လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံတို့ အပြည့်အဝ မပျော်ခဲ့ရတဲ့ ချဲလ်ဆီး ၄ – ၀ မယ်လ်မို ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် တတိယမြောက် ပွဲစဉ်မှာ အုပ်စု H မှ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ အုပ်စုတွင်း အားအနည်းဆုံး အသင်း ဖြစ်တဲ့ မယ်လ်မို ကို ၄ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် ပထမပိုင်း အတွင်း အသင်းရဲ့ တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ ရိုမီလူ လူကာကူနဲ့ တီမို ဗာနာတို့ ဒဏ်ရာ ရသွားခဲ့တာကြောင့် ချဲလ်ဆီး အတွက် အပြည့်အဝ မပျော်ခဲ့ရပါဘူး ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

တပွဲလုံးမှာ လောက်လောက်လားလား ခြိမ်းခြောက်မှု မရှိခဲ့လို့ ၊ အိမ်ရှင်ဖက်က ဘောလုံး ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော် အထိ ဖိအားပေး ကစားခဲ့တာကြောင့် ၊ ဂိုးပေါက်စောင့်ခဲ့ရတဲ့ မန်ဒီ အတွက် ဘာမှ အလုပ်ရှုပ်စရာ မရှိခဲ့ပါဘူး ။

နောက်တန်း – အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 9 ) ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 8 )

ဒီပွဲမှာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ လူအင်အား အပြည့် ထည့်သုံးသွားခဲ့ပြီး ၊ ခံစစ်မှာလည်း ပြီးခဲ့တဲ့ ဘရန်းဖို့ဒ်နဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ရူဒီဂါနဲ့ သီယာဂို ဆေးလ်ဗား တို့ကို ချက်ချင်း ပြန်သုံးခဲ့ပါတယ် ။ ဒါဟာ ချဲလ်ဆီးရဲ့ ပထမ ဦးစားပေး ၃ယောက်တန်း ခံစစ် အတွဲ ဆိုလည်း မမှားပါဘူး ။

မယ်လ်မို ဟာ ဒီပွဲမှာ ချဲလ်ဆီး ခံစစ်ကို ထူးထူးခြားခြား ဖိအားမှုတွေ မလုပ်နိုင်ခဲ့တာကြောင့် ၊ ခရစ်တန်ဆန် ဆိုရင် ပွဲချိန် အချို့မှာ တိုက်စစ်အထိ ရဲရဲဝံ့ဝံ့ တက်ကစားခဲ့တာကို တွေ့ခဲ့ရပါတယ် ။ အခြား ခံစစ်မှူး ၂ဦးဟာလည်း ချွေးမထွက်သလောက် ဖြစ်ခဲ့တဲ့ အထိ ကို သက်တောင့်သက်သာ ရှိခဲ့ပါတယ် ။

တဖက်မှာတော့ ခရစ်တန်ဆန် ဟာ သူ့ရဲ့ ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ကို သီယာဂို ဆေးလ်ဗားရဲ့ ဖန်တီးမှု ကနေ သွင်းယူခဲ့ပြီး ၊ တပွဲလုံး ကျစ်လျစ်တဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲပါတယ် ။

ကွင်းလယ် – ဆီဆာ အက်ဇ်ပီလီကွီတာ ၊ အန်ဂိုလို ကန်တေ ၊ ဂျော်ဂျင်ဟို ၊ ဘန်ချေဝဲလ် ( Rating – 8 )

wing-back ၂ဦးလုံး ဒီပွဲမှာ ခံစစ် ကူဖို့ထက် တိုက်စစ် အတွက် တရစပ် ပံ့ပိုးမှုတွေ လုပ်ခဲ့ပြီး ၊ ချေဝဲလ် ဆိုရင် ချဲလ်ဆီး တိုက်စစ် အတွက် စတုတ္ထမြောက် တိုက်စစ် ကစားသမား အဖြစ် အထိတောင် မကြာခဏ မြင်တွေ့ခဲ့ရပါတယ် ။ အက်ဇ်ပီ ဟာလည်း ညာခြမ်း တိုက်စစ် အတွက် အတိုပေးဘောတွေနဲ့ တွဲလုံး အချို့ ဖန်တီးနိုင်ခဲ့ပါတယ် ။

တွဲမကစားတာ ပွဲအနည်းငယ် ကြာလာပြီ ဖြစ်တဲ့ ကန်တေ – ဂျော်ဂျင်ဟို ဟာ ဒီပွဲမှာ နားလည်မှု ပြည့်တဲ့ chemistry အတွဲအဖက် ကို ပြသသွားခဲ့သလို ၊ ကန်တေ ကတော့ ထုံးစံအတိုင်း လုပ်အား ပြေးအားတွေနဲ့ ပြိုင်ဖက် ပင်နယ်တီ ဧရိယာ ကို အချိန်ပြည့် ခြိမ်းခြောက်မှု ပေးနိုင်ခဲ့ပါတယ် ။

ဂျော်ဂျင်ဟို ကတော့ ကွင်းလယ် ထိန်းဖို့ကို အဓိက ကြိုးစားသွားခဲ့ပြီး ၊ မယ်လ်မို ကစားသမားတွေ ၎င်းကို ဘာမှ ထိထိရောက်ရောက် ဖိအားမပေးခဲ့တဲ့ အတွက် ၊ ပွဲချိန် အများစုမှာ အေးအေးဆေးဆေး ဘောလုံး ကိုင်ကစားနိုင်ခဲ့သလို ၊ ပင်နယ်တီ ကနေ တဆင့် ဦးဆောင်ဂိုး ၂ဂိုးကိုလည်း အမှားအယွင်းမရှိ သွင်းယူပေးခဲ့ပါတယ် ။

တိုက်စစ် – တီမို ဗာနာ ၊ ရိုမီလူ လူကာကူ ( Rating – 6 ) ၊ မေဆင်မောင့် ( Rating – 8 )

ပထမပိုင်း အတွင်းမှာ တိုက်စစ်မှူး ၂ဦးလုံး ဒဏ်ရာ ရသွားတာ က လာမယ့် ပွဲစဉ်တွေ အတွက် တူချယ် အဖို့ ခေါင်းခဲစရာ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ် ။ လူကာကူ ဟာ ဒီပွဲမှာ ချဲလ်ဆီး အတွက် ပထမ ပင်နယ်တီ ကို ရယူပေးခဲ့ပေမယ့် ၊ ယင်းပြစ်ဒဏ် ကျူးလွန်မှုကနေ စောစောစီးစီးပဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ် ။

ဗာနာ ကတော့ လူကာကူ အစား လူစားဝင်ခဲ့တဲ့ ကိုင်ဟာဗက်ဇ် ၊ မေဆင်မောင့်တို့နဲ့ တချက်ထိ တွဲလုံးတွေ ရဖို့ ၊ ပြေးအားကောင်းကောင်းနဲ့ ပေးဆပ် ကစားခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ ပထမပိုင်း ပြီးခါနီးမှာ ပြစ်ဒဏ်ကျူးလွန်မှု ခံခဲ့ရပြီးနောက် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းနဲ့ လူစားလဲခံခဲ့ရပါတယ် ။

ဒဏ်ရာကနေ ပြန်လာပြီးနောက် နောက်ပိုင်း ပွဲတွေမှာ တည်ငြိမ်တဲ့ ၊ အာရုံစူးစိုက်မှု ပြည့်တဲ့ စွမ်းဆောင်ရည် ကို ရရှိဖို့ ရုန်းကန်နေရတဲ့ မောင့် ကတော့ ဒီပွဲမှာ သေသပ်မှု ရှိတဲ့ ၊ စည်းကမ်းပြည့်တဲ့ ကစားဟန် ကို ပြသသွားခဲ့ပြီး ၊ ပထမပိုင်း ပြီးခါနီးမှာ ရခဲ့တဲ့ အခွင့်အရေး အချို့ ရှိခဲ့ပေမယ့် ၊ ဂိုးသွင်းနိုင်ဖို့တော့ နီးစပ်မှု မရှိခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ – ကိုင်ဟာဗက်ဇ် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 7 ) ၊ ဆာအူးလ် နီဂွက်ဇ် ၊ မားကို့စ် အလွန်ဆို ( Rating – 6 )

SPORTS MYANMAR