လူငယ် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အန်ခီတီးယား နဲ့ ဘာလိုဂန် တို့ရဲ့အနာဂတ် နဲ့ ပတ်သက်ပြီး ပြောကြာလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ လိဒ်ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ခါရာဘောင်းဖလား စတုတ္တအဆင့် ပွဲစဉ်မှာ လူငယ် တိုက်စစ်မှူး အန်ခီတီးယားကို ပွဲထွက် ကစားခွင့် ပေးခဲ့ပေမယ့် ဘာလိုဂန် ကတော့ ကစားခွင့် မရခဲ့ပါဘူး ။

အန်ခီးတီးယား ဟာ သူ့အပေါ် နည်းပြ အာတီတာ ရဲ့ ယုံကြည်မှုကို သွင်းဂိုး တစ်ဂိုး နဲ့ သက်သေ ပြနိုင်ခဲ့ပြီး ခါရာဘောင်းဖလား ၈ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၇ ဂိုး အထိ ရှိလာခဲ့ပါပြီ ။ ပွဲအပြီးမှာတော့ အာတီတာ ဟာ လူငယ် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အန်ခီတီးယား နဲ့ ဘာလိုဂန် တို့ရဲ့အနာဂတ် နဲ့ ပတ်သက်ပြီး ဆွေးနွေး သွားခဲ့ပါတယ် ။

ဘာလိုဂန် ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ဖြစ်တဲ့ ဘရန့်ဖိုဒ့် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် ပွဲထွက် ကစားခွင့် ရခဲ့ပြီးကတည်းက ပွဲထွက် ကစားခွင့် ရတော့ခြင်း မရှိဘဲ ယူ၂၃ အသင်းမှာပဲ သွားကစား နေရသူ ဖြစ်ပါတယ် ။

အာတီတာ က ဘာလိုဂန် ရဲ့ အနာဂတ် နဲ့ ပတ်သကိပြီး ” ဘာဖြစ်လာမလဲ ဆိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့ဗျာ ၊ ဖလို(ဘာလိုဂန်) နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆီမှာ ခိုင်မာတဲ့ အစီအစဉ်တွေ ရှိနေပြီးသားပါ ။ ”

” ကစားသမား ကိုယ်တိုင်ကလည်း မှန်ကန်တဲ့ လမ်းကို လျှောက်လမ်း နေနိုင်ပါတယ် ။ သူက အသက်ငယ်သေးတယ်ဆိုတာ မေ့ထားလို့ မရပါဘူး ၊ ပရော်ဖက်ရှင်နယ် ပွဲတွေ အများကြီး ကစားဖူးခြင်း မရှိသေးပါဘူး ၊ ကစားသမား ဘဝ အဆင့်တက်လှမ်းရာမှာ အဆင့်တိုင်းကို ကျော်ဖြတ်ရမှာပါ ၊ အဆင်သင့် မဖြစ်သေးချိန် အဆင့်ကျော်ပြီး ကစားလို့ မရပါဘူး ။ ”

” နောက်ထပ်ပြောရရင် ဘာလိုဂန် နဲ့ ပတ်သက်ပြီး ကျေနပ်မှု ရှိပါတယ် ၊ သူ့ရဲ့ တိုးတက်မှုက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ် ၊ လာမယ့် ဒီဇင်ဘာလမှာ ကျွန်တော်တို့ ဘယ်လို အနေအထား ရှိသလဲ ဆိုတာ စောင့်ကြည့်ပြီး သူ့အတွက် အကောင်းဆုံး ဖြစ်မယ့်အရာကို လုပ်ဆောင် သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် အာတီတာ က လိဒ် နဲ့ ပွဲမှာ အန်ခီးတီးယား ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီးလည်း ” သူ့ရဲ့ လုပ်နိုင်စွမ်းအပေါ် ကျွန်တော် ဘယ်တုန်းကမှ သံသယ မဖြစ်ခဲ့ပါဘူး ၊ သူ့ကို ဘယ်လို တာဝန်ပဲပေးပေး သူက အကောင်းဆုံး ထမ်းဆောင် နိုင်ပါတယ် ၊သူ စွမ်းဆောင်ရည်ကောင်း​တွေ ပြသပြီး သွင်းဂိုး တစ်ဂိုးနဲ့ အသင်းကို ကူညီ ပေးနိုင်ခဲ့ပါတယ် ၊ သူ့အတွကိ တကယ့်ကို ထိုက်တန်မှု ရှိပါတယ် ။ ”

” ဒါပေမယ့် အသင်းမှာ သူနဲ့ နေရာတူ ကစားသမားတွေ များပြားနေပါတယ် ၊ ဒါပေမယ့် ပွဲထွက်ကစားခွင့်နဲ့ ထိုက်တန်တာကြောင့် သူ့ကို ပွဲထွက်ခွင့် ပေးအပ်ခဲ့တာပါ ၊ အန်ခီတီးယား ရဲ့စာချုပ်သစ် အခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြောစရာ မရှိသေးပါဘူး ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

SM