လီဗာပူး ကို မကန်ခင် ကတည်းက အနိုင်ကစားထားချင်ပါတယ် #ဆီမြွန်နီ

မနက်ဖြန်ည 1.30 အချိန်မှာတော့ ယာဂန် ကလော့ပ် နဲ့ ဆီမြွန်နီ တို့အကြားက မကျေပွဲဟာ အေတီကို ကွင်းကြီးထဲမှာ ပြန်လည် ရင်ဆိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက် ဟာ 2020 ဖေဖော်ဝါရီ လ အတွင်းက ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီး ၊ အဲဒီ အချိန်က အေတီကို ဟာ အိမ်ရှင် ပရိသတ်တွေ ရဲ့ ရှေ့မှောက်မှာ 1-0 ရလာဒ် နဲ့ အနိုင် ရရှိခဲ့ဖူးပါတယ်။

နည်းပြ ဆီမြွန်နီ ကတော့ အဲဒီ ပွဲမကစားခင် အချိန်ကတည်းက သူတို့ ပရိသတ်တွေ ရဲ့ ရူးသွပ်တဲ့ အားပေးမှုတွေကြောင့် လီဗာပူး ကို အနိုင်ရမယ် ဆိုတာ ကြိုသိနေခဲ့တယ်လို့ ဆိုလိုက်ပြီး ၊ ဒီတကြိမ်မှာလဲ အလားတူ ပုံစံမျိုးတွေကို ပြန်လည် အမှတ်ရသွားချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ မနက်ဖြန်မှာ ကစားမယ့် ပွဲစဉ် အတွက် ဂျီမီးနပ် ၊ လိုရန်တီ ၊ ကူအန် တို့ဟာ ဘယ်လို ပုံစံမျိုး နဲ့ ပါဝင် ကစားပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။ ကျနော် ကတော့ သူတို့ အားလုံးဟာ ကြံ့ခိုင်မှု အပြည့်နဲ့ ပါဝင် ကစားပေးနိုင်ဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြီးရင် မက်ထရိုပိုလီတာနို ကွင်းကြီး တခုလုံးမှာလဲ အနီ နဲ့ အဖြူ အစင်းကျားတွေ အားလုံး ပြည့်နှက်နေတာမျိုးကို မြင်ချင်ပါတယ်။

နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့တုန်း က ဆိုရင် ကျနော်တို့ဟာ လီဗာပူး ကို မကစားခင် ကတည်းက အနိုင်ရထားခဲ့တယ် ဆိုတာ မေ့မပစ်စေချင်ပါဘူး။ ဒီတကြိမ်မှာလဲ အလားတူ ပုံစံမျိုးတွေ ပြန်ပြီး သတိရချင်ပါသေးတယ်။

မနက်ဖြန်မှာ လေ့ကျင့်ခန်း အစီအစဉ်တွေ ရှိနေသေးတာ ဖြစ်လို့ ၊ ဘယ်သူတွေ အဆင်သင့်ဖြစ်နေမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။ ကျနော် ကတော့ လီဗာပူး နဲ့ ပွဲ အတွက် အပြည့်အ၀ ကို အာရုံစိုက်နေပါပြီ။

ဒီလို ပြင်ဆင်မှုမျိုးတွေ လွန်ခဲ့တဲ့ 10 နှစ် လုံးလုံး လုပ်ဆောင်ခဲ့တာ ဆိုပေမယ့် ၊ လက်ရှိမှာတော့ လီဗာပူး နဲ့ ပွဲကိုပဲ ခေါင်းထဲ ထည့်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လက်ရှိ လီဗာပူး ဟာ ပြိုင်ပွဲပေါင်းစုံ လုံး၀ ရှုံးပွဲ မရှိသေးသလို ၊ နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲ မှာလဲ တိုက်စစ် က 12 ဂိုး အထိ သွင်းပြထားတာပါ။ ဒါ့အပြင် ဒီရာသီ ပြိုင်ပွဲ ပေါင်းစုံ ကစားခဲ့တဲ့ 11 ပွဲမှာလဲ 33 ဂိုး သွင်းယူ ထားပါသေးတယ်။

အဲဒီ စွမ်းဆောင်ရည်တွေကြောင့်ပဲ ဆီမြွန်နီ က လီဗာပူး ရဲ့ ကစားပုံဟာ စောင့်ကြည့်ချင်စရာ ကောင်းလွန်းတယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ချဲဆီး ၊ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ ပုံစံကောင်းတွေကို ရရှိနေကြတာပါ။ သူတို့မှာ အခြား အသင်းတွေ နဲ့ မတူ ဟန်ချက်ညီမှုတွေ ပိုင်ဆိုင်နေသလို ၊ ကစားပုံကလဲ စောင့်ကြည့်ချင်စရာ ကောင်းလွန်းပါတယ်။

လီဗာပူး ရဲ့ ရွေးလျားကစားပုံက လျှင်မြန်မှု ရှိပြီး ၊ နောက်တန်းမှာ နေရာလွတ်တွေ ချန်ထားခဲ့ရမှာ နဲ့ ပတ်သက်ပြီးတော့လဲ စိုးရိမ်စိတ် မရှိပါဘူး။

ဗန်ဒိုက် ပြန်ကစားပေးနိုင်တာက ခံစစ်အတွက် ပိုပြီး စိတ်ချရသလို ၊ တိုက်စစ်ဖွင့် ကစားချင်တဲ့ လီဗာပူး အတွက် အများကြီးလဲ အထောက်အပံ့ဖြစ်ပါတယ်။

ပြောရရင် ထိပ်တန်း ကစားသမားတွေ နဲ့ စုဖွဲ့ပြီး ၊ ကိုယ်ပိုင် ကစားဟန် အပြည့် ပိုင်ဆိုင်ထားတဲ့ အသင်းမျိုးပေါ့။ ကျနော် တို့ကလဲ သူတို့ကို ဒုက္ခပေးနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေ သွားမှာပါ။

အဲဒီလို လုပ်ဆောင်ဖို့ ဆိုရင် သူတို့ ရဲ့ ကစားနှုန်းအတိုင်း လိုက်ပါ ကစားပေးနိုင်ဖို့ လိုအပ်သလို ၊ ကိုယ့်အတွက် ရရှိလာမယ့် အခွင့်အရေးတွေကိုလဲ အသုံးချနိုင်ဖို့ လိုပါတယ်။

မနက်ဖြန်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR