ရမ်စ်ဒဲလ် rating အမြင့်ဆုံးဖြစ်ခဲ့တဲ့ လက်စတာ ၀-၂ အာဆင်နယ် ပွဲမှ ဂန်းနား ကစားသမားများရဲ့ rating များ

ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ရဲ့ အစောဆုံး ပွဲဖြစ်တဲ့ လက်စတာ စီးတီး နဲ့ အာဆင်နယ် အသင်း ပွဲကတော့ ပြီးဆုံး သွားခဲ့ပါပြီ ။အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ လက်စတာ စီးတီး အသင်းကို ၂ ဂိုးပြတ် အနိုင် ရသွားပြီး အမှတ်ပေးဇယား အဆင့် ၅ ကို ယာယီ တက်လှမ်း လာခဲ့ပါတယ် ။

အိမ်ရှင် လက်စတာ စီးတီး အသင်းဟာ ဒီနေ့ပွဲမှာ ဘရန့်ဖိုဒ့် နဲ့ ပွဲက လူစာရင်းကို တစ်နေရာပဲ အပြောင်းအလဲ လုပ်ခဲ့ပြီး ပါရဲရား နေရာမှာ သောမက်စ် နဲ့ ပွဲထွက် လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းကတော့ အက်စတွန်ဗီလာ နဲ့ ပွဲက လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက် လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာတင် ဆာကာ ရဲ့ထောင့်ကန်ဘော ကနေ ဂါဘရီယဲလ် က ခေါင်းတိုက် သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒုတိယဂိုးကတော့ လက်စတာ ကစားသမား ဖျက်ထုတ်ပုံ မသေသပ်မှုကနေ စမစ်ရို က ကန်သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

လက်စတာ ၀ – ၂ အာဆင်နယ် ပွဲမှ အာဆင်နယ် ကစားသမားများရဲ့ ratingကို ဖော်ပြ ပေးလိုက်ပါတယ် ။

ရမ်စ်ဒဲလ်(၁၀) – လက်စတာ နဲ့ ပွဲက ရမ်စ်ဒဲလ် ရဲ့ ဂိုးပေါက် ကာကွယ်မှု ၊ ဘောလုံး ဖြန့်ဝေမှု နဲ့ နောက်တန်း ကစားသမားတွေကို ထိန်းကျောင်း နိုင်မှုက တကယ့် ထိပ်တန်း အဆင့် ဖြစ်ပြီး သူ့အတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန်ကြောင်း တစ်ပွဲပြီး တစ်ပွဲ သက်သေပြနေပါတယ် ။

တိုမီယာစု(၇) – ပွဲအခြေအနေ ကို ကောင်းကောင်း နားလည် သဘောပေါက်ပြီး ချိန်သားကိုက် ဖျက်ထုတ်မှုတွေ ၊ ကြားဖြတ် ရယူမှုတွေ လုပ်နိုင် ခဲ့ပါတယ် ။

ဘန်ဝှိုက်(၇) – သူနဲ့ ဂါဘရီယဲလ် ရဲ့ အတွဲအဖက်က တကယ့်ကို အံ့ဖွယ်ပါပဲ ၊ တစ်ယောက် နဲ့ တစ်ယောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထွက်ပေါ်လာအောင် ကူညီ ပေးနေကြပြီး ဘန်ဝှိုက်ရဲ့ ပါးနပ်တဲ့ နေရာယူမှုတွေကြောင့် လက်စတာ တိုက်စစ်မှူးတွေ လှုပ်မရ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမယ့် မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေတော့ ရှိခဲ့ပါတယ် ။

ဂါဘရီယဲလ်(၉) – ဗာဒီ လှုပ်မရအောင် ထိန်းသွားခဲ့ပြီး ဘောလုံး ယှဉ်လှမှု ၊ အမြင့်ဘော အားလုံးမှာ အသာ ရခဲ့ပါတယ် ၊ အာဆင်နယ် အတွက် ဦးဆောင်ဂိုးကိုလည်း ခေါင်းတိုက် သွင်းယူ ပေးခဲ့ပါတယ် ။ ဒါနဲ့ ဂါဘရီယဲလ် က ခုမှ အသက် ၂၃ နစ်ပဲ ရှိသေးသူပါ ။

တာဗာရက်စ်(၈) – တီယာနေး မကစားနိုင်ချိန် အာဆင်နယ် အသင်း ရဲ့ ဘယ်ခြမ်းခံစစ်မှာ တာဝန်ကျေအောင် ကစား နိုင်ခဲ့ပြီး သူ့ရဲ့ ဘောလုံး ဆွဲပြေးမှု အခိုက်အတန့် အချို့ကလည်း အတော် ကောင်းမွန် ခဲ့ပါတယ် ။

ပါတေး(၈) – အာဆင်နယ် အသင်းရဲ့ ခံစစ် တိုက်စစ် အကူးအပြောင်းတွေမှာ ပါတေး ရဲ့ စွမ်းဆောင်ရည်ကို မဖြစ်မနေ အသိအမှတ်ပြုရမှာပါ ။ ဒါ့အပြင် ပါတေး ရဲ့ off the ball movement တွေကလည်း အတော် ကောင်းခဲ့ပါတယ် ။ ဒုတိယဂိုးဟာလည်း သူ့ရဲ့ ပေးပို့မှုကနေ အစပြုခဲ့တာပါ ။

လိုကွန်ဂါ(၇) – သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှုက အကောင်းဆုံး အနေအထားမှာ ရှိမနေခဲ့ပေမယ့် အာဆင်နယ် အသင်း ရဲ့ ကွင်းလယ် ပိုကျစ်လစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ အသင်းက ခံစစ် ကစားနေတာကြောင့် ပွဲထဲ ပျောက်နေသလိုတော့ ဖြစ်ခဲ့ပါတယ် ။

စမစ်ရို(၈)- အခွင့်အရေး ရတိုင်း ဘောလုံး ဆွဲပြေးပြီး လက်စတာ ခံစစ်ကို ကောင်းကောင်း ဒုက္ခ ပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဒီရာသီ သူ့ရဲ့ ပရီးမီးယားလိဂ် ၃ ဂိုးမြောက်ဂိုးကိုလည်း သွင်းနိုင်ခဲ့ပါတယ်

ဆာကာ(၇) – ဒီနေ့မှာ ပွဲ ၁၀၀ ပြည့်သွားတဲ့ ဆာကာ ဟာ လက်စတာ ရဲ့ ဘယ်ခြမ်း ခံစစ်ကို အလုပ်ရှုပ်အောင် လုပ်နိုင်ခဲ့ပြီး သောမက်စ် တစ်ယောက် သူ့ကို ထိန်းချုပ် မရ ဖြစ်နေခဲ့ပါတယ် ။ ဂါဘရီယဲလ် ရဲ့ ခေါင်းတိုက်ဂိုးဟာ သူ့ရဲ့ ထောင့်ကန်ဘောကနေ ရရှိခဲ့တာပါ ။

အူဘာမီယန်း(၇) – ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချဖို့ ကြိုးစားခဲ့ပေမယ့် ရှမိုက်ကယ် ကာကွယ် သွားခဲ့ပါတယ် ။ ဒါပေမယ့် အူဘာ ဟန်ချက်ပျက်အောင် လုပ်ခဲ့တဲ့ အီဗန်စ် အနီကဒ် မပြခံရတာကတော့ အငြင်းပွားစရာပါ ။

လာကာဇက်(၇) – တိုက်စစ်မှာ အကျိုးသက်ရောက်မှု များများစားစား မရှိခဲ့ပေမယ့် စမစ်ရို ရဲ့သွင်းဂိုးမှာ သူ့ရဲ့ ပြေးလွှားမှုကလည်း အခရာ ကျခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – အိုဒီဂွါဒ်(၅) ၊ ပေပေ(-) ၊ ကိုလာစီနက်(-) ။

SM