လီဗာပူးနဲ့ မန်စီးတီးတို့ အမှတ်လျော့ခဲ့ခြင်း အပေါ် တုန့်ပြန် ပြောဆိုခဲ့တဲ့ တူချယ်

 

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီး အသင်း ဟာ ကလပ်ပိုင်ရှင်နဲ့ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ အဆင့် ၁၉ နေရာက နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး ၊ ဒုတိယပိုင်း က သွင်းဂိုး ၃ဂိုးနဲ့ ဂိုးပြတ် နိုင်ပွဲ တပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ် ။

ဒီနိုင်ပွဲ ဟာ အနီးကပ် ပြိုင်ဖက် လီဗာပူးနဲ့ မန်စီးတီး အသင်းတွေ အမှတ် ကိုယ်စီ လျော့ခဲ့လို့ ၊ ပိုပြီး ချိုမြိန်ခဲ့ရပါတယ် ။ ချဲလ်ဆီးနဲ့ အတူ တချိန်တည်း အတူ ကစားခဲ့ရတဲ့ လီဗာပူး ဟာ ဘရိုက်တန်ကို အိမ်ကွင်း အမ်းဖီးလ်မှာ တဖက် ၂ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ၊ မန်စီးတီး ဟာလည်း ခရစ်စတယ် ပဲလေ့စ်ကို အိမ်ကွင်း အီတီဟတ်မှာ ၀ – ၂ ရလဒ်နဲ့ မထင်မှတ်ပဲ အရေးနိမ့်ခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး ဟာ ဒုတိယ နေရာက လီဗာပူးကို ၃မှတ်ဖြတ် ၊ တတိယ နေရာက မန်စီးတီးကို ၅မှတ် အထိ ဖြတ်ကာ ၊ အမှတ်ပေးဇယား ကို လွတ်လွတ်ကျွတ်ကျွတ် စတင် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ လာမယ့် ပွဲစဉ် အနည်းငယ်မှာလည်း ချဲလ်ဆီးတို့ ဆက်လက် ပွဲချောင်နေလို့ ဖိအားတော့ များနိုင်ဖွယ် မရှိပါဘူး ။

မနေ့ည က ပွဲမှာ ချဲလ်ဆီးတို့ အဖွင့်ဂိုး မရခင် အထိ ပွဲချိန် ၃ပုံ ၂ပုံလောက် အပိုင် အခွင့်အရေး ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါ့အပြင် ရိစ်ဂျိမ်းစ်ရဲ့ အဖွင့် volley ဂိုးဟာလည်း half chance သာသာပဲ ရှိခဲ့ပြီး ၊ ၄င်းရဲ့ ကန်ချက် အရမ်း ကောင်းလွန်းလို့ ဂိုးရခဲ့တာ ဖြစ်ပါတယ် ။

ဆက်တိုက်ဆိုသလိုပဲ ချဲလ်ဆီးတို့ ကစားကွက် စီးလာလို့ နောက်ထပ် ဦးဆောင်ဂိုး ၂ဂိုးကို ၁၅မိနစ် အတွင်း ထပ်ရခဲ့ပါတယ် ။ အခုလို တိုက်စစ်မှာ လူမစုံတဲ့ ကြားက အရေးပါတဲ့ နိုင်ပွဲ တပွဲ ထပ်ရခဲ့တာ ချဲလ်ဆီး အတွက် ချိုမြိန်စရာ ကောင်းပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က လီဗာပူးနဲ့ မန်စီးတီးတို့ အမှတ်တွေ လျော့ခဲ့တာကို ထူးပြီး ပျော်နေစရာ မလိုကြောင်း တုန့်ပြန်ခဲ့ပြီး ၊ ၄င်းတို့ အနေနဲ့ ရှေ့ဆက် အာရုံစိုက်မှု အပြည့်နဲ့ တုန့်ပြန်ပြဖို့ အရေးကြီးတဲ့ အကြောင်း ဖြေကြားခဲ့ပါတယ် ။

တူချယ် က ” တခြား အသင်းတွေရဲ့ ရလဒ်တွေကြောင့် အောင်ပွဲခံရတဲ့ အခိုက်အတန့်မျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ပထမဆုံး အနေနဲ့ အခုအချိန် ဟာ ချန်ပီယံဆု အကြောင်း ဆွေးနွေးဖို့ စောလွန်းသေးတယ်လို့ ပြောပါရစေ ။ ဒုတိယ အချက် အနေနဲ့ ကျွန်တော်တို့ဟာ ဘယ်သူတွေ ဘာဖြစ်ဖြစ် ၊ ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ဖို့ လိုပါတယ် ။ ”

” ပြိုင်ဖက်တွေ ရလဒ်မကောင်းလို့ အောင်ပွဲခံနေတာမျိုး ကျွန်တော်တို့ မလုပ်ပါဘူး ။ သူတို့တွေ အမှတ်လျော့ခဲ့လို့ ၊ ကျွန်တော်တို့ လွှတ်ပျော်နေမယ်လို့ ခင်ဗျားတို့ ထင်နေရင် ၊ ဒါဟာ လုံးဝ မမှန်ပါဘူးလို့ ပြောချင်ပါတယ် ။ ဒီနေ့ပွဲ အစ တမိနစ်ကနေ ပွဲပြီးတဲ့ အထိ အသင်းလိုက် စွမ်းဆောင်ရည် အပေါ် အထူး ကျေနပ်မှု ရှိပါတယ် ။ ”

” ဘောလုံး ဆုံးရှုံးနေချိန် အသင်းသားတွေရဲ့ မလျှော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးစား ကစားပြမှု က ဒီနေ့ နိုင်ပွဲရဲ့ အဓိက သော့ချက် ဖြစ်ပါတယ် ။ ဘယ်သူတွေ ဘာဖြစ်ဖြစ် ကျွန်တော်တို့ မြောက်တက်နေဖို့ မသင့်ပါဘူး ။ အဲဒီ အစား ရှေ့လာမယ့် ပွဲတွေမှာ သတိရှိရှိနဲ့ နိုင်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ကြိုးစားရမှာပါ ။ ”

” တခြား အသင်းတွေရဲ့ ရလဒ်တွေကြောင့် ကျွန်တော်တို့ အောင်ပွဲမခံပါဘူး ။ ခင်ဗျား ဟာ ပရီးမီးယားလိဂ် မှာ ဘယ်အသင်းကိုမဆို ရှုံးနိုင်ပါတယ် ။ ဒီတော့ ကိုယ့်ကိုယ်သာ ရှေ့ဆက် အာရုံစိုက်ပြီး ၊ နောက်ပွဲတွေမှာ ဖြစ်လာမယ့် အခြေအနေတွေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR