” ရိုးရိုးသားသား ပြောရရင် ဆိုးလ်ရှားဟာ လုပ်ပြခဲ့တာတွေရဲ့ အနည်းလောက်ပဲ ပြန်ပြီး ချီးကျူးခံခဲ့ရတာပါ ” လို့ ပြောလိုက်သူ တစ်ဦး

နော်ဝေ အခြေစိုက် မိုလ်ဒီ အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဖြစ်သူ အားလင်းမိုး က လက်ရှိ မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှား ဟာ မန်ချက်စတာမှာ တကယ့်ကို ကောင်းမွန်တဲ့အလုပ်တွေ လုပ်ပြနိုင်ခဲ့တယ်လို့ ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

အိုလီ ဂန်နာ ဆိုးလ်ရှားဟာ 2018 ခုနှစ် ဒီဇင်ဘာလတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ ရာထူးကို လက်ခံဖို့ ကမ်းလှမ်းခံခဲ့ရတဲ့နောက် နော်ဝေ ကလပ်် မိုလ်ဒီ အသင်းမှ မန်ချက်စတာ ယူနိုက်တက် ဆီကို ယာယီ နည်းပြ အဖြစ် ရောက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် သူဟာ ယူနိုက်တက်အတွက် အံ့ဖွယ် ရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်ခဲ့တဲ့အတွက် အမြဲတမ်း နည်းပြ အဖြစ် ရာထူးတိုး ခန့်အပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေဟာ အနိမ့်အမြင့် အတက်အကျ များပြားသွားခဲ့ရပါတယ် ။

အဆိုပါ ကာလအတွင်း ဆိုးလ်ရှားဟာ ဘစ်ဆာကာ ၊ မက်ဂွားယား ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ ကာဗာနီ တို့လို ကစား သမား​ကောင်းတွေကို ခေါ်ယူခွင့် ရရှိထားခဲ့သလို ဒီနွေမှာလည်း ဂျေဒန် ဆန်ချို ၊ ရာဖေးလ် ဗာရန်း ၊ ခရစ္စတီယာနို ရော်နယ်ဒို တို့လို ကစားသမားကောင်းတွေ ခေါ်ယူခဲ့ပါတယ် ။

ဒါပေမဲ့ အသင်းရဲ့ ရလဒ်နဲ့ ကစားပုံတွေ ထူးခြားမလာပဲ ယခင်အတိုင်း အနိမ့်အမြင့် အတက်အကျ များခဲ့ရပြန်ပါတယ် ။ အခုတော့ ယူနိုက်တက်တို့ဟာ လိဂ် ဖလား ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သလို ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာလည်း အဆင့် 6 နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ် ။

ဒါ့အပြင် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ သုံးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခြင်းက ဆိုးလ်ရှားရဲ့ ရာထူးကိုပါ ထိခိုက်စေနေပါပြီ ။ ဒါပေမဲ့ မိုလ်ဒီမှာ ဆိုးလ်ရှား နေရာကို ဝင်လာခဲ့တဲ့ အားလင်းမိုးကတော့ နော်ဝေသားဟာ လုပ်ပြနိုင်ခဲ့တာတွေရဲ့ အနည်းငယ်မျှသာ ချီးကျူးမှု ပြန်လည်ရရှိခဲ့တယ်လို့ ပြောဆို ကာကွယ်သွားလိုက်ပါတယ် ။

” သူ ( ဆိုးလ်ရှား ) မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်သွားခဲ့တဲ့ အချိန်နဲ့ လက်ရှိ အချိန်ကို နှိုင်းယှဥ် ကြည့်လိုက်မယ်ဆိုရင် သူဟာ အရမ်းကောင်းတဲ့ အလုပ်တွေ လုပ်ဆောင်ခဲ့တာကို မြင်တွေ့ရပါလိမ့်မယ် ။ သူဟာ တကယ့်ကို တောင့်တင်းတဲ့ အသင်းကို တည်ဆောက်ခဲ့ပါပြီ “

” ဒါ့ကြောင့် မျှော်လင့်ခံရခြင်းလည်း များပြာလာခဲ့ရပါတယ် ။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အရာတစ်ခုပါ ။ ဒီအတွက် သူဟာ ဒီထက်ပိုတဲ့ ချီကျူး ဂုဏ်ပြုမှုတွေ ရရှိသင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ရိုးရိုးသားသားပဲ ပြောရရင် သူက လုပ်ပြနိုင်ခဲ့တာထက် ပိုနည်းတဲ့ ချီးကျူးမှုကိုပဲ ရရှိထားခဲ့ပါတယ် “

” နော်ဝေ သတင်းမှာ ရေးသားထားတာတွေက အင်္ဂလန် သတင်းမှာ ရေးထားတာကို ကိုးကားတာတွေချည်းပါပဲ ။ ဒီမှာ သတင်းစာကိုင်ပြီး ရပ်နေတဲ့ သတင်းထောက်တွေ ၊ ဘာညာတွေ အများကြီးကို ခင်ဗျားတို့ မြင်ရမှာပါ ” လို့ အားလင်းမိုးက နော်ဝေမှာ အဖွသတင်းတွေ များနေပုံကိုပါ ဆက်လက် ဝေဖန်သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar