ရိုနယ်ဒို ရဲ့ ခေါင်းတိုက် စွမ်းရည်ကို သဘောကျ နေတဲ့ ဟယ်ရီ မက်ဂွဲယား

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယား ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ယူနိုက်တက် အတွက် အနိုင်ဂိုး ကို သွင်းယူ ပေးခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ခေါင်းတိုက် စွမ်းရည်ကို နှစ်သက် အားကျမိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အီတလီ စီးရီးအေ ကလပ် အတ္တလန်တာ ကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစား ခဲ့ပြီး ဆိုးရွားတဲ့ ကစားပုံနဲ့ အတူ ပထမပိုင်း အပြီးမှာ ၂-၀ နဲ့ အရေးနိမ့် နေခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ ယူနိုက်တက် ဟာ ပထမပိုင်းနဲ့ လုံး၀ ခြားနားတဲ့ ကစားပုံကို ပြသ သွားခဲ့ပြီး ၃ ဂိုး ပြန်သွင်းကာ အနိုင်ရလဒ်ကို ယူဆောင် နိုင်ခဲ့ ပါတယ် ။

 

ရိုနယ်ဒို ဟာ ယူနိုက်တက် ရဲ့ တတိယ ဂိုးကို ခေါင်းတိုက် သွင်းယူ ပေးခဲ့တာပါ ။ လုခ်ရှော ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ရိုနယ်ဒို က ဧရိယာ ထဲမှာ ခုန်ပြီး ပိုင်ပိုင် နိုင်နိုင် ခေါင်းတိုက် သွင်းခဲ့တာ ဖြစ်ပြီး အတ္တလန်တာ ဂိုးသမား ဘာမှ မတတ်နိုင်ခဲ့ ပါဘူး ။

ရိုနယ်ဒို ဟာ ဗီလာရီးရဲ အသင်းကို ၂-၁ နဲ့ အနိုင် ရခဲ့တဲ့ အုပ်စု ဒုတိယ ပွဲမှာလည်း အနိုင်ဂိုးကို ၉၅ မိနစ် မှာ သွင်းယူ ပေးခဲ့သလို ယန်းဘွိုင်းစ် ကို ရှုံးနိမ့် ခဲ့တဲ့ အုပ်စု အဖွင့်ပွဲ မှာလည်း ယူနိုက်တက် အတွက် ဂိုးသွင်းပေး ခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် ဒုတိယ ချေပဂိုး ကို ကန်သွင်း ရယူ ပေးခဲ့တဲ့ ဟယ်ရီ မက်ဂွဲယား ကတော့ ရိုနယ်ဒို ခေါင်းတိုက် ဂိုးသွင်းလိုက်တဲ့ ပုံစံ ကို အလွန် သဘောကျ အားရ ခဲ့ပြီး ပေါ်တူဂီသားကြီး ရဲ့ အရေးပါမှုကို ထုတ်ဖော် ချီးကျူး သွားခဲ့ ပါတယ် ။

“ဒီဂိုး ကို သူ သွင်းတော့ ကျွန်တော်က သူ့ နောက်မှာ ရှိနေတာပါ ။ အားလုံးကို ရှင်းရှင်း လင်းလင်း မြင်ခဲ့ရ ပါတယ် ။

သူ ခုန်လိုက်တာ ၊ အရှိန်ယူ ပြေးထွက်တာ ၊ ဘောလုံးကို ခေါင်းနဲ့ ထိလိုက်တာတွေက တကယ့်ကို ပြီးပြည့်စုံ ကွက်တိ ကျခဲ့ ပါတယ် ။

ဒီလို ဂိုးမျိုးကို အရင်တုန်းကတည်းက သူ အများကြီး သွင်းတာ မြင်ခဲ့ဖူး ပါတယ် ။ ယူနိုက်တက် လေ့ကျင့်ရေး ကွင်းမှာလည်း မြင်ခဲ့ပြီး ပါပြီ ။ အခုတော့ ကွင်းထဲမှာ အနီးကပ် မြင်လိုက်ရ တာပါပဲ”

“သူက ကျွန်တော်တို့ အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်တယ်ဆိုတာကို အဆုံးအဖြတ် သွင်းဂိုး တဂိုး နဲ့ ထပ်ပြီး ပြသ ခဲ့ပြန် ပါပြီ ။ ဒီပွဲဟာ ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးခဲ့ ပါတယ် ။

နောက်တဆင့်ကို တက်ဖို့ အတွက် ဒီပွဲကို နိုင်ဖို့ လိုအပ်ခဲ့လို့ပါ ။

ပထမပိုင်းမှာ ကစားပုံ မကောင်းဘဲ ဂိုး ၂ ဂိုးတောင် ပေးခဲ့ရ ပါတယ် ။ ဒါက ဆိုးတဲ့ ကိစ္စပါ ။

ဒုတိယဂိုး ဆိုရင် လုံး၀ မပေးလိုက်သင့်ပါဘူး ။ ခုနောက်ပိုင်း မှာ တည်ကန်ဘော ကနေ ဂိုးပေးရတာတွေ ပြန်များလာ ပါပြီ ။ ဒါကို ကျွန်တော်တို့ အမြန်ဆုံး ပြင်ဆင် ဖို့ လိုပါတယ်”

“ပထမပိုင်း အပြီး အဝတ်လဲခန်း ထဲမှာတော့ ကျွန်တော်တို့ စည်းလုံးမှု ကို ပြသခဲ့ကြပါတယ် ။ ပရိသတ်တွေ ကလည်း ၂ ဂိုးပြတ် ရှုံးနေတာတောင်မှ လက်ခုပ်တွေ တီးပြီး အားပေး နေဆဲပါ ။ သူတို့ရဲ့ ခွန်အားတွေ ဟာ ဒီပွဲ ကို အနိုင်ပြန်ရဖို့ အများကြီး အထောက် အကူ ဖြစ်စေခဲ့ ပါတယ် ။ ဒီအတွက် ပရိသတ်တွေကို ကျေးဇူး တင်ရမှာပါ” လို့ မက်ဂွဲယား က ပြောဆို သွားခဲ့ ပါတယ် ။

 

 

မန်ချက်စတာ ယူနိုက်တက် ဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ထက်ဝက်ကျိုးချိန် မှာ ၆ မှတ် ရရှိထားပြီး ယန်းဘွိုင်းစ် ၊ ဗီလာရီးရဲ ၊ အတ္တလန်တာ တို့ ပါဝင်တဲ့ အုပ်စု မှာ ပထမ နေရာကို ရယူထားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေ မှာတော့ ဒီရာသီ မှာ ခြေစွမ်းကောင်းနေတဲ့ လီဗာပူး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားသွားရ မှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR