လီဗာပူးနဲ့ ပွဲအတွက် အဓိက ကစားသမား 3 ဦးထိ ဆုံးရှုံးကောင်းဆုံးရှုံးနိုင်ကြောင်း ဖွင့်ဟလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္ဂနွေညမှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းကြီးထဲမှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို ဧည့်ခံပြီး အင်္ဂလန် ဒါဘီ ပွဲစဥ် ကစားသွားရဖို့ ရှိနေပါတယ် ။ ဒါဟာ ဖိအားတွေအောက် ရောက်နေတဲ့ ဆိုးလ်ရှားအတွက် အစမ်းသပ်ခံရမဲ့ ပွဲစဥ် တစ်ပွဲပါပဲ ။

ဒီပွဲမတိုင်မီ ကြားရက်မှာတော့ ယူနိုက်တက်တို့ဟာ ချန််ပီယံလိဂ် အုပ်စု ပွဲစဥ် 3 အဖြစ် အတ္တလန္တာ အသင်းကို 3 – 2 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ ကွင်းလယ်လူ ဖရက်ဒ် တို့ဟာ အသေးစား ဒဏ်ရာတွေ ရရှိခဲ့ကြပြီး ရပ်ရှ်ဖို့ အနေအထားတွေ တိုးတက်လာခဲ့ပြီလို့ သတင်းထွက်ခဲ့ပါတယ် ။

ဒါ့အပြင် ဒီကြားထဲ အားထားရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါသေးတယ် ။ အခြားတဖက်မှာတော့ ဗာရန််းဟာလည်း ဒဏ်ရာမှ မသက်သာသေးပါဘူး ။ ဒါ့ကြောင့် ယူနိုက်တက်တို့ လူစုံနိုင်မလားဆိုတာ မရေမရာ ဖြစ်နေခဲ့ရပါတယ် ။

အခုတော့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက လီဗာပူးနဲ့ ပွဲစဥ်မှာ အသင်းရဲ့ အဓိက ကစားသမား 2 – 3 ဦးလောက်ထိ ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ဖွယ်ရှိကြောင်း ၊ ဒါမှမဟုတ် လူအင်အား အပြည့်လည်း ပိုင်ဆိုင်ကောင်းပိုင်ဆိုင်သွားနိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

” ကစားသမားတွေ ကောင်းကောင်း အားစိုက်ထုတ်နိုင်ခဲ့ကြသလို အဆုံးမှာ အငွေ့အသက်တွေလည်း ကောင်းမွန်ခဲ့ပြီး အိုးလ် ထရပ်ဖို့ဒ် ရဲ့ အခမ်းနားဆုံး ချန်ပီယံလိဂ် ညချမ််းတွေထဲက တစ်ခု ဖြစ်သွားခဲ့ရပါတယ် ။ ဒါပေမဲ့ အဲ့တာက အသေးစာဒဏ်ရာ နဲ့ ကြွက်သားဒဏ်ရာ အချို့ကိုလည်း ရရှိစေခဲ့ပါတယ် ။ ဒါကို မျှော်လင့်ခဲ့ပြီးသားပါ ”

” အခုမှ သောကြာပဲ ရှိပါသေးတယ်။ ပွဲက တနင်္ဂနွေမှပါ ။ ကစားသမားတိုင်းကို ကျွန်တော်တို့ အချိန်ပေးသွားကြမှာပါ ။ ကျွန်တော်တို့ တစ်သင်းလုံး ကြံ့ခိုင်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သလို 2-3 ယောက်လောက် လျော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ် ။ ဒီနေ့တော့ အချို့တွေ လာရောက် မလေ့ကျင့် နိုင်ခဲ့ကြပါဘူး ”

” တနင်္ဂနွေနေ့ကို စောင့်ရတာပေါ့။ ဘရူနို ဟာ သံသယ ဖြစ်ဖွယ် အနေအထားတစ်ရပ်မှာ ရှိနေပါတယ် ။ ဖရက်ဒ် ဟာလည်း အလျင်မီ ကြံ့ခိုင်မလားဆိုတာ ကျွန်တော် တပ်အပ်် မပြောနိုင်သေးပါဘူး ။ ပွဲစဥ်အတွက် အသင့်ဖြစ်နေဖို့ သူတို့တွေ စွမ်းနိုင်သလောက် ကြိုးစားနေပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက်ပါတယ် ။

ဆိုးလ်ရှား လက်အောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲကြီးပွဲကောင်းတွေ မကစားမီ အဓိကကစားသမားတွေကို မကြာခန ဆိုသလို ဒဏ်ရာကြောင့် ‘ ပါဝင်နိုင်မလား ‘ ဆိုတဲ့ သံသယ ဖြစ်ဖွယ် အနေအထားတွေ ပိုင်ဆိုင်ထားခဲ့ဖူးပါတယ် ။

အဲ့ဒီထဲမှာတော့ အများစုဟာ အလျင်မီ ပြန်လည် ကြံ့ခိုင်လာကြတဲ့ သာဓကကောင်းတွေလည်း အတော်လေး ရှိခဲ့ဖူးပါတယ် ။ ဒီတစ်ကြိမ်မှာရော ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကစားသမားတွေဟာ အလျင်မီ ပြန်လာနိုင်မလားဆိုတာ ထပ်မံ စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar