ရမ်စ်ဒဲလ် ဟာ အင်္ဂလန် အသင်းရဲ့နံပါတ်တစ် ဂိုးသမား ဘာကြောင့် ဖြစ်သင့်သလဲဆိုတာ ပြောကြားလိုက်တဲ့ အီယန်ရိုက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် ဟာ လက်စတာ နဲ့ ပွဲမှာ လက်စွမ်းကောင်းတွေ ပြသခဲ့တဲ့ အာဆင်နယ် ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ကို ချီးကျူး လိုက်ပြီး သံသယ ဖြစ်ဖွယ်ရာမရှိ အင်္ဂလန် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့က လက်စတာ စီးတီး အသင်းကို ဂါဘရီယဲလ် ၊ စမစ်ရို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင် ရရှိ ခဲ့ပါတယ် ။ ဂန်းနား တို့ နိုင်ပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၈ ကြိမ် အထိ လုပ်ပြီး Man of the Match ရခဲ့တဲ့ ဂိုးသမား ရမ်စ်ဒဲလ် က အဓိက ကျခဲ့ပါတယ် ။

လက်စတာ နဲ့ ပွဲက မက်ဒီဆင် ရဲ့ ဖရီးကစ်ကို ရမ်စ်ဒဲလ် ရဲ့ ကာကွယ်ပုံဟာ ပရိသတ်တွေကြား အတော်လေး အပြောများခဲ့ပြီး ဂန္တဝင် ဂိုးသမားကြီးတွေ ဖြစ်ကြတဲ့ ပီတာ ရှမိုက်ကယ် နဲ့ ဒေးဗစ်ဆီးမန်း တို့ကတောင် တွစ်တာကနေ ချီးကျူး စကားဆိုခဲ့ကြပါတယ် ။

အာဆင်နယ် ဂန္တဝင် အီယန်ရိုက် ကလည်း BBC Match of the day မှာ ” ကျွန်တော်တို့ အခု တခုတ်တရ ပြောနေ ချီးကျူးနေကြတဲ့သူက အရင်က လှောင်ပြောင် ခံခဲ့ရသူပါ ၊ အာဆင်နယ် ဆိုလည်း သူ့ကို ငွေတွေအများကြီး ပေးပြီး ခေါ်ခဲ့တဲ့ အတွက် လှောင်ခံခဲ့ရပါတယ် ၊ ပရီးမီးယားလိဂ်မှာ ၂ ရာသီပဲ ကစားဖူးသူကို ဘာကြောင့် အဲ့လောက် ပေးပြီး ခေါ်သလဲပေါ့ ။ ”

” သူက အခု ပုံစံကောင်းမှာ ရှိနေပါတယ် ၊ သူ့ရဲ့ဘောလုံး ဖြန့်ဝေမှုက အံ့မခန်းပါပဲ ၊ အဝတ်လဲခန်း အတွင်းမှာရော လာကာဇက် အတွက်ပါ သူက ယုံကြည်မှုတွေ ဆောင်ယူ လာပေးခဲ့သူပါ ၊ သူက တကယ့်ကို အံ့ဖွယ် ဂိုးသမားပါ ။ ”

မက်ဒီဆင် ရဲ့ ဖရီးကစ် ကို ရမ်စ်ဒဲလ် လက်စွမ်းပြ ကာကွယ် နိုင်ခဲ့မှု အပေါ် ” ပြောရမယ်ဆိုရင် ဒီရာသီရဲ့ အကောင်းဆုံး ကာကွယ်မှုပါပဲ ၊ တကယ့်ကို မိုက်လွန်းပါတယ် ၊ ကာကွယ်ပြီးနောက်ပိုင်းမှာလည်း ကံတရားက သူ့ဘက်မှာ ရှိနေတယ် ပြောရမှာပါ ၊ ဂျွန်နီ အီဗန်စ် က ပိတ်ဖို့ လုပ်ခဲ့ပေမယ့် ရမ်စ်ဒဲလ် ကံကောင်းသွားခဲ့ပါတယ် ။ ”

” လက်စတာ က ဒုတိယပိုင်းမှာ အာဆင်နယ် အသင်းကို အတော်လေး ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပါတယ် ၊ အာဆင်နယ် က လူငယ် အသင်းဖြစ်နေတာကြောင့်လည်း ပါပါတယ် ၊ ဒါပေမယ့် ရမ်စ်ဒဲလ် က အံ့ဖွယ် ဂိုးပေါက်ကာကွယ်မှုတွေ လုပ်ပြီး အာဆင်နယ် အသင်း အနိုင်ရလဒ်ကို ထိန်းသိမ်း ပေးခဲ့ပါတယ် ။ ”

ရမ်စ်ဒဲလ် ဟာ အင်္ဂလန် အသင်းရဲ့ ပထမဂိုးသမား နေရာအတွက် ပစ်ဖိုဒ့် ကို ဖိအားပေးနေနိုင်ပြီလား ဆိုတဲ့ မေးခွန်းကိုလည်း အီယန်ရိုက်က ” ဒါပေါ့ ၊ သံသယ ဖြစ်ဖွယ်ရာမရှိပါပဲ ။ အထူးသဖြင့် သူ့ရဲ့ဘောလုံး ဖြန့်ဝေမှု နဲ့ အသက်ငယ်ရွယ်မှုကြောင့်ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရမ်စ်ဒဲလ် ဟာ ဒီရာသီ အာဆင်နယ် အတွက် ၈ ပွဲ ပွဲထွက် ကစားရာမှာ clean-sheet ၅ ပွဲ အထိ ရယူထားနိုင်တာလည်း ဖြစ်ပါတယ် ။

SM