လီဗာပူး နည်းပြဘ၀ နိုင်ပွဲ 200 ပြည့်မြောက်သွားတဲ့ ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် ဟာ ယူနိုက်တက် ကို အနိုင်ယူခဲ့တဲ့ ပွဲအပြီးမှာတော့ သူ့ရဲ့ အန်ဖီးလ် နည်းပြ ဘ၀ နိုင်ပွဲပေါင်း 200 ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ အဲဒီလို နိုင်ပွဲ အရေအတွက်မျိုး ရရှိဖို့ ပွဲပေါင်း 331 ပွဲသာ ကိုင်တွယ်လိုက်ရတာကြောင့် ၊ ကလပ် သမိုင်းထဲက ဂန္တဝင် နည်းပြကြီးတွေ ဖြစ်တဲ့ ဘော့ ပေစလေ ၊ ကင်နီ ဒဲလ်ဂလစ်ရှ် တို့ကို ကျော်လွန်ကာ ပွဲအရေအတွက် အနည်းဆုံး စံချိန် နဲ့ နိုင်ပွဲ 200 ပြည့်မြောက်ခဲ့ပါတယ်။

လီဗာပူး အတွက် နိုင်ပွဲ 200 ပြည့်ရရှိအောင် စွမ်းဆောင်ပြခဲ့တဲ့ နည်းပြတွေရဲ့ မှတ်တမ်းများ –

ကလော့ပ် – 331 ပွဲ ကိုင်
ဒဲလ် ဂလစ်ရှ် – 333 ပွဲ ကိုင်
ဘော့ ပေစလေ – 345 ပွဲ ကိုင်
ရှန်ကလေ – 380 ပွဲ ကိုင်
ဝပ်ဆွန် – 431 ပွဲ ကိုင်

အိုးထရက်ဖို့ဒ် မှာ မဟာပြိုင်ဘက်ကြီး ကို 5 ဂိုး ပြတ် နဲ့ အနိုင်ယူပြခဲ့တဲ့ ကလော့ပ် ဟာ လီဗာပူး သမိုင်းကြောင်း တလျှောက် ယူနိုက်တက် ကို လိဂ်ပွဲ 7 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ပြတဲ့ ပထမဆုံး နည်းပြ အဖြစ်လဲ မှတ်တမ်းကောင်း ရေးထိုးသွားခဲ့ ပါတယ်။

လက်ရှိမှာ လီဗာပူး ရဲ့ ပြိုင်ပွဲပေါင်းစုံ ရှုံးပွဲ မရှိတဲ့ မှတ်တမ်းက 21 ပွဲဆက် အထိ ရှိလာခဲ့ပါပြီ။ ဒီမှတ်တမ်းဟာ အင်္ဂလန် ဘောလုံးကလပ်တွေ အားလုံးထဲမှာ လက်ရှိ ထိန်းထားနိုင်တဲ့ အကောင်းဆုံး မှတ်တမ်းမျိုး ဖြစ်ပြီး ၊ ပရီးမီးယားလိဂ် မှာလဲ ရှုံးပွဲ မရှိသေးတဲ့ တခုတည်းသော အသင်းအဖြစ် ရပ်တည်လျှက် ရှိနေပါတယ်။

 

ဒါ့အပြင် ဥရောပ ထိပ်သီး ကလပ်တွေ အားလုံးထဲမှာလဲ လီဗာပူး ဟာ ပြိုင်ပွဲပေါင်းစုံ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ တခုတည်းသော အဖြစ် အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဂျာမန် ဘီလူးကြီး ဘိုင်ယန် မြူးနစ် ၊ ပြင်သစ်က ကမ္ဘာကျော် ဒိတ်ဒိတ်ကျဲ ကစားသမားတွေ စုဝေး နေတဲ့ ပီအက်စ်ဂျီ ၊ အီတလီ မှာ ခြေမှန်နေတဲ့ နာပိုလီ တို့တောင် ရှုံးပွဲတွေ ကြုံတွေ့ထားကြချိန်မှာ ၊ ကလော့ပ် ကတော့ အခုထိ ရှုံးပွဲ လုံး၀ မရှိအောင် ထိန်းထားနိုင်တာ ချီးကျူး ရမှာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ အခုလို နိုင်ပွဲ 200 ပြည့်မြောက်ဖို့ အတွက် စုစုပေါင်း 331 ပွဲ ကိုင်တွယ်ခဲ့ရသလို ၊ အဲဒီ ပွဲစဉ်တွေမှာ စုစုပေါင်း သွင်းဂိုး က 684 ဂိုး အထိ ရှိခဲ့ပြီး ၊ ပေးဂိုး 335 ဂိုး ရှိခဲ့ပါတယ်။ ဒီကာလ အတွင်း အောင်မြင်မှုတွေကို ဆွဲထုတ်ကြည့်လိုက်ရင် ချန်ပီယံလိဂ် ဖလား ၊ ပရီးမီးယားလိဂ် ဖလား ၊ ဥရောပ စူပါ ဖလား နဲ့ ကမ္ဘာ့ ကလပ် ချန်ပီယံများ ဖလားတွေကို ဆက်တိုက်သိမ်းပိုက် နိုင်ခဲ့ပါတယ်။

မနှစ်က ဘောလုံးရာသီမှာ ဆိုရင် အဓိက ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဂိုးမက်ဇ် ၊ မာတစ် တို့ ဒဏ်ရာ ပြသနာတွေ နဲ့ ရုန်းကန်ခဲ့ရသည့်တိုင်အောင် ပရီးမီးယားလိဂ် တတိယ နေရာ အထိ ရပ်တည်နိုင်အောင် စွမ်းဆောင်ပြခဲ့ပါတယ်။

ဒီရာသီမှာတော့ အဆိုပါ ကစားသမားတွေ အားလုံး ပြန်လည် ကစားပေးနိုင်ခြင်း နဲ့ အတူ ရလာဒ်တွေ ဆက်တိုက် တည်ငြိမ်လျှက် ရှိနေကာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်နေတဲ့ အပြင် ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆိုရင် မရဏ အုပ်စုတွင်း ကျရောက်နေသည့်တိုင်အောင် 100% နိုင်ပွဲ နဲ့ ရှေ့ဆက်လျှက် ရှိနေပါတယ်။

မနက်ဖြန်ညမှာတော့ ကလော့ပ် ရဲ့ လီဗာပူး ဟာ ပရက်စတန် အသင်းနဲ့ ကာရာဘောင် ဖလားပွဲစဉ် စတုတ္ထအဆင့် ကို ယှဉ်ပြိုင် ကစားသွားရမှာပါ။

SPORTS MYANMAR