လက်စတာနဲ့ ပွဲစဥ်မတိုင်မီ သတင်းကောင်း နှစ်ခုနဲ့ သတင်းဆိုး သုံးခု ပြောပြလိုက်တဲ့ ဆိုးလ်ရှား

နိုင်ငံ ပွဲစဥ်တွေ တစ်ခန်းရပ်သွားတဲ့နောက် ဒီ​နေ့မှာတော့ လိဂ်ပွဲစဥ်တွေဟာ ပြန်လည် အသက်ဝင်လာပါဖို့ ရှိနေပါပြီ ။ ဒီတစ်ပတ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ပရီးမီးယားလိဂ် ပွဲစဥ် 8 အဖြစ် ကင်းပါဝါကွင််းထဲမှာ လက်စတာ စီးတီး အသင်းကို သွားရောက် ယှဥ်ပြိုင်ရပါတော့မယ် ။

ဒီလို ပွဲစဥ်မျိုးမှာတော့ နိုင်ငံ့ ပွဲစဥ်တွေ မစတင်မီတုန်းက အဲဗာတန် အသင်းကို အိမ်ကွင်းမှာ သရေရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ဟာ မဖြစ်မနေ အနိုင် ကစားဖို့ ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ ပွဲကြပ်တွေ ဆက်တိုက်ကစားရမယ့် ဆိုးလ်ရှားဟာ ဖိအား အနည်းငယ် ကျဆင်းမှာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အနိုင်ရလဒ် သေချာစေနိုင်ဖို့အတွက် အသင်းမှာ ကစားပေးနေကျ ကစားသမားတွေ ၊ အထူးအားထားရတဲ့ ကစားသမားတွေ ပွဲထွက်ပါဝင်ဖို့ တကယ်ပဲ လိုအပ်လှပါတယ် ။ ဒီနေရာမှာတော့ ယူနိုက်တက်တို့ဟာ အခက်အခဲ အချို့ကို ကြုံတွေ့ သွားရဖို့ ရှိနေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက် အသင်းမှာ ဒဏ်ရာရ ၊ မကစားပေးနိုင်ဦးမယ့် ကစားသမား အချို့ ရှိနေကြလို့ပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင််းအတွက် သတင်းကောင်း အချို့လည်း ရှိနေပါသေးတယ်် ။ အဲ့တာကတော့ ဒဏ်ရာခွဲစိတ်ကုသထားခဲ့လို့ ဒီရာသီ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့သေးတဲ့ တိုက်စစ်ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ကို လက််စတာနဲ့ ပွဲမှာ ကွင်းထဲ မြင်ရဖို့ ရှိနေတာပါပဲ ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ တိုက်စစ် ကစားသမားဖြစ်သူ ရပ်ရှ်ဖို့ဟာ လက်စတာ စီးတီးနဲ့ ပွဲစဥ်မှာ အသင်းနဲ့ အတူ သေချာပေါက် လိုက်ပါသွားဖို့ ရှိနေကြောင်း အတည်ပြု ပြောကြားခဲ့လိုက်ပေမဲ့ ပွဲထွက်ကစားခွင့် ပေး ၊ မပေးကိုတော့ အတိအကျ မဖြေခဲ့ပါဘူး ။

” သူ ( ရပ်ရှ်ဖို့ ) ဟာ အသင်းရဲ့ ကစားသမား စာရင်းထဲ ပါနေပါလိမ့်မယ်၊ ဟုတ်ပါတယ် ။ ဒါပေမဲ့ သူဟာ ပွဲထွက်ခွင့် ရရှိသွားမလား ၊ မရရှိဘူးလားဆိုတာတော့ ခင်ဗျားကို အခု ကြိုပြီးပြောလို့ မရနိုင်သေးပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ မှန်ကန်တဲ့ လုပ်ရက်တစ်ခု မဟုတ်လို့ ပါပဲ ”

” ဒါပေမဲ့ သူဟာ ဒီတစ်ပတ်အတွင်း တကယ်ပဲ အလုပ်တွေ ကြိုးစားခဲ့ပြီး ချွန်ထက်နေခဲ့တာတော့ အမှန်ပါပဲ ။ သူဟာ ပြီးခဲ့တဲ့ တစ်ပတ်က တံခါးပိတ် ကစားခဲ့တဲ့ ပွဲမှာ မိနစ် 60 ကစားခဲ့ပါသေးတယ် ။ သူဟာ ကြံ့ခိုင်နေပြီး ပွဲစဥ် ကစားပေးနိုင်စွမ်း ရှိနေပါပြီ ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွားယားဟာ အက်စတွန် ဗီလာ အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဥ်တုန်းက ဒဏ်ရာ ရရှိခဲ့တဲ့နောက် အဲဗာတန် နဲ့ ပွဲစဥ်ကို လွဲချော်ခဲ့သလို နိုင်ငံ့ အသင်းအတွက်လည်း မကစားနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ အခုတော့ သူဟာ မြက်ခင်းစိမ်းတွေနဲ့ ပြန်လည် ထိတွေ့နိုင်ပြီဖြစ်ကြောင်း ဆိုးလ်ရှားက ပြောခဲ့လိုက်ပါတယ် ။

ဒါပေမဲ့ သူ့ရဲ့ ပြောပုံအရတော့ ကစားသမားဟာ ပွဲထွက် ကစားပေးဖို့ အချိန်စောနေသေးကြောင်း သိခဲ့ရပါတယ် ။ ဒါအပြင် ဥရောပ နေးရှင်းလိဂ် ဖိုင်နယ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ ဗဟို နောက်ခံလူ ရာဖေးလ် ဗာရန်း ဟာလည်း ရက်သတ္တပါတ် အနည်းငယ် အနားယူ သွားရဖို့ ရှိနေကြောင်း ဆိုးလ်ရှားက အတည်ပြု သွားခဲ့လိုက်ပါတယ် ။

” ဟယ်ရီဟာ ဒီနေ့နံနက်မှာပဲ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ပထမဦးဆုံး အကြိမ်အဖြစ် မြက်ခင်းစိမ်းနဲ့ ပြန်လည် ထိတွေ့နိုင်ခဲ့ပါပြီ ။ ဗာရန်းကတော့ ရက်သတ္တပါတ် အနည်းငယ်် နားရဦးမှာပါ ။ ဒါပေမဲ့ လင်ဒီလော့ဖ် နဲ့ ဘိုင်လီ တို့ နိုင်ငံ့ပွဲမှာ ပုံစံကောင်းတွေ ပြနိုင်ခဲ့ကြတဲ့အတွက် ဒါက အဆင််ပြေသွားမှာပါ ” လို့ ဆိုးလ်ရှား က ပြောခဲ့ပါတယ် ။

ဒါပေမဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အဖြစ် မ​နေ့က ဘရာဇီး မြေမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့တဲ့ ကွင်းလယ်လူ ဖရက်ဒ် နဲ့ တိုက်စစ်မှူး ကာဗာနီ တို့ကတော့ သေချာပေါက် ပါဝင်နိုင်မှာ မဟုတ်သေးကြောင်း ၊ သူတို့တွေ အနားယူဖို့ လိုအပ်ကြောင်း ဆိုးလ်ရှားက ဆက်လက် အတည်ပြု ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဖရက်ဒ်နဲ့ အီဒင်ဆန် အကြောင်းပြောရရင်တော့ သူတို့ဟာ ပွဲချိန်ပြည့် ကစားတာ ဘာမှ မကြာသေးပါဘူး ။ ဒါ့ကြောင့် လက်စတာနဲ့ ပွဲအတွက် သူတို့တွေကို ထည့်တွက်သွားမှာ မဟုတ်ပါဘူး ။ သူတို့တွေ အနားယူဖို့ ၊ အားပြန်ဖြည့်ဖို့အတွက် ကျွန်တော်တို့ အချိန်တွေ ပေးဆောင်သွားကြမှာပါ ”

” သူတို့ ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ် ။ ဒါဟာ ကျွန်တော်တို့အတွက် ကောင်းလှပါတယ် ။ သူတို့ ဒဏ်ရာလည်း မရခဲ့ကြပါဘူး ။ ဒါ့ကြောင့် ကြားရက်အဖြစ် အတ္တလန္တာနဲ့ ကစားရမဲ့ ချန်ပီယံလိဂ် ပွဲမှာ သူတို့တွေ ပြန်လည် ပါဝင်ကြဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ” လို့ ဆိုးလ်ရှားက ပြောကြားသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar