ယူနိုက်တက် ပရိသတ်တွေကို စိတ်ညစ်စေလိုက်ပြန်ပြီး အတ္တလန္တာနဲ့ ပွဲအပေါ် မှတ်ချက်ကောင်း ပေးလိုက်တဲ့ ဆိုးလ်ရှား

အခုအချိန် မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများစုကို ဖြစ်နိုင်တဲ့ အရာတွေထဲက ဘာကိုလိုချင်လဲလို့ မေးလိုက်ရင် အများစုက လက်ရှိ နည်းပြ ဆိုးလ်ရှားကို ထုတ်ပြီး ကမ္ဘာ့အဆင့် နည်းပြ တစ်ဦးဦးနဲ့ အစားထိုးချင်တယ်လို့ ဖြေကြမှာ သေချာလွန်းလှပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ဆိုးလ်ရှားရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေနဲ့ ကစားကွက််တွေက တစ်စထက်တစ်စ စိတ်ပျက်စရာ ကောင်းလာရလို့ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ်တွေ အများစု ဆိုးလ်ရှားကို စိတ်ကုန်နေခဲ့ကြပါပြီ ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံးကြိမ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 3 ပွဲဆက် နိုင်ပွဲပျောက််ဆုံးခဲ့တာဖြစ်ပြီး ဒီရာသီမှာ ကစားထားခဲ့တဲ့ ပြိုင်ပွဲစုံပွဲစဥ် 11 ပွဲမှာ 5 ပွဲသာ အနိုင်ရရှိထားခဲ့ပါသေးတယ် ။ ဒါ့အပြင် ကာရာဘောင်ဖလားပြိုင်ပွဲမှလည်း ယူနိုက်တက်တို့ ထွက်ခွာခဲ့ကြရပါပြီ ။

ဒါ့ကြောင့်လည်း နိုင်ပွဲ မဖြစ်မနေ ပြန်လည် လိုအပ်နေချိန်မှာ မန်ချက်စတာ ယူနိုက်တက်တို့ လက်စတာ စီးတီး အသင်းကို 4 – 2 ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ပရိသတ်တွေက နည်းပြဖြစ်သူအပေါ် သည်းမခံနိုင်တော့ပဲ ထုတ်ပယ်ဖို့ အသင်းကို ဖိအားတွေ ဆက်တိုက်ပေးခဲ့တာပဲဖြစ်ပါတယ် ။

ဒါပေမဲ့ အတ္တလန္တာ အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဥ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က သူဟာ အသင်း တာဝန် ရှိသူတွေရဲ့ ထောက်ခံ အားပေးမှုကို ရရှိနေဆဲ ဖြစ်ကြောင််း ၊ သူတို့ကြားမှာ အဆင်ပြေမှုတွေ ရှိနေကြောင်း ပြောလိုက်ခြင်းဖြင့် ပရိသတ်တွေကို စိတ်ညစ်စေခဲ့လိုက််ပါတယ် ။

” လွန်ခဲ့တဲ့ နှစ်တွေအတွင်း အသင်း တိုးတက်လာပုံတွေကို ခင်ဗျားတို့ မြင်တွေ့ခဲ့ကြမှာပါ ။ ကျွန်တော် စရောက်ခဲ့ပြီး ကိုင်တွယ်ခဲ့တဲ့ ရာသီဝက်က အဆင့် 6 ၊ အဲ့တာပြီး အဆင့် 3 ၊ အဆင့် 2 တွေကို ရရှိခဲ့ပါတယ်။ ခင်ဗျားတို့ အသင််းရဲ့ လုပ်ငန်းစဥ် ၊ တိုးတက်ပုံ တွေကို မြင်ခဲ့ကြမှာပါ “

” ဒီနှစ်လည်း ကျွန်တော်တို့ ဆက်လက် တိုးတက်ချင်ကြပါတယ် ။ ကျွန်တော်တို့ဟာ မျှော်လင့်ချက် အားကောင်းစေနိုင်မယ့် ကစားသမားတွေကို ခေါ်ယူခဲ့ကြပါသေးတယ် ။ အခြား အသင်းတွေလည်း ကစားသမားတွေ ခေါ်ယူပြီး တိုးတက်ခဲ့ကြတာပါပဲ “

 

” အခု ကျွန်တော်တို့တွေဟာ အခြား ထိပ်တန်း အသင်းတွေနဲ့ တူညီတဲ့ လှေတစ်ခုထဲမှာပဲ ရှိနေကြပါသေးတယ် ။ ဖိအားတွေကတော့ အမြဲတမ်း ရှိနေပါတယ် ။ ကျွန်တော့်အပေါ်မှာ ဖိအားတွေ အမြဲတမ်း ရှိပါတယ် ။ အရင်ကလဲ ဖိအားတွေ ရှိခဲ့ပေမဲ့ ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့တာပါပဲ “

” အခုတော့ ကျွန်တော်ဟာ ပြန်လည် တုန့်ပြန်မှုတွေကို စောင့်မျှော်နေပါတယ် ။ အသင်းနဲ့ ကျွန်တော့်ကြား အမြဲလို စကားပြော ဆက်သွယ်နေကြပါတယ် ။ ဒါဟာ အမြဲလို ပွင့်လင်းပြီ ရိိုးသားလှတဲ့ ဆွေးနွေးမှုတွေပဲ ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ အကြား အဆင်ပြေနေခဲ့ရပါတယ် “

” ကျွန်တော်တို့ဟာ ပွဲစဥ်တစ်ပွဲပြီးတိုင်း ပြန်လည် ခွဲခြမ််းစိတ်ဖြာကြတာချည်းပါပဲ ။ ကျွန်တော်တို့က ပွဲမှာ ဘာတွေ ကောင်းကောင်းလုပ်ခဲ့လဲ ၊ ဘာတွေ မကောင်းခဲ့ဘူးလဲ ပြန််လည် လေ့လာသုံးသပ််ကြပါတယ် ။ အဲ့တာတွေ ပြီးရင်တော့ ကျွန်တော်တို့တွေဟာ နောက်ထပ်လာမဲ့ပွဲစဥ်အပေါ် အမြန်ဆုံးပဲ အာရုံစူးစိုက်​​လေ့ ရှိတတ်ခဲ့ကြပါတယ် “

” အခု ရင်ဆိုင်ရမှာ အတ္တလန္တာပါ ။ သူတို့က ခြားနားတဲ့ ပြိုင်ဖက် ၊ ဒါဟာ ခြားနားတဲ့ ပြိုင်ပွဲ တစ်ခုပေါ့ဗျာ ။ အခုတော့ ကျွန်တော်တို့တွေဟာ ဒီပွဲစဥ်မှာ ဘယ်လို နေရာတွေ ကောင်းဖို့ လိုအပ်သလဲ ဆိုတဲ့ အပေါ်ပဲ အထူး အာရုံစိုက် ​နေကြပါတယ် “

” ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ကျွန်တော်တို့ဟာ သိပ်မကောင်းတဲ့ အရာတွေ အများကြီးကို ကြုံတွေ့ခဲ့ပြီးကြ ပါပြီ ။ ပြီးရင်တော့ လမ်းကြောင်းမှန်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့တာချည်းပါပဲ ။ ဒီပွဲစဥ်မှာလည်း ကောင်းမွန်တဲ့ ကစားဟန်နဲ့ ရလဒ်ကောင်းရယူနိုင်ဖို့ မျှော်လင့်နေပါတယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းကို နည်းပြခဲ့တဲ့နောက် ဆိုးလ်ရှားဟာ ဖိအားတွေအောက် နိုင်ပွဲတွေ ပြန်လည် ရယူပြနိုင်ခဲ့တာချည်းပါပဲ ။ ဒါ့ကြောင့်လည်း သူဟာအခုထိ ရာထူးမြဲနေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီတစ်ကြိမ်မှာရော ဆိုးလ်ရှားရဲ့ အသင်းဟာ ရလဒ်ကောင်း ယူပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar