ယူနိုက်တက် ကို စိတ်ကုန်လာလို့ လက်စတာကို အနိုင်ပေး ခန့်မှန်းလိုက်တဲ့ ပေါလ် မာဆွန်

အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ် မာဆွန် က ဒီတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆိုးရှား ရဲ့ ယူနိုက်တက်ဟာ ရှုံးပွဲ ကြုံတွေ့ရလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက် ခံစစ်မှုးတွေ ဖြစ်တဲ့ ဗာရန်း နဲ့ မက်ဂွိုင်းယား တို့ ပါဝင်နိုင်မှာ မဟုတ်သလို ၊ လက်စတာ မှာလဲ ဗက်စတီဂတ် က ဒိန်းမတ် အတွက် ကစားပေးရင်း ဒဏ်ရာ ပြသနာ ရရှိသွားကြောင့် ဝင်ရောက်ကစားပေးဖို့ သေချာခြင်း မရှိသေးပါဘူး။ ယူနိုက်တက် ကစားသမားဟောင်း အီဗန် က လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်လို့ ၊ အသင်းဟောင်း နဲ့ ရင်ဆိုင် ကစားမယ့် ပွဲမှာ ပါဝင် လာဖွယ် ရှိနေပါတယ်။

ဒီပွဲ နဲ့ ပတ်သက်ပြီး ပေါလ် မာဆွန် က “ ယူနိုက်တက်ဟာ တော်တော်လေးကို ရုန်းကန်နေရပါတယ် ၊ ပရီးမီးယားလိဂ် တနေရာတည်းမှာ မဟုတ်ပါဘူး။ ပြိုင်ပွဲပေါင်းစုံ နောက်ဆုံး ကစားခဲ့တဲ့ 6 ပွဲမှာ 2 ပွဲသာ အနိုင်ရထားပါတယ်။ ဆိုးရှား ပုံစံ ကြည့်ရတာလဲ သူ့ရဲ့ အကောင်းဆုံး ကစားသမား 11 ယောက် စာရင်းကို ဘယ်လို ထုတ်သုံးရမယ် ဆိုတာ သိဟန် မတူသေးပါဘူး ၊ ဒါက အတော်လေးကို စိတ်ပူစရာ ကောင်းတဲ့ အချက်ပါ။

အရိုးသားဆုံး ပြောရရင် ယူနိုက်တက် ကို အနိုင်ရမယ်ချည်းပဲ ခဏခဏ ခန့်မှန်းလာခဲ့တာ ကြာလာတော့ စိတ်ကုန်လာပါပြီ။ ဒါကြောင့် ဒီပွဲမှာ လက်စတာ က နိုင်မယ်လို့ပဲ ခန့်မှန်းကြည့်ချင်ပါတယ်။

အဝေးကွင်းကို လာရောက် ယှဉ်ပြိုင် ကစားရမယ့် ယူနိုက်တက်မှာ ကစားသမား တော်တော်များများ ပါဝင် ကစားပေးနိုင်မှာ မဟုတ်ဘူးလေ။ မက်ဂွိုင်းယား နဲ့ ဗာရန်း တို့ဟာ ဒဏ်ရာပြသနာတွေကြောင့် အသီးသီး လွဲချော်ကြဦးမှာပါ။ လင်ဒီလော့ဖ် နဲ့ ဘိုင်လီ တို့ နှစ်ယောက်စလုံး ရဲ့ ခြေစွမ်းက မဆိုးပါဘူး ဒါပေမယ့် သူတို့ဟာ အမြဲတမ်း တွဲပြီး ကစားနေတဲ့ ခံစစ် အတွဲမျိုး မဟုတ်ဘူးလေ။

ပြီးတော့ ပရီးမီးယားလိဂ် ရဲ့ ရုန်းအား အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တယောက် ဖြစ်တဲ့ ဗာဒီ နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အတွက် သတိကြီးကြီး ထားဖို့ လိုအပ်ပါတယ်။

နိုဝင်ဘာလ အကုန်ထိ ဆိုးရှားဟာ သူ့ရဲ့ ရာထူးမှာ တည်မြဲနေသေးတယ် ဆိုရင် ၊ ယူနိုက်တက် ရဲ့ စွမ်းဆောင်ရည်တွေက တော်တော်လေးကို ကောင်းမွန်နေလို့ ဖြစ်မှာပါ။ ဘာလို့ ဒီလို စကားမျိုး ပြောရလဲ ဆိုတော့ သူတို့ ရင်ဆိုင် ဖြတ်သန်းရမယ့် ပွဲစဉ် ဇယား အနေအထားကြောင့်ပါ။ လက်စတာ ကိုများ ရှုံးလိုက်မယ် ဆိုရင် ဖိအားတွေ က ကြီးထွားသွားနိုင်ပါတယ်။

 

ဒီကာလ ဟာ ယူနိုက်တက် အတွက် စိန်ခေါ်မှုကြီးမားတဲ့ အချိန်မျိုး ဖြစ်တာမို့ ၊ ဘယ်လို ပုံစံတွေနဲ့ ဖြတ်ကျော်သွားမလဲ ဆိုတာ စောင့်ကြည့်ရပါ့မယ်။ ကျနော့် အမြင်ပြောရရင် ကွင်းလယ် စွမ်းဆောင်ရည် အဓိက စကားပြောသွားမှာပါ။

ကျနော် ကတော့ တော်မီနေး ကို ခံစစ်မှုးတွေ ရဲ့ ရှေ့မှာ ထားပြီး ကစားချင်ပါတယ် ၊ သူက စည်းကမ်းလိုက်နာမှု အပြည့်ရှိပြီး ၊ ကိုယ့်တာဝန် ကျေအောင် ကြိုးစားတဲ့သူပါ။ သူ့ရဲ့ ရှေ့မှာတော့ ပေါ့ဘာ နဲ့ ဖာနန်ဒက် တို့ နှစ်ယောက် ကို ထားပြီး ကစားသင့်ပါတယ်။ တိုက်စစ်မှာ ဂရင်းဝုဒ် ၊ ဆန်ချို ၊ ရိုနာဒို တို့ကို ပွဲထုတ် သင့်ပါပြီ။

သူတို့ဟာ ဆန်ချို အတွက် ငွေတွေ အများကြီး သုံးစွဲထားတာဖြစ်လို့ ၊ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပေါ်ထွက်လာဖို့ အတွက် မဖြစ်မနေကို ထုတ်သုံးရမှာပါ။

ကျနော် က 2-1 လောက် မှန်းထားပါတယ်” လို့ ခန့်မှန်း သွားခဲ့ ပါတယ်။

ဒီပွဲကို ဒိုင်လူကြီး ခရိတ် ပေါ်လ်ဆွန် က တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

 

SPORTS MYANMAR