ရော်နယ်ဒို ဟာ သူ့ရဲ့ အိုင်ဒေါ ဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့တဲ့ ကန်တေ

ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီး အသင်းကို အနိုင်ရကာ ၊ ဗိုလ်စွဲခဲ့ပြီးနောက် ကလပ်အဆင့် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ အမြင့်မားဆုံး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၂ပွဲ ၊ ဆီမီးဖိုင်နယ် ၂ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ ကန်တေ ဟာ Man of the Match ဆု ၄ကြိမ် အထိ ရရှိခဲ့ကာ ၊ ပြိုင်ပွဲ တလျှောက် အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ကန်တေ ဟာ ၂၀၂၁ ခုနှစ်ရဲ့ Ballon D’Or ဆု အတွက်လည်း ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ် ။ ကန်တေ ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ်မှ ချီးမြှင့်ထားတဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဥရောပ အကောင်းဆုံး ကွင်းလယ်လူဆု ကိုလည်း ရရှိထားပြီး ဖြစ်ပါတယ် ။

ဒီရာသီမှာတော့ ကန်တေ ဟာ ကိုဗစ် ၊ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု မပြည့်တဲ့ ပြဿနာ အမျိုးမျိုးကြောင့် ချဲလ်ဆီး အတွက် ပွဲအချို့သာ ကစားပေးထားနိုင်ပါသေးတယ် ။ ယခု တပတ် လေ့ကျင့်ရေး အစီအစဉ်မှာ ကန်တေ ပြန်ပါလာလို့ ၊ မနက်ဖြန်ညမှာ ကစားမယ့် နယူးကာဆယ်နဲ့ ပွဲအတွက် ကစားသမား စာရင်းမှာ ပြန်လည် ပူးပေါင်းဖို့ မျှော်လင့်ရပါတယ် ။

်မနေ့က ချဲလ်ဆီး တရားဝင် app မှ တင်ဆက်တဲ့ ပရိသတ်တွေနဲ့ အမေးအဖြေ အစီအစဉ်မှာ ကန်တေ က ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုနဲ့ နာပိုလီနဲ့ အာဂျင်တီးနား ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီယေဂို မာရာဒိုနာတို့ဟာ ၎င်းရဲ့ အိုင်ဒေါတွေ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ် ။

ကန်တေ က ” ဒီမေးခွန်း ဟာ ကျွန်တော် ငယ်ငယ်က အထူး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကစားသမားတွေရဲ့ အကြောင်းကို ပြန်ပြီး အမှတ်ရစေပါတယ် ။ အိုင်ဒေါ ကစားသမား ရွေးချယ်ပါဆိုရင်တော့ ဘရာဇီး ရော်နယ်ဒိုနဲ့ ဒီယေဂို မာရာဒိုနာတို့ကို ရွေးချင်ပါတယ် ။ သူတို့ ၂ယောက်လုံး ကို ကျွန်တော် တကယ် သဘောကျခဲ့ပါတယ် ။ ”

” ကြီးကျယ်တဲ့ အသင်းတွေမှာ ကစားခဲ့တဲ့ သူတို့ရဲ့ ကစားပုံတွေက စွဲမက်စရာကောင်းပါတယ် ။ ငယ်ငယ် က သူတို့ ကစားခဲ့တဲ့ ဗီဒီယို မှတ်တမ်းတွေကို ကြည့်ရှုခဲ့ရတာတွေကို ကျွန်တော် ပြန်ပြီး အမှတ်ရမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ကန်တေ က အနားယူသွားတဲ့ ကစားသမားတွေထဲက ဘယ်သူနဲ့ ပြန်တွဲပြီး ကစားချင်သလဲ ၊ ဘယ်သူကို ပြိုင်ဖက်အနေနဲ့ ရင်ဆိုင်လိုသလဲ ဆိုတဲ့ အမေးမှာလည်း ရော်နယ်ဒို ကိုပဲ ထပ်မံ ရွေးချယ်သွားခဲ့ပါတယ် ။

ကန်တေ က ” ဒီမှာလည်း ကျွန်တော် ရော်နယ်ဒိုနဲ့ တွဲကစားချင်တယ်လို့ ထပ်ဖြေရပါမယ် ။ သူဟာ ကျွန်တော်နဲ့ သူငယ်ချင်းတွေ ငယ်ငယ်က အရူးအမူး ကြည့်ရှု အားပေးခဲ့ရတဲ့ ကစားသမားပါ ။ ဟုတ်ပါတယ် ။ သူ့ကို ပြိုင်ဖက် အနေနဲ့ ရင်ဆိုင်ရ အလွန် ခက်ခဲမှာ သေချာပါတယ် ။ ”

” သူ့လို ကစားသမားမျိုးကို တားဆီးဖို့ တခုတည်းသော နည်းလမ်း က ကောင်းကောင်း ပြင်ဆင် ၊ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အသွေးနဲ့ ကြိုးစား ကစားဖို့ ၊ ယုံကြည်ဖို့ပဲ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

ဆက်လက်ပြီး ကန်တေ က ဘောလုံး အားကစား ပြင်ပ သူ့ရဲ့ အကြိုက်ဆုံး အားကစားနည်း က တင်းနစ် ဖြစ်ကြောင်းကို ” တင်းနစ် ဟာ ကျွန်တော် ကျွမ်းကျင်တဲ့ အားကစား တခုတော့ မဟုတ်ပေမယ့် ၊ ကိုယ့်ရဲ့ level တူတဲ့ သူငယ်ချင်းတွေနဲ့ နွေရာသီ အားလပ်ရက်တွေမှာ အတူ ကစားရတာကို ကြိုက်နှစ်သက်ပါတယ် ။ ”

” အကြိုက်ဆုံး တင်းနစ် ကစားသမား ကတော့ ရော်ဂျာ ဖက်ဒါရာ ဖြစ်ပြီး ၊ အချိန်ရတဲ့ အခါတိုင်း ကျွန်တော် သူ ကစားတာ ကြည့်ရှု ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR