ယူနိုက်တက် နည်းပြ ရာထူးကို ရယူဖို့ ဆန္ဒပြင်းပြနေတဲ့ ကွန်တီ

လက်ရှိ ဘောလုံးဈေးကွက်ထဲမှာ ယူနိုက်တက် လို အသင်းကြီးမျိုး ကိုင်တွယ်နိုင်မယ့် အရည်သွေးနဲ့ နည်းပြမျိုးက ရွေးချယ်စရာ အများကြီး မရှိပါဘူး။

ဒါ့ကြောင့်လဲ ရီးရဲ မက်ဒရစ် နဲ့ လမ်းခွဲခဲ့တဲ့ ပြင်သစ် နည်းပြ ဇီဒန်း ၊ အင်တာ မီလန် နဲ့ လမ်းခွဲထားတဲ့ အီတလီ နည်းပြ ကွန်တီ တို့ဟာ ယူနိုက်တက် နည်းပြရာထူးကို ရယူဖို့ အတွက် အခါအားလျော်စွာ ရေပန်းစားလျှက် ရှိနေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနို ကတော့ ကွန်တီ ဟာ ယူနိုက်တက် ဘက်က ကမ်းလှမ်းလာမယ် ဆိုရင် လက်ခံရယူဖို့ အတွက် ဆန္ဒပြင်းပြနေတဲ့ အကြောင်း ဒီညနေမှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။

လီဗာပူး ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ယူနိုက်တက် အဝတ်လဲခန်း အတွင်း နည်းပြ ဆိုးရှားရဲ့ စွမ်းဆောင်ရည်တွေ အပေါ် ယုံကြည်မှု နည်းလာတဲ့ ကစားသမားတွေ များပြားလာတယ်လို့ သတင်းတွေ ထွက်လျှက် ရှိပြီးနောက်ပိုင်း ၊ ကွန်တီ ဟာ ယူနိုက်တက် ဘက်က ကမ်းလှမ်းလာမယ့် ဆက်သွယ်မှုတွေကို ရရှိဖို့ တံခါးတွေ ဖွင့်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် 4 ပွဲ မှာ ရမှတ် တစ်မှတ်သာ ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ၊ အသင်း ဘုတ်အဖွဲ့ဝင်တွေ အကြားမှာလဲ ဆိုးရှား ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး လေးလေးနက်နက်ထားကာ စဉ်းစားလာလျှက် ရှိနေပါတယ်။

လက်ရှိ အချိန်ထိတော့ ကွန်တီ ကို တရားဝင် ဆက်သွယ်လာမှုတွေကို ရရှိခြင်း မရှိသေးပါဘူး။ ဘောလုံးရာသီ ယှဉ်ပြိုင်နေစဉ် အတွင်း အသင်းသစ် တခုကို ကိုင်တွယ်ဖို့ အတွက် တွန့်ဆုတ်နေသည့်တိုင်အောင် ၊ အီတလီ သားကြီးက ယူနိုက်တက် ပိုင်ဆိုင်ထားတဲ့ ကစားသမား စာရင်းဟာ သူ့အတွက် အခွင့်အရေး တရပ်ဖြစ်တယ်လို့ ရှုမြင်နေပါတယ်။

သူဟာ ပြီးခဲ့တဲ့ မေလ အတွင်းမှာ ကတည်းက အင်တာ မီလန် နဲ့ လမ်းခွဲခဲ့သလို ၊ စာချုပ်ဖျက်သိမ်းမှု ဆိုင်ရာ အချက်အလက်တွေမှာ တနှစ်အတွင်း စီးရီးအေမှာ နည်းပြ ပြန်လုပ်ခွင့်မရှိ ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ချဲဆီး ကို ကိုင်တွယ်ခဲ့တဲ့ 2016-17 ပထမဆုံး ဘောလုံးရာသီ မှာပဲ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့အပြင်၊ နောက်တစ်နှစ်မှာတော့ အက်ဖ်အေ ဖလားကိုပါ ထပ်မံ ဆွတ်ခူးခဲ့သူပါ။

အဲဒီ အတွေ့အကြုံတွေကြောင့်ပဲ ယူနိုက်တက် တာဝန်ရှိသူတွေက သူ့ကို နည်းပြသစ် ရာထူး အဖြစ် စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။

သို့သော် Sky Sports မှာ လုပ်ကိုင်နေတဲ့ ဂယ်ရီ နဗီးလ် ကတော့ သူ့အသင်းဟောင်း ဟာ ကွန်တီ ရဲ့ စတိုင် နဲ့ လုံး၀ ကိုက်ညီမှု မရှိဘူးလို့ ပေါ်ပေါ်တင်တင် မှတ်ချက်ပေးထားပြီး ၊ ဆိုးရှား ကိုပဲ ရာသီ အကုန်ထိ ဆက်လက် အခွင့်အရေး ပေးသွားဖွယ် ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာ အမှတ်ပေးဇယား ရဲ့ အဆင့် 7 နေရာ မှာ ရပ်တည်လျှက် ရှိနေပြီး ရှေ့လာမယ့် နှစ်ပွဲမှာ စပါး ၊ မန်စီးတီး အသင်းတွေကို ဆက်တိုက် ရင်ဆိုင် ကစားရမှာ ဖြစ်တဲ့ အတွက် နောက်ထပ် အပြောင်းအလဲတွေ ဖြစ်လာနိုင်သေးတဲ့ အတွက် ၊ ဆိုးရှား ကို ရာသီ အကုန်ထိ ယုံကြည်မှု ဆက်ပေးသွားမလား ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

 

အဲဒီနှစ်ပွဲမှာသာ ရလာဒ်တွေ ပြန်လည်ကောင်းမွန်ခဲ့မယ် ဆိုရင်တော့ လက်ရှိ ဖိအားများနေတာတွေ လျှော့ပါးသွားနိုင်သလို ၊ လမ်းကြောင်းမှန် တခုပေါ်ကိုလဲ ပြန်လည် တည့်မတ်လာဖွယ် ရှိနေပါတယ်။

ယူနိုက်တက် ပရိသတ် တချို့ ကတော့ ကွန်တီ ထက် ရီးရဲ မက်ဒရစ် နဲ့ အတူ ချန်ပီယံလိဂ် သုံးနှစ်ဆက်တိုက် ရယူပြခဲ့တဲ့ ဇီဒန်း ကို ပိုပြီး သဘောကျနေကြပါတယ်။ အသင်းမှာ ရှိတဲ့ Big Names တွေကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ဖို့ အတွက် ဇီဒန်း က ပိုပြီး အတွေ့အကြုံ ရှိသလို ၊ အသင်းမှာ ရှိတဲ့ ဒါရိုတ်တာ အဖွဲ့ဝင်တွေနဲ့လဲ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

SPORTS MYANMAR