လီဗာပူးကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက် နည်းပြ ဆိုးရှားကို ထပ်မံတိုက်ခိုက်လိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက မဟာပြိုင်ဘက် လီဗာပူးကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ဟာ နည်းပြ အိုလီဂန်နာဆိုးရှားကို ရာထူးကနေ ထုတ်ပယ်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဆိုးရှားရဲ့ လက်အောက် ယူနိုက်တက်ရဲ့ ရုန်းကန်နေရမှုဟာ တနင်္ဂနွေနေ့က အိုးထရပ်ဖို့ဒ်မှာ လီဗာပူးကို ၅-၀ နဲ့ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုးဆုံး အခြေအနေကို ရောက်သွားခဲ့ ပါတယ်။

ယူနိုက်တက်ဟာ ပထမပိုင်းမှာ ကတည်းက နာဘီကီတာ ၊ ဒီယေဂိုဂျိုတာ ၊ မိုဟာမက်ဆာလား (၂ ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၄ ဂိုးပြတ် ရှုံးနိမ့်နေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်း စပြီး သိပ်မကြာမီမှာပဲ အီဂျစ်စတားက ဟက်ထရစ်မြောက်ဂိုးကို သွင်းယူခဲ့တာကြောင့် ပွဲရဲ့ ရလဒ်ဟာ စောစောစီးစီးပဲ အဖြေပေါ်သွားခဲ့ပါတယ်။ အဲဒီနောက် နာဘီကီတာကို ဖျက်ထုတ်ပုံ ကြမ်းခဲ့တဲ့ ပေါ့ဘာဟာ ပွဲချိန် မိနစ် ၆၀ မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး လက်ကျန်ပွဲချိန်တွေမှာ လီဗာပူးဟာ training ဆင်းသလိုမျိုး ကစားကာ ပွဲကို အဆုံးသတ်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ် အပြီး မန်ယူနိုက်တက် ပရိတ်သတ် တစ်ချို့ နဲ့ pundit တစ်ချို့က ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်သွားရန် တိုက်တွန်းမှုတွေ လုပ်ခဲ့ပေမယ့် ကာရေဂါက လက်ရှိ အချိန်ထိ အိုလီရဲ့ ရာထူးဟာ safe ဖြစ်နေဆဲလို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် လီဗာပူး ဂန္တ၀င်က ဆိုးရှားဟာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ အတွက် လုံလောက်တဲ့ အရည်အသွေး ရှိတဲ့သူ မဟုတ်ဘူးလို့ တိုက်ခိုက် သွားခဲ့ပါတယ်။

ကာရေဂါက “မန်ချက်စတာယူနိုက်တက်ဟာ အပြောင်းအလဲ လုပ်ဖို့ အတွက် တအား ကြောက်ရွံ့နေပါတယ်။ သူတို့ဟာ လူး၀စ်ဗန်ဟား နဲ့ ဂျိုဆေးမော်ရင်ညို တို့လိုမျိုး မန်ချက်စတာယူနိုက်တက်နဲ့ ကိုက်ညီမှု မရှိတဲ့ နည်းပြမျိုးကို ခန့်အပ်မိသွားမှာကို ကြောက်လန့် နေတာပါ။ လက်ရှိမှာ ကျွန်တော် မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ အကြောင်းကို စဉ်းစားမိခဲ့ပါတယ်။ ဒါဟာ strong ဖြစ်နေရမယ့် ကိစ္စမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ တကယ့်ကို စိုးရိမ်စရာ အခြေအနေပါ။”

ဆက်လက်ပြီး ကာရေဂါက “ကျွန်တော် အိုလီ အတွက် ခံစားမိပါတယ်။ ဒါဟာ သူ့နည်းပြဘ၀ရဲ့ အမှောင်မိုက်ဆုံး နေ့ရက် ဖြစ်လာမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုက်ခိုက်တဲ့ စကားလုံး တိုက်ပွဲထဲမှာ ကျွန်တော် မပါချင်ပါဘူး။ အိုလီဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော့်ရဲ့ ဝေဖန်မှုကို တုန့်ပြန်ခဲ့တာကို ကျွန်တော် သိပါတယ်။ သူ့မှာ ဒီအခွင့်အရေး ရှိပါတယ်။

တစ်စုံတစ်ယောက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အတွက် ပြောရတာ ကျွန်တော် သက်တောင့်သက်သာ မရှိပါဘူး။ ဒါပေမယ့် ဖရက်ဟာ မန်ယူနိုက်တက် အတွက် လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူး or စကော့မက်တိုမီနေးဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့တော့ ကျွန်တော်တို့ သက်တောင့်သက်သာ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် အိုလီဂန်နာဆိုးရှား ကိုလည်း မန်ယူနိုက်တက် အတွက် လုံလောက်တဲ့ အရည်အသွေး မရှိဘူးလို့ ပြောရတာကို ကျွန်တော် ဘယ်လိုမှ မခံစားရပါဘူး။

မန်ချက်စတာယူနိုက်တက်ဟာ ဒီထက် ပိုကောင်းတဲ့ နည်းပြတစ်ဦး လိုအပ်ပါတယ်။ အိုလီဟာ မန်ချက်စတာယူနိုက်တက် အတွက် သင့်တော်တဲ့ မန်နေဂျာ မဟုတ်ပါဘူး။ သူဟာ အဲဒီမှာ ကောင်းကောင်း လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကို နောက် level ပို့ဆောင်ပေးနိုင်ဖို့ အတွက် တစ်စုံတစ်ယောက် လိုအပ်ပါတယ်။ ကံမကောင်းစွာနဲ့ ဆိုးရှားဟာ ယာဂန်ကလော့ မဟုတ်သလို ပက်ဂွာဒီယိုလာ နဲ့ သောမတ်တူချယ်လည်း မဟုတ်ပါဘူး။ ဒါကို မျက်နှာချင်းဆိုင် တွေ့ပြီး ပြောနိုင်ပါတယ်။” လို့ ဝေဖန်လိုက်ပါတယ်။

သရဲနီ ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီနဗီး ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ဆိုးရှားဟာ လီဗာပူးရဲ့ ချေမှုန်းမှုကို ခံရပြီးနောက် ဖိအားတွေ များပြားနေမှာ ဖြစ်ပေမယ့် သူ့ရဲ့ ရာထူးကိုတော့ ဆက်ထိန်းထားနိုင်အုံးမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

နဗီးက “အကယ်၍ ဒါဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီး သိပ်မကြာသေးတဲ့ အချိန် ဖြစ်နေမယ် ဆိုရင် အိုလီဟာ ဒီညရလဒ် အတွက် ကြီးမားတဲ့ ဖိအားတွေ ကျရောက်သွားမှာပါ။ ဒါပေမယ့် ကလပ်ဟာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားမှာပါ။ သူတို့ဟာ ဒီရာသီမှာ မန်နေဂျာသစ် ခန့်အပ်ဖို့ အစီအစဉ် ဆွဲထားခဲ့ခြင်း မရှိပါဘူး။ အနည်းဆုံးတော့ သူနဲ့ ရာသီကုန်ထိ ခရီးဆက်သွားမှာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေ မီဒီယာတွေ ဆီကနေ အိုလီ့ကို ရာထူးကနေ ထုတ်ပယ်သွားရန် တောင်းဆိုမှုတွေ အများအပြား ရှိလာမှာပါ။ ဒီပွဲစဉ် အပြီးမှာ ကျွန်တော် ဒါကို နားလည်လို့ ရပါတယ်။ ဒါဟာ အရမ်းကို ဆိုးရွားလှတဲ့ နေ့တစ်နေ့ပါ။ ပြန်လည် Recovery လုပ်နိုင်ဖို့ အတွက် အချိန်တစ်ခုတော့ ယူသွားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM