လီဗာပူးနဲ့ပွဲမှာ ဟန်ချက်တစ်ခုရရှိစေဖို့အတွက် ဘယ်သူ့ကို ပွဲထွက် ကစားစေသင့်လဲ ဆိုတာ အသင်းဟောင်းကို အကြံပေးလိုက်တဲ့ ပေါလ် အင့်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ည 10 နာရီ အချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 9 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို ဧည့်ခံရင်း ပရိသတ်တွေ စောင့်ဆိုင်းနေကြတဲ့ အင်္ဂလန် ဒါဘီ ပွဲစဥ် ကစားသွားရဖို့ ရှိနေပါတယ် ။

ဒီနှစ်ဘောလုံးရာသီမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ် 8 ပွဲ ကစားထားခဲ့ပြီး 4 ပွဲနိုင် ၊ 2 ပွဲ သရေ ၊ 2 ပွဲ ရှုံးထားခဲ့ပါတယ် ။ အဆိုပါ ပွဲစဥ်တွေမှာတော့ ဆိုးလ်ရှားဟာ ကွင်းလယ်မှာ ဖရက်ဒ် ၊ တော်မီနေးတို့ကို တွဲဖက် သုံးစွဲတာ များခဲ့ပါတယ် ။

သူတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက ယူနိုက်တက်် အသင်းရဲ့ ကွင်းလယ်မှာ အတူတွဲဖက် ကစားခဲ့ကြသူတွေ ဖြစ်ခဲ့ကြပြီး အခုထိဆို ပွဲတွေစဥ် အတော်များများ အတူ ကစားခဲ့ပြီးကြပါပြီ ။ ဒါပေမဲ့ အသင်းရဲ့ ကစားကွက််ကို ထူးကဲအောင် မကူညီနိုင်ကြသေးပါဘူး ။

အထူးသဖြင့် ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ်က ပွဲစဥ်တွေ အတော်များများမှာ ဝေဖန်ခံရမှုတွေရဲ့ သားကောင် ဖြစ်ခဲ့ဖူးပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ်တွေ အများစုက ကွင်းလယ်ခံစစ်မှာ McFred အတွဲကို မမြင်တွေ့လိုဘူးလို့ ပြောခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ လီဗာပူး အသင်းနဲ့ ရင်ဆိုင်ရမဲ့ အင်္ဂလန် ဒါဘီ ပွဲစဥ် မတိုင်မီမှာတော့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ် အင့်စ် က ကွင်းလယ်မှာ ဖရက်ဒ် ၊ တော်မီနေး တို့ကို မထည့်ပဲ နီမန်ဂျာ မာတစ်ကို ထည့်သွင်း ကစားစေဖို့ ဆိုးလ်ရှားကို တိုက်တွန်း သွားခဲ့လိုက်ပါတယ် ။

” နံပါတ် 4 ၊ နံပါတ် 6 ၊ နံပါတ် 8 ၊ box to box ကစားတွေက ဟန်ချက် ရရှိစေရေးအတွက် အရေးကြီးသူတွေ ပါပဲ ။ တာဝန်လည်း များလှပါတယ် ။ သူတို့တွေက ခံစစ် ကစားပေးရပါတယ် ။ အနောက်က ခံစစ် ကစားသမား လေးဦးကို လုံခြုံမှုတွေ ပေးရသလို ကြုံသလို တိုက်စစ်တက် ဂိုးလည်း သွင်းပေးရပါတယ် “

” ဒီအတွက် ဖရက်ဒ် နဲ့ တော်မီနေး တို့ အတွဲ အလုပ်ဖြစ်ကြမလားဆိုတာ ကျွန်တော် မသေချာပါဘူး ။ အိုလီက ဒီလိုပဲ ဆက်ကစားလိုမှာပါ ။ အဲ့တာ အလုပ်ဖြစ်ပါ့မလားဆိုတာ ကျွန်တော့်ဖက်က မသေချာပါဘူး ။ ကျွန်တော်က အိုလီ ဒီနေရာ အပြောင်းအလဲ လုပ်တာကို မြင်လိုပါတယ် “

” အကယ်လို့ ကွင်းလယ် အခင်းအကျင်းနဲ့ ကစားမယ်ဆိုရင် ကွင်းလယ်ကို လိုချင်သလို ပြောင်းလဲလို့ ရပါတယ် ။ ခင်ဗျား ထီးပုံစံမျိုး ကွင်းလယ် 3 ယောက်ထားပြီး ကစားစေလို့ ရနိုင်သလို တိုက်စစ် တစ်ဦး ၊ အထိုင် နှစ်ဦး ၊ တိုက်စစ်် နှစ်ဦး ၊ အထိုင် တစ်ဦး ထားပြီးလည်း ကစားစေလို့ ရနိုင်ပါတယ် “

” ခင်ဗျား သုံးလို့ ရနိုင်တဲ့ နည်းလမ်းတွေ အများကြီးပါ ။ ကွင်းလယ် ခံစစ်မှာ ကစားမယ့်သူက ဘယ်လို ကစားရမလဲဆိုတာ နားလည်ဖို့ လိုအပ်ပါတယ် ။ ဒါကို ကောင်းမွန်စွာ သိရှိနားလည်သူက မာတစ် ပါပဲ ။ အဲ့ဒီနေရာမှာ ဖြည့်စွက် ကစားပေးနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသောသူက မာတစ် ပါပဲ “

” အဲ့တာပြီးရင်တော့ တိုက်စစ်အတွက် ဗန်ဒီဘိခ် ၊ ဘရူနို ၊ ပေါ့ဂ်ဘာ ဘယ်သူ့ကို ထားပြီး ကစားစေမလဲ ဆိုတာကို ရောထွေးပြီး အသုံးချလို့ရနိုင်ပါတယ် ။ ကျွန်တော်သာဆိုရင် အထိုင်မှာ မာတစ် ၊ ဘယ်ဖက်မှာ ပေါ့ဂ်ဘာ ၊ ညာဖက်မှာ ဘရူနို တို့ကို ထားပြီး ကစားစေသွားမှာပါ ” လို့ ပေါလ် အင့်စ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar