လူကာကူ ၊ ဗာနာတို့ရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း အသိပေးရင်း ၊ လူကာကူကို အနားမပေးပဲ ဆက်သုံးခဲ့လို့ နောင်တရမှု ရှိမရှိ ဖြေကြားခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် တတိယမြောက်ပွဲမှာ ဆွီဒင် အမှတ်ပေး ချန်ပီယံ မယ်လ်မို အသင်း ကို သက်တောင့်သက်သာ ကစားရင်း ၊ ၄ – ၀ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ် ။ ဒါဟာ ပြတ်ပြတ်သားသား မနိုင်တာ ကြာပြီ ဖြစ်တဲ့ ချဲလ်ဆီး အတွက် တိုက်စစ် အရှိန် တရပ်ကို အခြေပြန်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ရှုထောင့် မျိုးစုံကနေ အားရစရာကောင်းတဲ့ အချက် များစွာ မြင်တွေ့ခဲ့ရပေမယ့် ၊ အဓိက တိုက်စစ်မှူး ၂ဦးဖြစ်တဲ့ ရိုမီလူ လူကာကူနဲ့ တီမို ဗာနာတို့ ထိုပွဲရဲ့ ပထမပိုင်း အတွင်းမှာ ဒဏ်ရာ အသီးသီး ရသွားခဲ့တာက ချဲလ်ဆီး အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ် ။

ကံကောင်းတာက အောက်တိုဘာလ အတွင်း ချဲလ်ဆီး အသင်း ဟာ ပွဲအများစု ချောင်နေပြီး ၊ လွယ်ကူတဲ့ ပြိုင်ဖက် အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတာကြောင့် ၊ လူကာကူ ၊ ဗာနာတို့ ထိုပွဲ အချို့ကို မပါဝင်ပေးနိုင်ခဲ့ရင်တောင် ၊ ကြီးကြီးမားမား ပြဿနာ ဖြစ်လာဖွယ် မရှိနိုင်ပါဘူး ။

သို့ပေမယ့် ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ နောက်ဆုံး ၇ပွဲဆက် ဂိုးပေါက် ပျောက်နေတဲ့ လူကာကူ ကို အနားပေးခဲ့သင့်တယ်လို့ ချဲလ်ဆီး ပရိသတ် အများစု က ယူဆခဲ့ကြပါတယ် ။ ထိုကဲ့သို့ အနားမပေးခဲ့တဲ့ အကျိုးဆက်ကြောင့် လူကာကူ ဟာ ဒီဒဏ်ရာကို ရခဲ့တာလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က လူကာကူ ၊ ဗာနာတို့ရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ အကြောင်းနဲ့ ပတ်သက်ပြီး ” ကျွန်တော် ဟာ ခင်ဗျားတို့ထက် ဒီ ဒဏ်ရာ အကြောင်းတွေကို ပိုပြီး မသိနေပါဘူး ။ ရိုမီလူ ကတော့ ပင်နယ်တီ ဧရိယာ အတွင်း ပြစ်ဒဏ် ကျူးလွန်ခံခဲ့ရခြင်းကနေ ခြေကျင်းဝတ် အဆစ်လည်သွားခဲ့ပုံပါ ။ ”

” တီမို ကတော့ ပေါင်ခြံဒဏ်ရာ ရသွားခဲ့တာပါ ။ သူတို့ ဒဏ်ရာ က ပြန်ကောင်းလာဖို့ အချိန် နည်းနည်းယူဖို့တော့ လိုပါလိမ့်မယ် ။ ပိုပြီး တိကျတဲ့ အဖြေ ထွက်လာဖို့ ၊ ကျွန်တော်တို့ နောက်ထပ် ဆေးစစ်မှုတွေ ထပ်မံ ပြုလုပ်သွားဦးမှာပါ ။ ဒါပေမယ့် သူတို့ ၂ယောက်လုံး လာမယ့် ပွဲအနည်းငယ်ကို လွဲချော်မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က လူကာကူ ကို မနေ့ည က ပွဲမှာ ထုတ်သုံးခဲ့လို့ ၊ နောင်တမရတဲ့ အကြောင်းကို ” ဒါဖြစ်မှာကို ကြိုသိခဲ့ရင် ၊ ကျွန်တော် ရိုမီလူ ကို သုံးတောင် သုံးခဲ့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ခင်ဗျား ဟာ ဘယ်အချိန် ဘာဖြစ်မယ် ဆိုတာကို မသိနိုင်တဲ့ အတွက် ၊ ပုံမှန် ကစားရဖို့ ၊ စွမ်းဆောင်ရည်ကောင်း ပြန်ပြနိုင်ဖို့က သူ့အတွက် လိုအပ်ခဲ့ပါတယ် ။ ”

” ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် သူနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ ။ သူ့ကို ကြည့်ရတာ စိတ်ပင်ပန်းနွမ်းနယ်မှု အနည်းငယ် ရှိနေတဲ့ပုံပါ ။ ကျွန်တော် ကတော့ ဒါဟာ ပုံမှန်လို့ပဲ ထင်ပါတယ် ။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ အသင်းရဲ့ နံပါတ် ၉ ကစားသမား ဖြစ်ပြီး ၊ တိုက်စစ် အတွက် ပုံဆောင် သင်္ကေတလည်း ဖြစ်ပါတယ် ။ ”

” စိတ်ပင်ပန်းနွမ်းနယ်မှု ကို အကောင်းဆုံး ချေဖျက်ဖို့ နည်းလမ်း တခု က သွင်းဂိုး တဂိုး အမြန်ဆုံး ပြန်ရဖို့ ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီနေ့မှာ မေဆင်နဲ့ တီမို ကို သူ့အနားမှာ တွဲထားပေးချင်ခဲ့တာပါ ။ ရိုမီလူ ဟာ ဒီ ချန်ပီယံလိဂ် ပွဲကနေ အရင်လို ပြတ်သားမှု ၊ ယုံကြည်မှုတွေ ပြန်ရလာမယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ် ။ ”

” သူဟာ ပြိုင်ဖက် ကစားသမားရဲ့ ပြစ်ဒဏ် ကျူးလွန်ခြင်းကို ခံခဲ့ရတာကြောင့် ၊ ကျွန်တော်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ၊ ၂ – ၀ ဖြစ်ခဲ့တာပါ ။ ဒီလိုမှ မဟုတ်ရင် ပထမပိုင်းမှာ ၂ဂိုး ရချင်မှ ရခဲ့မှာ ဖြစ်ပါတယ် ။ ဒီတော့ သူ့ကို အနားမပေးပဲ သုံးခဲ့လို့ ကျွန်တော် နောင်တ မရခဲ့ပါဘူး ။ ”

 

” ဒါဟာ ကြွက်သား ဒဏ်ရာ ၊ ဒါမှမဟုတ် ၊ ပွဲပန်းဒဏ်ကြောင့် နုံးသွားတာ ဖြစ်နိုင်ပါတယ် ။ ဒါက ကျွန်တော့ရဲ့ အမြင်ပါ ။ မှန်ချင်လည်း မှန်မယ် ၊ မှားချင်လည်း မှားနိုင်ပါတယ် ။ ဒါပေမယ့် ဒီပွဲ ဟာ သူ့ရဲ့ ယုံကြည်မှု အတွက် အထောက်အကူ ပေးနိုင်တဲ့ ပွဲဖြစ်တယ်လို့ ယူဆခဲ့တာကြောင့် ၊ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို နောင်တမရပါဘူး ။ ဒါက ကံဆိုးခဲ့တာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR