“ရိုနယ်ဒို သာ စောစောထွက်သွားမယ်ဆိုရင် ပိုကောင်းခဲ့မှာပါ” – ချီယာလီနီ

ယူဗင်တပ် အသင်းရဲ့ ဝါရင့် ခံစစ်မှူးကြီး ဂျော်ဂျီယို ချီယာလီနီ က သူတို့ အသင်းဟာ ရိုနယ်ဒို ထွက်ခွာ သွားခြင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစား ခဲ့ရပြီး ရာသီ အစပွဲစဉ်တွေ မှာ ရလဒ်တွေ ဆိုးရွား ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်တွေ မှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ထံ ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ် ။

ရိုနယ်ဒို အသင်းပြောင်းချိန် မှာ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့ ရက်အနည်းငယ်သာ လိုတော့ပြီး ယူဗင်တပ် အနေနဲ့ ရိုနယ်ဒို ရဲ့ နေရာကို အစားထိုးဖို့ သေချာ ပြင်ဆင် နိုင်ခြင်း မရှိခဲ့ ပါဘူး ။

ချီယာလီနီ ကတော့ ရိုနယ်ဒို ရဲ့ အပြောင်းအရွှေ့သာ ဒီထက်စောပြီး ဖြစ်ခဲ့မယ် ဆိုရင်တော့ ယူဗင်တပ် အတွက် ပိုပြီး ပြင်ဆင်ချိန် ရရှိနိုင်ခဲ့မှာ ဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

 

“ရိုနယ်ဒို က သူ့ကို အရေးပါတယ်လို့ သတ်မှတ်ထားတဲ့ အသင်းမျိုးမှာ ကစားချင်သူပါ ။ ဒါကြောင့် ဒီမှာ အဆင်မပြေ တော့တဲ့ အခါမျိုးရောက်လာ ချိန်မှာတော့ သူနဲ့ ကျွန်တော်တို့ နှုတ်ဆက်ဖို့ ဖြစ်လာတော့ တာပါပဲ ။

အခု သူဟာ အရေးပါတဲ့ ကစားသမား တယောက် ဖြစ်တယ်ဆိုတာကို မန်ချက်စတာ ယူနိုက်တက် မှာ ပြသ နေပါပြီ ။ အရင်ကလည်း ဒီလို အရေးပါမှုမျိုးကို ကျွန်တော်တို့ ဆီမှာ ပြခဲ့ဖူး ပါတယ် ။

ယူဗင်တပ် မှာက သွေးသစ်လောင်းပြီး ခေတ်သစ် တခုကို ထူထောင်ဖို့ အစပျိုးနေ ပါပြီ ။ ရိုနယ်ဒို ဒီမှာ ဆက်နေရင်လည်း သူ့ကို လူတိုင်း လေးလေးစားစား ဆက်ဆံ ကြမှာပါ ။ ဒါပေမယ့် သူက လက်ရှိထက် အနာဂါတ် ကို ပိုပြီး စဉ်းစားခဲ့ ပါတယ် ၊ ဒါကလည်း ဖြစ်တတ်တဲ့ ကိစ္စ တခုပါပဲ”

 

“ရိုနယ်ဒို က သြဂုတ် ၂၈ မှာ ထွက်သွားခဲ့တာပါ ။ အပြောင်းအရွှေ့ က နောက် ၃ ရက်ကြာတော့ ပိတ်သွားခဲ့ ပါတယ် ။

သူသာ ဒီထက်စောပြီး ထွက်သွားခဲ့မယ် ဆိုရင် အသင်းအတွက် လုပ်ရကိုင်ရ ပိုပြီး အဆင်ပြေစေ မှာပါ ။

သူ အခုလို ရုတ်တရက် ထွက်သွား ခဲ့တာဟာ ကျွန်တော်တို့ရဲ့ ရာသီ အစာပိုင်း ပွဲတွေကို အံ့အားသင့်စရာ ရလဒ်တွေနဲ့ အဆုံးသတ် စေခဲ့ပါတယ် ။

အခုတော့ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါပြီ” လို့ ချီယာလီနီ က ပြောဆို သွားခဲ့ ပါတယ် ။

 

ယူဗင်တပ် ဟာ ဒီနှစ် ရာသီ စီးရီးအေ အစမှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ခဲ့ပြီး အဆင့် ၁၈ အထိ ကျဆင်း သွားခဲ့ပါတယ် ။ ဒါပေမယ့် ချန်ပီယံလိဂ်တွေ စတင်တဲ့ အောက်တိုဘာ အလယ်လောက်က စပြီး အယ်လီဂရီ ရဲ့ အသင်းဟာ လမ်းကြောင်းမှန်ပေါ်ကို တဖြည်းဖြည်း ပြန်လည် ရောက်ရှိ လာခဲ့ပြီး ချန်ပီယံလိဂ် မှာတော့ ၁၀၀% နိုင်ပွဲကို ရယူထားနိုင်ခဲ့ ပါတယ် ။

ရိုနယ်ဒို ကလည်း အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် မှာ ပွဲတိုင်းနီးပါး ဂိုးတွေ သွင်းယူကာ သူမျှော်လင့် ထားသလိုမျိုး အရေးပါမှု ကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် အုပ်စု ၃ ပွဲစလုံးမှာ ၁ ပွဲကို ၁ ဂိုးနှုန်း သွင်းယူ နိုင်ခဲ့ပါတယ် ။ ယမန်နေ့ ညက ကစားခဲ့တဲ့ ပွဲမှာလည်း ရိုနယ်ဒို ဟာ အတ္တလန်တာ ဘက်ကို အနိုင်ဂိုး သွင်းပေးခဲ့ပြီး ၂-၀ နဲ့ ရှုံးနိမ့် နေတဲ့ ယူနိုက်တက် ကို ၃-၂ နဲ့ အနိုင် ရရှိအောင် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR