လီဗာပူး ဂန္တဝင် ကစားသမားကြီးတွေတောင် မရဖူးသေးတဲ့ စံချိန် ကို ရယူပြသွားတဲ့ မိုဆာလာ

လီဗာပူး သမိုင်းကြောင်း တလျှောက်မှာ ကင်နီ ဒဲလ်ဂလစ်ရှ် ၊ အီယန် ရှပ်ရှ် ၊ ရော်ဂျာ ဟန့် တို့လို ဂန္တဝင် တိုက်စစ်မှုးကြီးတွေ အပြင် ကီဗင် ကီးဂန်း တို့လို ထိပ်တန်း တိုက်စစ်မှုးတွေပါ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

အဆိုပါ ကစားသမားကြီးတွေဟာ လီဗာပူး ရဲ့ အောင်မြင်မှုတွေကို တရစ်ပြီး တရစ် ထုဆစ်ပြခဲ့ကြသူတွေပါ။

မနေ့ညက အေတီကို နဲ့ ကစားအပြီးမှာတော့ လက်ရှိ တိုက်စစ် ကစားသမား မို ဆာလာ ဟာ အဆိုပါ ဂန္တဝင် ကစားသမားကြီးတွေတောင် ရယူနိုင်ခြင်း မရှိခဲ့တဲ့ စံချိန်သစ် တခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

သူဟာ ပွဲချိန် 10 မီးနစ် အတွင်းမှာပဲ ပြိုင်ဘက် ခံစစ် ကစားသမား 3 ယောက်ကို ဟန်ပြန် လှည့်ထွက်ကာ ဂိုးသွင်းယူ ပြခဲ့ပေမယ့် ၊ မေလ်နာ ရဲ့ လမ်းကြောင်း လွှဲပေးလိုက်မှုကြောင့် သူ့ရဲ့ ဂိုးအဖြစ် သတ်မှတ်ခံရခြင်း မရှိခဲ့ပါဘူး။ သို့သော် 2-2 အနေအထားမှာတော့ အသင်းအတွက် အဖိုးတန် အနိုင်ဂိုး ကို ပင်နယ်တီ ကနေ တဆင့် သွင်းယူ ပေးသွားခဲ့ ပါတယ်။

ဒီပင်နယ်တီ ဟာ ဂျော်တာကြောင့် ရရှိခဲ့တာ ဖြစ်ပြီး ၊ ဆာလာ က အမှားအယွင်း မရှိ ကန်သွင်းကာ ချန်ပီယံလိဂ်မှာ 100% နိုင်ပွဲကို ဆက်လက် ဆုပ်ကိုင်နိုင်စေခဲ့ပါတယ်။

 

ဒီသွင်းဂိုးကြောင့် အီဂျစ်သားကြီး ဟာ လီဗာပူး သမိုင်းကြောင်း တလျှောက် စတီဗင် ဂျရတ် သွင်းယူထားတဲ့ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး စံချိန်ကို 31 ဂိုး နဲ့ ကျော်ဖြတ်ပြလိုက်ပါတယ်။ ဒါ့အပြင် လီဗာပူး အတွက် 9 ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ်ပါ ထူးခြားတဲ့ မှတ်တမ်းတခုကို ပိုင်ဆိုင်သွားခဲ့ ပါတယ်။

သူဟာ အဲဒီ 9 ပွဲ အတွင်း စုစုပေါင်း 11 ဂိုး အထိ သွင်းယူပြခဲ့သလို ၊ ဂိုးဖန်တီး မှုကလဲ 2 ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ ပါတယ်။

အဲဒီလို စွမ်းဆောင်ရည်တွေကြောင့်ပဲ တစ်ကမ္ဘာလုံးက မီဒီယာတွေ ၊ အားကစား ပရိသတ်တွေက သူ့ကို လက်ရှိ ဘောလုံး လောက ရဲ့ အကောင်းဆုံး ဘောလုံး သမားအဖြစ်တောင် သတ်မှတ်ပေးထားကြတာပါ။

ဒီပွဲမှာ မို ဆာလာ တစ်ယောက်ပဲ ထူးခြားတဲ့ စံချိန် မှတ်တမ်းကို ရေးထိုးနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ လီဗာပူး အသင်း ကိုယ်တိုင်လဲ ပြိုင်ပွဲ ပေါင်းစုံ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း 8 ပွဲ ဆက်တိုက် 3 ဂိုး နဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလန် ဘောလုံး ကလပ် အဖြစ် မှတ်တမ်းကောင်း တခုကို စိုက်ထူသွားခဲ့ ပါတယ်။

ဒါ့အပြင် အေတီကို အသင်းကို သူတို့ အိမ်ကွင်းထဲမှာ 3 ဂိုး နဲ့ အထက် သွင်းယူပြနိုင်တဲ့ ပထမဆုံး ချန်ပီယံလိဂ် ပြိုင်ဘက် အသင်းအဖြစ်လဲ မှတ်တမ်း ရေးထိုးသွားခဲ့ပါသေးတယ်။

အင်္ဂလန် ကလပ်တွေထဲမှာတော့ အေတီကို ကို သူတို့ အိမ်ကွင်းမှာ အနိုင်ယူပြဖူးတဲ့ အသင်းက 2 သင်းသာ ပေါ်ပေါက်ထားပါသေးတယ်။ အဲဒီ အသင်းတွေက လက်ရှိ ဥရောပ ချန်ပီယံ ချဲဆီး နဲ့ လီဗာပူး တို့ ဖြစ်ပါတယ်။

ဒီပွဲ မှာ အနိုင်ရလာဒ် ကို ဆက်လက် ထိန်းထားနိုင်ခဲ့တာကြောင့် ယာဂန် ကလော့ပ် ရဲ့ အသင်းဟာ ဒီရာသီ ဥရောပ ထိပ်သီး အသင်းကြီးတွေထဲမှာ ပြိုင်ပွဲ ပေါင်းစုံ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ တခုတည်းသော ကလပ် အဖြစ် ဆက်လက် ရပ်တည်သွားခဲ့ပါတယ်။

အခု ဆိုရင် သူတို့ အသင်းဟာ ပြိုင်ပွဲပေါင်းစုံ ရှုံးပွဲ မရှိတာ စုစုပေါင်း 21 ပွဲ ရှိလာခဲ့ပြီ ဖြစ်ကာ 16 ပွဲ နိုင် ၊ 5 ပွဲ သရေ ရလာဒ် ထွက်ပေါ်ထားပါတယ်။

ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ဆိုရင် အေတီကို နဲ့ ပေါ်တို တို့ကို အိမ်ကွင်း အန်ဖီးလ်မှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ၊ မျှော်လင့်ချက် အတော်ကို နည်းပါးသွားပြီဖြစ်တဲ့ အေစီ မီလန် ကို အဝေးကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် လီဗာပူး ဟာ မရဏ အုပ်စုကနေ အုပ်စု ဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

SPORTS MYANMAR