ယူနိုက်တက် ကစားသမား ၄ ဦးကို ငြိမ်သက်အောင် ထိန်းချုပ်နိုင်ခဲ့တဲ့ အီဗရာဟီမာကိုနာတေးကို အထူးချီးကျူးလိုက်တဲ့ ပက်လင်ဒါ

လီဗာပူး လက်ထောက်နည်းပြ ပက်လင်ဒါဟာ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်ကို ၅-၀ နဲ့ ချေမှုန်းခဲ့တဲ့ ပွဲစဉ်မှာ ခရစ်စတီယာနိုရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်ကို ငြိမ်သက်အောင် ထိန်းချုပ်နိုင်ခဲ့တဲ့ အတွက် နောက်ခံလူ အေဗရာဟီမာကိုနာတေးကို ချီးကျူးသွားခဲ့ ပါတယ်။ လီဗာပူး လက်ထောက်နည်းပြက ပြင်သစ်နောက်ခံလူဟာ အန်ဖီးမှာ ယာဂန်ကလော့ရဲ့ အဓိက ကစားသမား ဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေ အားလုံး ရှိနေသူလို့ ယုံကြည်နေပါတယ်။

ကိုနာတေးဟာ အိုးထရပ်ဖို့ဒ်မှာ ယူနိုက်တက်ကို အရှက်တကွဲ ရှုံးစေခဲ့တဲ့ ပွဲမှာ ဒီရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို ရခဲ့တာ ဖြစ်ပြီး ဗန်ဒိုက်နဲ့အတူ clean sheet ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကိုနာတေးဟာ ရော်နယ်ဒို ရပ်ဖို့ဒ် ဂရင်းဝုဒ် ဘရူနိုဖာနန်ဒက်စ် စတဲ့ နာမည်ကြီး တိုက်စစ်အတွဲနဲ့ ရင်ဆိုင်ကစားခဲ့ရတာ ဖြစ်ပေမယ့် တည်ငြိမ်စွာနဲ့ အကောင်းဆုံး ခုခံကာကွယ်ခဲ့ပြီး လင်ဒါဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားရဲ့ အသားတကျ ကစားနိုင်မှု အပေါ် ၀မ်းမြောက်နေပါတယ်။

လင်ဒါက “ပထမဦးစွာ အီဘူ (ကိုနာတေး) ကို အထူး ချီးကျူးသွားချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းကို အထူး ချီးကျူးရမှာပါ။ အီဘူ့ကို အထူး ချီးကျူးခဲ့တာကတော့ ယူနိုက်တက်လို ပြိုင်ဘက်နဲ့ ပွဲစဉ်မှာ ၀င်ကစားရတာ ဘယ်တော့မှ မလွယ်ကူလှပါဘူး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း အိုးထရပ်ဖို့ဒ်မှာ ကျွန်တော်တို့ရဲ့ ခြေစွမ်း ရလဒ်တွေကို ကြည့်ရင် ဒါကို ကောင်းကောင်း သိနိုင်ပါတယ်။

ဒ့ါကြောင့် သူ့ကို အထူး ချီးကျူးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ မန်ယူနိုက်တက် အကြောင်း ပြောပြီဆိုရင် သူတို့ရဲ့ speed နဲ့ တိုက်စစ်မှာ အဆုံးသတ်ကောင်းမှုတွေကို ပြောသွားရမှာပါ။ မားကပ်ရပ်ဖို့ဒ် နဲ့ မေဆင်ဂရင်းဝုဒ် တို့ရဲ့ ပြေးအား ၊ ဘရူနိုဖာနန်ဒက်စ်ရဲ့ လျှင်မြန်တဲ့ ဆုံးဖြတ်ချက်တွေ နဲ့ ပင်နယ်တီ ဧရိယာထဲမှာ ရော်နယ်ဒိုရဲ့ ကြောက်စရာကောင်းမှု တွေကို ထိန်းချုပ်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။

 

 

သူတို့ကို ကိုယ့်ဂိုးပေါက်နဲ့ အဝေးကြီးမှာ အချိန်အကြာကြီး ထားနိုင်ဖို့ကသာ အကောင်းဆုံး နည်းလမ်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဖြစ်နိုင်သမျှ last line ကို မြှင့်ထားခဲ့ပြီး သူဟာ ရော်ဘို ၊ ထရန့် ၊ ဗာ့ဂ်ျ တို့နဲ့အတူ အတူတကွ ကောင်းစွာ ထိန်းချုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းကို အထူး ချီးကျူးစကား ပြောချင်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ speed နဲ့ ရွေ့လျားမှုတွေကို ထိန်းချုပ်ပုံဟာ တကယ့်ကို ထိပ်တန်း အဆင့်ပါပဲ။ ခင်ဗျားတို့ အီဘူရဲ့ ကစားပုံကို မြင်ခဲ့ရမှာပါ။ သူဟာ တကယ့် သားရဲတစ်ကောင် ဆိုတာကို ကျွန်တော် ပြောထားခဲ့ပြီးသားပါ။” လို့ ဆိုသွားပါတယ်။

ကိုနာတေးရဲ့ လျှင်မြန်မှု သန်မာမှုနဲ့ ဘောလုံး ပေးပို့မှု စွမ်းရည်တွေဟာ ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးတို့ ၎င်းကို ရက်ဘူးလိုက်ပ်ဇစ်ထံမှ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၃၆ သန်း ပေးကာ ခေါ်ယူခဲ့တဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ လင်ဒါက ကိုနာတေးရဲ့ ကစားဟန်ဟာ ကလော့နဲ့ သူ့၀န်ထမ်းတွေ ရှာဖွေနေတဲ့ ဗဟိုနောက်ခံလူနဲ့ ထပ်တူ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“ကိုယ့်အသင်းဟာ high line နဲ့ နောက်မှာ space တွေ များစွာ ချန်ကစားတဲ့ အသင်း ဖြစ်ပြီး ပြိုင်ဘက်ကို ကိုယ့်ဂိုးပေါက်မှာ အဝေးမှာ ထားသွားချင်တယ် ဆိုရင် ခံစစ်မှာ လျှင်မြန်မှုကို လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ တကယ့်ကို speed ကောင်းတဲ့ ကစားသမား ၄ ဦး ရှိပါတယ်။ မာတစ် ဗန်ဒိုက် ဂိုးမက်ဇ် နဲ့ အီဘူ တို့ကို ကျွန်တော် ဆိုလိုတာပါ။

ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ရဲ့ နည်းလမ်းနဲ့ ကစားနိုင်ရန် လုံလောက်တဲ့ အရည်အသွေးတွေ ရှိတဲ့ ဗဟိုနောက်ခံလူ လေးဦးကို ပိုင်ဆိုင်ထားတယ်လို့ပါ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ကစားဟန် အတွက် များစွာ အရေးပါပါတယ်။” လို့ လင်ဒါက ဖြည့်စွက်ပြောခဲ့ပါတယ်။

SM