ရိုနယ်ဒို ၊ ရက်ဖိုဒ့် ၊ ပါဆာလစ် တို့နဲ့ . . . မန်ယူနိုက်တက် ၃-၂ အတ္တလန်တာ ပွဲက စိတ်ဝင်စားစရာ အချက် ၅ ချက်

မန်ချက်စတာ ယူနိုက်တက် ရဲ့ မနေ့ညက နိုင်ပွဲဟာ တကယ်ကို ထင်မှတ် မထားလောက်အောင် ဖြစ်ခဲ့ရ ပါတယ် ။

ပထမပိုင်း မှာ သွင်းဂိုး ၂ ဂိုးကို လွယ်လွယ် ခွင့်ပြု ခဲ့ရ အပြီးမှာတော့ ယူနိုက်တက် ဟာ ဒုတိယပိုင်း မှာ အကောင်းဆုံး တုန့်ပြန်ပြီး ၃ ဂိုး ပြန်သွင်းကာ အိုးထရက်ဖိုဒ့် မှာ နိုင်ပွဲ ရယူ သွားခဲ့ ပါတယ် ။

ဒီနိုင်ပွဲဟာ ယူနိုက်တက် အတွက် များစွာ အရေးပါခဲ့ ပါတယ် ။ နည်းပြ ဆိုးရှား ရဲ့ ဖိအားတွေကို အတန်ငယ် လျော့ချ ပေးနိုင်ခဲ့သလို ပထမပိုင်း အပြီး အုပ်စု အောက်ဆုံးကို ရောက်နေရာကနေ ပွဲအပြီးမှာ အဆင့် ၁ နေရာကို ပြန်လည် သိမ်းပိုက် နိုင်တဲ့ အထိ ယူနိုက်တက်တို့ ရယူ နိုင်ခဲ့ ပါတယ် ။

ဒီပွဲ ကနေ မြင်တွေ့ ခဲ့ရတဲ့ စိတ်ဝင်စားစရာ အချက်တွေကတော့ –

 

၁ ။ မန်ချက်စတာ ယူနိုက်တက် စစ်စစ်ကို မြင်ခဲ့ရတဲ့ ၄၅ မိနစ်

ပထမပိုင်း ၄၅ မိနစ် ဟာ ဒီရာသီ မှာ မကြာခဏ မြင်တွေ့ ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ စုတ်ပြတ်သတ် တဲ့ ကစားပုံ ပါပဲ ။

အသင်းသားတွေဟာ အာရုံစူးစိုက်မှု အားနည်းခဲ့ကြသလို တဦးချင်း လုပ်ဆောင်ရမည့် လုပ်ငန်း ဆောင်တာတွေ ကိုလည်း ပျက်ကွက် ခဲ့ကြပါတယ် ။

အတ္တလန်တာ ရဲ့ ပထမဂိုး ဟာ ကြိုတင် တွက်ဆမထားမှု ကနေ အငိုက်မိသွား ခဲ့တာ ဖြစ်ပြီး ဇက်ပါ ကော်စတာ ဘောလုံး ရသွားချိန်မှာ ယူနိုက်တက် ခံစစ်ကြောင်းဟာ နောက်ကို ပြန်ဆုတ်ဖို့ တုန့်ဆိုင်း နေခဲ့ကြပါတယ် ။

ဒုတိယဂိုး မှာလည်း ဧရိယာထဲမှာ ယူနိုက်တက် ကစားသမား အရေအတွက်က အတ္တလန်တာ ထက် ၂ ဆလောက် ရှိနေခဲ့ပေမယ့် ဂိုးပေးလိုက်ရ ပါတယ် ။ တိုက်စစ်ပိုင်း ကလည်း အတော်လေးကို အားရစရာ မကောင်းခဲ့တာပါ ။

ဒုတိယပိုင်းကတော့ အခြား မန်ချက်စတာ ယူနိုက်တက် တသင်း ဝင်ကန်သွားသလားတောင် ထင်မှတ် ခဲ့ရ ပါတယ် ။

ယူနိုက်တက် ကစားသမားတွေဟာ ရှုံးလို့ လုံး၀ မဖြစ်တဲ့ ပုံစံ ၊ အရှုံးကို မုန်းတီး စက်ဆုပ်တဲ့ ပုံစံမျိုးနဲ့ ကစားသွား ခဲ့ပြီး ဒီပွဲ နိုင်ကို နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက်မျိုးတွေ ကိုလည်း ၂-၁ ဖြစ်နေတဲ့ အနေအထားမှာ မြင်တွေ့ခဲ့ရ ပါတယ် ။

ဒီ ဒုတိယပိုင်း ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ဒီလိုမျိုး အရာတွေ ကျန်နေသေးပါလား ဆိုတဲ့ အတွေးကို ဖြစ်စေခဲ့ ပါတယ် ။ အိုလေ ဂန်နာ ဆိုးရှား သာ ဒီလို အရည်အသွေး နဲ့ စိတ်ဓါတ်တွေကို ပွဲတိုင်း ထုတ်ဖော် ပေးနိုင်မယ် ဆိုရင် ယူနိုက်တက် ဟာ သေချာပေါက် ဖလားတွေကို စိန်ခေါ်သူ ဖြစ်လာမှာပါ ။

 

၂ ။ ရိုနယ်ဒို ရဲ့ ခြားနားမှု

ဟုတ်ပါတယ် ၊ ရိုနယ်ဒို ဟာ ၃၆ နှစ် ရှိနေပါပြီ ။ အရင်လို လိမ်ခေါက် ကျော်ဖြတ်တာတွေ ၊ ဧရိယာ အပြင်က ပြင်းထန် အားပါတဲ့ ကန်ချက်တွေ ကို မလုပ် နိုင်တော့ပါဘူး ။

ဒါပေမယ့် တိုက်စစ်မှူးကြီး ဟာ ခုချိန်အထိ အကောင်းဆုံး အဆုံးသတ် သမား တယောက် ဖြစ်နေဆဲပဲ ဆိုတာကို မနေ့ညကပွဲမှာ ပြသသွားခဲ့ ပါတယ်

တကယ်လို့ ဒီပွဲဟာ မနှစ်က ရာသီတုန်းက ပွဲ ဖြစ်ခဲ့မယ် ဆိုရင် ၂-၂ နဲ့ ပွဲပြီး သွားမှာပါ ၊ အခုတော့ ရိုနယ်ဒို ရှိနေတာက ခြားနားမှု ဖြစ်သွားစေခဲ့ ပါတယ် ။

ပထမပိုင်းမှာတော့ ရိုနယ်ဒို ဟာ အခြား ယူနိုက်တက် ကစားသမားတွေလိုပဲ ကစားပုံ မကောင်းခဲ့ ပါဘူး ။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ခံစစ်ရော တိုက်စစ်ပါ အင်တိုက် အားတိုက် ကစားသွားခဲ့ ပါတယ် ။

အတ္တလန်တာ တန်ပြန် တိုက်စစ် ကစားနေချိန် မှာ ဟိုးရှေ့ ကနေ နောက်ထိ ဆင်းပြေးလာတဲ့ ရိုနယ်ဒို ကို ပွဲကြည့်သူတွေ သတိပြုမိ မှာပါ ။ ဒါမျိုး က မြင်ရခဲ ပါတယ် ။

၃ ။ ရက်ဖိုဒ့် ရဲ့ လျှို့ဝှက် လက်နက်

ရက်ဖိုဒ့် ကတော့ ယူနိုက်တက် အတွက် ပြန် ကစားတဲ့ ၂ ပွဲ မှာ ၁ ပွဲကို ၁ ဂိုး သွင်းပေးခဲ့ ပါတယ် ။

၂ ဂိုးစလုံး ပုံစံတူတွေ ချည်းပါပဲ ။

ပြိုင်ဘက် ခံစစ် ကို အငိုက်ဖမ်းပြီး လျှင်မြန်တဲ့ ပြေးအားကို သုံးကာ ဖောက်ထွက် ကန်သွင်းယူတဲ့ ပုံစံမျိုးဟာ ရက်ဖိုဒ့် ပိုင်နိုင် ကျွမ်းကျင်တဲ့ အတတ်ပညာ တခု ဖြစ်နေခဲ့ပါပြီ ။

ဒီရာသီ အစပိုင်းမှာ ရက်ဖိုဒ့် မပါနိုင်တာကြောင့် ယူနိုက်တက် တို့ ဒီကဏ္ဍ မှာ အားနည်းနေခဲ့ ပါတယ် ။ အခု ရက်ဖိုဒ့် ပြန်လာပါပြီ ။ နောက်ပွဲတွေမှာလည်း ဒီလို ဂိုးတွေ ကို ထပ်မြင်ရဦးမှာပါ ။

ပြိုင်ဘက် တွေ အနေနဲ့ ကတော့ ရက်ဖိုဒ့် ပါလာပြီ ဆိုရင် သတိပြတ်လို့ မဖြစ်တော့ပါဘူး ၊ ဒီကောင်လေး က ပြေးပြေး ထွက်တတ်တာကြောင့်ပါ ။

၄ ။ ခေါင်းထက် ခြေထောက်ကို ပိုစိတ်ချရတဲ့ မက်ဂွဲယား

မြန်မာက ယူနိုက်တက် ပရိသတ်တွေ ဟာ ဟယ်ရီ မက်ဂွဲယား ကို “ခေါင်းကြီး ၊ ခေါင်းကြီး” လို့ ခေါ်ကြပါတယ် ။

ဒီနာမည် က ပညာသွားရာ ဓါတ်သတ် ပါခဲ့သလားတော့ မသိပါဘူး ။ မက်ဂွဲယား ဟာ သူ့ရဲ့ အရပ် အမောင်း နဲ့ မလိုက်ဖက်စွာဘဲ အမြင့်ဘောတွေ မှာ အားနည်းခဲ့ ပါတယ် ။

ကိုယ့်အသင်းရတဲ့ ထောင့်ကန်ဘောတွေကို ခေါင်းတိုက် မသွင်းနိုင်သလို ကိုယ့်အသင်း ခုခံရတဲ့ တည်ကန်ဘောတွေ မှာလည်း နေရာယူ အလွဲတွေ ၊ ချိန်သားမကိုက်မှုတွေ ကို မကြာခဏ တွေ့မြင်ခဲ့ရ ပါတယ် ။

ဒါပေမယ့် ခေါင်းကြီး ရဲ့ ခြေထောက်ကတော့ ဒီလို မဟုတ်ပါဘူး ။

မက်ဂွဲယား ဟာ ကစ်ကောင်းသူ တယောက် ဖြစ်သလို ဒီဘက်နှစ်တွေမှာ ခြေထောက်နဲ့ သွင်းခဲ့တဲ့ ဂိုးအရေ အတွက်ဟာ ခေါင်းတိုက် သွင်းတဲ့ ဂိုးအရေအတွက်လောက် ရှိခဲ့ ပါတယ် ။

ဒါကို ယူနိုက်တက် နဲ့ အင်္ဂလန် အသင်းပွဲတွေကို သေချာစောင့်ကြည့် ဖြစ်သူတွေ သတိပြုမိကြမှာပါ ။

မနေ့ညက ပွဲမှာလည်း “မက်ဂွဲယား ဆိုရင်တော့ မဝင်လောက်ဘူး” ဆိုတဲ့ အနေအထားမျိုးကနေ တိကျ သေသပ်တဲ့ ကန်ချက် နဲ့ ဂိုးရယူပေးသွားခဲ့ ပါတယ် ။

“ခေါင်းကြီး” အစား “ခြေထောက်ကြီး” လို့ ပြောင်းခေါ်ရင်တော့ မက်ဂွဲယား ဆီက ခေါင်းတိုက်ဂိုးတွေကို မြင်တွေ့ ကောင်း မြင်တွေ့ရ နိုင်မှာပါ ။

၅ ။ စင်ပေါ်မှာ ထင်ပေါ်လာဦးမယ့် ချဲလ်ဆီးထွက်

မိုဆာလာ ၊ လူကာကူ ၊ ကယ်ဗင် ဒီဘရိုင်းနား တို့ဟာ ချဲလ်ဆီး ကနေ အခြားတသင်းကို ထွက်ခွာပြီး စွန့်စားခန်းသစ်တွေ ဖွင့်ရင်း အောင်မြင်သူတွေ ဖြစ်လာခဲ့ကြပါတယ် ။

အခု အတ္တလန်တာ မှာလည်း သူတို့ရဲ့ ခြေရာကို လိုက်နင်းနိုင်ဖို့ ကြိုးစားနေသူ တယောက် ရှိနေပါပြီ ။

သူကတော့ မာရီယို ပါဆာလစ် ပါပဲ ။

မနှစ်ကတည်းက အတ္တလန်တာ ရဲ့ အမာခံ ကစားသမား တယောက် ဖြစ်နေခဲ့တဲ့ ပါဆာလစ် ဟာ ဒီနေ့ ပွဲရဲ့ ပထမပိုင်းမှာ အတ္တလန်တာ တိုက်စစ်ကို ဦးဆောင် ခဲ့ပြီး အဖွင့်ဂိုး ကိုလည်း ကောင်းမွန်တဲ့ အဆုံးသတ် စွမ်းရည် နဲ့ ရယူပေးခဲ့ ပါတယ် ။

ဒီဂိုး မှာ ချဲလ်ဆီး အသင်းသားဟောင်း ဖြစ်တဲ့ ဇက်ပါ ကော်စတာ ရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့ ပါတယ် ။

ယူနိုက်တက် ခံစစ်လိုင်း ကို အရှိန်နဲ့ ဖောက်ထွက် ခဲ့တဲ့ ကော်စတာ ဟာ ဂိုးသွင်းဖို့ စောင့်နေတဲ့ ပါဆာလစ် လူမကျွံအောင် ကောင်းမွန်တဲ့ ပေးပို့မှု ကို ပြုလုပ်ပေးသွားခဲ့တာပါ ။

ချဲလ်ဆီး အတွက်တော့ ဂုဏ်ယူစရာပါပဲ ။

မန်ချက်စတာ ယူနိုက်တက် ဟာ အုပ်စု ပွဲစဉ် ၃ ပွဲ အပြီးမှာတော့ ရမှတ် ၆ မှတ် နဲ့ အဆင့် ၁ နေရာကို ရယူထား နိုင်ခဲ့ ပါတယ် ။ လာမယ့် ပွဲစဉ် ၄ မှာတော့ အတ္တလန်တာ ကိုပဲ အီတလီ မြေပေါ်မှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ရှေ့ လာမယ့် တနင်္ဂနွေမှာတော့ ယူနိုက်တက် ဟာ လီဗာပူး အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR