ရှုံးရင် ဆိုးလ်ရှားကြောင့် ၊ နိုင်ရင် ကစားသမားတွေကြောင့်ဆိုတာမျိုး ဘာလို့ ဖြစ်နေခဲ့ရတာလဲဆိုတာ ပြောဆိုရှင်းပြလိုက်တဲ့ ပီတာ ခရော့ချ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်တုန်းက ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် 3 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အတ္တလန္တာ အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူနိုင်ခဲ့ကာ လိုအပ်တဲ့ နိုင်ပွဲကို ရှာဖွေ သွားနိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ဒီနိုင်ပွဲကို ယူနိုက်တက်တို့ လွယ်ကူစွာ ရရှိခဲ့တာတော့ မဟုတ်ပါဘူး ။ ယူနိုက်တက်တို့ ပထမပိုင်းအတွင်း 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနေခဲ့ချိန် ၊ ပရိသတ်တွေမှ ဆိုးလ်ရှားကို စိတ်ရှိလက်ရှိ ဝေဖန်အပြီးမှ ယူနိုက်တက်တို့ ပြန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကိုတော့ မားကပ်စ် ရပ်ရှ်ဖို့ ၊ ဟယ်ရီ မက်ဂွားယား နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့က သွင်းယူပေးခဲ့ကြပြီး ပွဲစဥ်အပြီး ကစားသမားတွေကြောင့် အနိုင်ရခြင်းဆိုတဲ့ ခေါင်းစဥ်မျိုး ထွက်ပေါ် လာခဲ့ရပါတယ် ။

ဒါ့ကြောင့် ဆိုးလ်ရှားဟာ နိုင်ပွဲတွေအတွက် လုံလောက်တဲ့ ဂုဏ်ထူးမှတ်တွေကို ရရှိနိုင်ခြင်း မရှိခဲ့ပေမဲ့ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ရတဲ့ အချိန်တွေမှာတော့ အမြဲလို သူ့ကြောင့်ပဲ ဆိုတဲ့ ဝေဖန်မှုတွေကို သိမ်းကြုံးပိုင်ဆိုင်ခဲ့တာချည်းပဲဆိုတာ အားလုံး အမြင်ပဲ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ လီဗာပူး အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သူ ပီတာ ခရော့ချ် က ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ နည်းပြ အတွေ့အကြုံ နည်းပါးသူ ၊ အသင်းကြီးတွေကို ကိုင်တွယ်ခဲ့သူ မဟုတ်တဲ့ အတွက် အခုလို ဝေဖန်မှုတွေ ရရှိနေတာ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။

” အိုလီ ရဲ့ ပြသနာ က သောမတ် တူချယ် ၊ ပက် ဂွာဒီယိုလာ နဲ့ ယာဂင် ကလော့ပ် တို့ ပါပဲ ။ ယူနိုက်တက် ပရိသတ်တွေဟာ အဲ့ဒီ့ မန်နေဂျာ သုံးယောက်ကို ကြည့်နေခဲ့ကြတာပါ ။ သူတို့ ဆုဖလားတွေ ယူခဲ့တဲ့ CV ဖောင် ၊ ချန်ပီယံလိဂ် ဖလားတွေ ယူခဲ့ပုံကို မြင်နေကြတာပါ ”

” အဲ့တာတွေနဲ့ ချိန်ထိုးလိုက်ရင်တော့ အိုလီက ကာဒစ်ဖ် ၊ မိုလ်ဒီ အသင်းတွေက ရောက်လာခဲ့သူ တစ်ဦးပါ ။ သူ့ဆီမှာ တူညီတဲ့ အတွေ့အကြုံ မရှိပါဘူး ။ အခုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်နေရပါတယ် ။ ယူနိုက်တက် ပရိသတ်တွေဟာ အခြား အသင်းတွေလို နည်းပြမျိုး မပိုင်ဆိုင်ရဘူးလေ ”

” ဒါ့ကြောင့် ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ကြတဲ့ အချိန်တွေနဲ့ နည်းစနစ်ပိုင်း အလုပ်မဖြစ်ခဲ့တဲ့ အချိန်တွေမှာ လူတွေက ဒီရာထူးကို သူဘာ​​ကြောင့် ရရှိသွားခဲ့တာလဲဆိုပြီး တွေးခဲ့ကြတာချည်းပါပဲ ။ ပြီးရင် လိဂ်ရဲ့ အကောင်းဆုံး အသင်းတွေဖြစ်တဲ့ အခြား 3 သင်းနဲ့ နှိုင်းယှဥ်လိုက်ကြတာချည်း ပါပဲ ”

” ယူနိုက်တက်မှာ အခြားအသင်းတွေနဲ့ ယှဥ်လို့ရနိုင်တဲ့ ကစားသမား အင်အားရှိပါတယ် ။ ဒါပေမဲ့ သူတို့တွေ မယှဥ်နိုင်ကြပါဘူး ၊ ဒီအတွက် အကြောင်းပြချက်က ဘာလဲ ? အဲ့တာကြောင့်ပဲ လူတွေရဲ့ အတွေးတွေက တစ်ခုခုဆို မန်နေဂျာဆီကိုပဲ ရောက်သွားခဲ့ကြတာပါ ” လို့ ပီတာ ခရော့ချ် က သုံးသပ်သွားခဲ့လိုက်ပါတယ် ။

အတ္တလန္တာကို အနိုင်ကစားခဲ့တဲ့ ယူနိုက်တက်တို့ဟာ ဒီတစ်ပါတ်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ လီဗာပူး အသင်းကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ် ။ အဲ့တာပြီးရင်တော့ ယူနိုက်တက်တို့ဟာ တော့တင်ဟမ် ၊ အတ္တလန္တာ နဲ့ မန်စီးတီး အသင်းတွေကို ဆက်တိုက် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အခုလို ပွဲကြပ်ကာလက ဆိုးလ်ရှားရဲ့ နည်းပြ ရာထူးကို အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ သုံးသပ်မှုတွေ များပြားနေခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဖိအားတွေအောက်် ရောက်နေတဲ့ ဆိုးလ်ရှား ဘာတွေ လုပ်ပြနိုင်မလဲ…

#Sports_Myanmar