယူနိုက်တက် ဝက်ဘ်ဆိုက် ကနေ ပြောဆို ခဲ့ ပါတယ် ။

“ဘောလုံး လောကမှာ ကျွန်တော် ကစားလာတာ ၁၈ နှစ် ရှိပါပြီ ။ ဒါတွေက ( ဝေဖန်မှုတွေ ) ကျွန်တော့ကို စိတ်အနှောက်အယှက် မပေးတော့ ပါဘူး ။

လူတွေက ဒီလိုပါပဲ ၊ တနေ့မှာ ကျွန်တော်တို့ ကစားတာ အရမ်းမိုက်တယ် လို့ ပြောကြမယ် ၊ နောက်တနေ့ ကျရင်တော့ ကျွန်တော်တို့တွေကို သုံးစားလို့ကို မရဘူးလို့ ပြောကြပြန် ပါတယ် ။

ဒီဝေဖန်မှုတွေကို ကျွန်တော်တို့ ရင်ဆိုင် ဖြေရှင်းနိုင်ရ ပါမယ် ။ ဝေဖန်သံတွေကို ဂရုမစိုက်ဘူး ဆိုပေမယ့် ဝေဖန်တာထက် ချီးကျူးခံရတာက ပိုပြီး ပျော်ရွှင်စရာ ကောင်းတယ်ဆိုတာ ကိုတော့ မေ့ထားလို့ မရပါဘူး”

“ဘ၀ မှာ ဒီလိုပဲ ခါးသီးတဲ့ အခိုက်အတန့်တွေကို ကြုံရမှာပါ ။ ဒါတွေကို နောက်မှာ ချန်ထားခဲ့ပြီး ပိုကောင်းတဲ့ ပြောင်းလဲမှုတွေ နဲ့ ရှေ့ဆက် ရမှာပါပဲ ။

ဒီကနေ့ ပွဲမှာ ကျွန်တော်တို့ လုပ်နိုင် ခဲ့တဲ့ ပြောင်းလဲမှုမျိုးတွေပေါ့ ။

အသင်းက ဖိအား န့ည်းနည်း ရှိနေပါတယ် ။ နည်းနည်းလည်း စိတ်မကောင်း ဖြစ်နေကြပါတယ် ။ ဒါပေမယ့် ဒီနေ့ မှာတော့ ကျွန်တော်တို့ အဖြေထုတ်ပေး လိုက်ပါပြီ ။

ပွဲကောင်း တပွဲကို ကျွန်တော်တို့ ကစားပြနိုင်ခဲ့ ပါတယ် ။ ကျွန်တော့အမြင် မှာတော့ အသင်းရဲ့ ကစားပုံက တကယ်ကောင်းခဲ့ပါတယ်” လို့ ရိုနယ်ဒို က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ပထမပိုင်း ၃၉ မိနစ် မှာ ဖာနန်ဒက်စ် မ တင် ပေးလိုက်တဲ့ ဘောလုံး ကို ထောင့်ကျဉ်း အနေအထား ကနေ အဆုံးသတ်ပြီး ယူနိုက်တက် ကို အဖွင့်ဂိုး ရယူပေးခဲ့ ပါတယ် ။

ဒီဂိုးမှာ ရိုနယ်ဒို ဟာ စပါး နောက်ခံလူ နဲ့ အပြိုင် ခေါင်းယှဉ် မတိုင်ဘဲ ( ခေါင်းတိုက်ချက် မထိမှာကို ) စောင့်ဆိုင်း နေခဲ့ကာ ဘောလုံး ရောက်လာချိန် မှာတော့ ညာခြေနဲ့ ထိထိ မိမိ ကန်သွင်းယူ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီဘောလုံးဟာ စပါး ဂိုးသမားကြီး လိုရစ် ရဲ့ ညာဘက် ထောင့်ထဲ ကို တန်းဝင် သွားခဲ့ပြီး Sky Sports ကနေ တင်ဆက် နေတဲ့ စပါး နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒီဖိုး ရဲ့ ချီးကျူးမှုကို ရရှိ စေခဲ့ ပါတယ် ။

“ဒီဂိုး က တကယ့်ကို မယုံကြည် နိုင်စရာပါပဲ ။ ရိုနယ်ဒို ရဲ့ အရွေ့ ၊ ဖြတ်တင်လိုက်တဲ့ ဘောလုံး လမ်းကြောင်း ၊ ကန်ချက် နဲ့ ဘောလုံးထွက်သွားပုံတွေ က တကယ့်ကို ပြီးပြည့်စုံ ခဲ့ပါတယ် ။

ရိုနယ်ဒို က ကန်လို့ အကောင်းဆုံး ပုံစံ ဖြစ်အောင် တလှမ်း ဆုတ်လိုက်တာ ၊ ဘောလုံး ကျလာမှာကို မှန်းဆ နိုင်တာတွေ က တကယ့်ကို ပြောင်မြောက် ခဲ့ပါတယ် ။ လူငယ်တွေ အတွက် အတုယူစရာ ဂိုးတဂိုး ပါပဲ” လို့ ဂျာမိန်း ဒီဖိုးက ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ အဖြစ် အီတလီ ကလပ် အတ္တလန်တာ ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပြီး အဆိုပါ ပွဲ အပြီး လာမယ့် ပိတ်ရက် မှာတော့ မြို့ခံ ပြိုင်ဘက် မန်စီးတီး နဲ့ မန်ချက်စတာ ဒါဘီ ကို ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR