ယူနိုက်တက်ရဲ့ အပြောင်းအရွေ့ အမှားဟာ ဆိုးရှားကို အသေသတ်နေပြီး နွေရာသီတုန်းက ယူနိုက်တက်တို့ ခေါ်ယူခဲ့သင့်တဲ့ ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ဆင်ကလဲယား

မန်ချက်စတာစီးတီး တောင်ပံ ကစားသမားဟောင်း ဖြစ်သူ ထရီဗော်ဆင်ကလဲယားက မန်ချက်စတာယူနိုက်တက် အသင်းသာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့က ကွင်းလယ်လူ တစ်ဦးနဲ့ ညာနောက်ခံလူ တစ်ဦးသာ အားဖြည့်ခဲ့မယ် ဆိုရင် ယခုလိုမျိုး ရုန်းကန် နေရမှာ မဟုတ်ဘူးလို့ သူ့ရဲ့ အမြင်ကို ပြောပြလိုက်ပါတယ်။ ဒ့ါအပြင် ဆင်ကလဲယားက ပြီးခဲ့တဲ့ အပြောင်းအရွေ့က ယူနိုက်တက်ရဲ့ ကစားသမား ခေါ်ယူမှုတွေဟာ လက်ရှိမှာ နည်းပြ အိုလီဂန်နာဆိုးရှားကို အသေသတ်နေတယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခါးသီးပြိုင်ဘက် လီဗာပူးကို အိုးထရပ်ဖို့ဒ်မှ ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက ချဲလ်ဆီးနဲ့ ၈ မှတ်ထိ ကွာဟနေတာကြောင့် နည်းပြ ဆိုးရှားဟာ ကြီးမားတဲ့ ဖိအားတွေအောက် ကျရောက်နေပါတယ်။

ဆိုးရှားဟာ နွေရာသီက ဂျေဒွန်ဆန်ချို ခရစ်စတီယာနိုရော်နယ်ဒို နဲ့ ရာဖေးဗာရန်း တို့လို ထိပ်တန်း ကစားသမားတွေကို အားဖြည့်ခဲ့ပေမယ့်လည်း ဆင်ကလဲယားက ဝက်ဟမ်း ကွင်းလယ်လူ ဒန်ကလန်ရိုက်စ်ဟာ ယူနိုက်တက်ရဲ့ ပထမဦးစားပေး ပစ်မှတ် ဖြစ်ခဲ့သင့်တယ်လို့ ဆိုခဲ့ပါတယ်။

ဆင်ကလဲယားက “ကျွန်တော် ရိုက်စ်ကို ဝက်ဟမ်းမှာပဲ ဆက်ရှိစေချင်ပါတယ်။ သူဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ အန်ဂိုလိုကန်တီဟာ သူနဲ့ မတူညီတဲ့ အင်အားတွေ ရှိနေပေမယ့် ရိုက်စ်ရဲ့ ဘောလုံး ကိုင်ကစားပုံ သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်တွေဟာ တကယ့်ကို ကောင်းမွန်ပါတယ်။

အဲဗာတန်နဲ့ပွဲမှာ သူဟာ ဒူကိုရေးနဲ့ ထိပ်တိုက် ရင်ဆိုင် ကစားခဲ့ပါတယ်။ ဒူကိုရေးဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကို ချေမှုန်းပစ်ခဲ့တဲ့ သူပါ။ ရိုက်စ်ဟာ သူ့ကို လွှမ်းမိုး ကစားသွားခဲ့ပါတယ်။ ဒူကိုရေးဟာ သူ့နားကိုတောင် မကပ်နိုင်ခဲ့ပါဘူး။ သူဟာ ဘောလုံး ရှိချိန်မှာကော ဘောလုံးမရှိချိန်မှာပါ စည်းစနစ်တကျ ကစားသွားခဲ့ပြီး ကျွန်တော် မြင်တွေ့ခဲ့ဖူးတဲ့ ကွင်းလယ် ကစားသမား တစ်ဦးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထဲက တစ်ခုပါပဲ။

သူဟာ အခုမှ ၂၂ နှစ်ပဲ ရှိပါသေးတယ်။ အကယ်၍ မန်ယူနိုက်တက်ဟာ သူ့လို ကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ ယခုလိုမျိုး ပြောနေရမှာတောင် မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ဆိုးရှားရဲ့ ဒီရာသီ ကွင်းလယ်ပိုင်း ရွေးချယ်မှုဟာ အငြင်းပွားစရာဖြစ်နေခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ပေါ့ဘာဟာ အရန်ခုံ ရောက်နေခဲ့သလို ဗန်ဒီဘိ ကတော့ အမေ့ခံကစားသမား ဖြစ်နေပြီး မက်တိုမီနေး နဲ့ ဖရက် တို့ဟာ ယူနိုက်တက်နည်းပြရဲ့ စိတ်ကြိုက်အတွဲ ဖြစ်ပါတယ်။

ဆိုးရှားရောက်လာပြီးနောက်ပိုင်း နေရာတစ်နေရာ အခိုင်အမာ ရယူထားခဲ့တဲ့ ကစားသမားကတော့ ဝမ်ဘစ်ဆာကာ ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ လီဗာပူးနဲ့ပွဲမှာ ၎င်းရဲ့ နေရာယူမှုတွေ မှားယွင်းခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံနေရပြီး ဆင်ကလဲယားက ယူနိုက်တက် အနေနဲ့ အက်သလက်တီကို နောက်ခံလူ ထရစ်ပီးယားကို ခေါ်ယူခဲ့သင့်တယ်လို့ ပြောသွားပါတယ်။

ဆင်ကလဲယားက “ကျွန်တော် ဝမ်ဘစ်ဆာကာကို မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားဟာ မန်ယူနိုက်တက် အတွက် ကစားနေရပြီဆိုရင် အကောင်းဆုံး ဖြစ်နေဖို့ လိုပါတယ်။ သူဟာ တစ်ဦးချင်း ဖျက်ထုတ်မှုတွေဟာ အရမ်းကောင်းတဲ့ နောက်ခံလူပါ။ ဒါပေမယ့် မန်ယူနိုက်တက် အတွက် ကစားနေရပြီဆိုရင် ဒါနဲ့ မလုံလောက်ပါဘူး။ တိုက်စစ်ကို လိုက်ပါပံ့ပိုးမှု နဲ့ သူ့ရဲ့ အဆုံးသတ်တွေဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိပါဘူး။ သူ့ရဲ့ ဖန်တီးမှုတွေ ကလည်း ဒီလိုပါပဲ။

မန်စီးတီးရဲ့ နောက်တန်း အစွန်လူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါ။ အရမ်းကွာပါတယ်။ ယူနိုက်တက်ဟာ ထရစ်ပီးယားနဲ့ သတင်းတွေ ထွက်ခဲ့ပြီး သူ့အတွက် ခေါ်ဈေးကတော့ မြင့်မားခဲ့ပါတယ်။ ဒါပေမယ့် ဆုဖလားတွေ အတွက် ယှဉ်ပြိုင်ချင်တယ်ဆိုရင် ဒီနေရာဟာ သူတို့ အားဖြည်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။”

 

ဆက်လက်ပြီး ၎င်းက “ပြီးခဲ့တဲ့ နွေရာသီက ကစားသမား စုဆောင်းမှု အမှားတွေဟာ လက်ရှိမှာ ဆိုးရှားကို သတ်နေပါတယ်။ တကယ်တော့ ကျွန်တော် ဒါကို မျှော်လင့်ထားခဲ့ပြီးသားပါ။ ကျွန်တော် ထင်ထားခဲ့တဲ့ အတိုင်းပါပဲ။ ဥရောပဖလားကို ၆ ကြိမ် ရထားတဲ့ အသင်း ၊ မကြာသေးမီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ၊ မြင့်မားတဲ့ ခြိမ်းခြောက်နိုင်စွမ်း ရှိတဲ့ အသင်းနဲ့ ရင်ဆိုင်ရာမှာ ဒီလို ပုံစံနဲ့ သွားကစားလို့ မရပါဘူး။ ဘောလုံးအကြောင်းကို နားလည်သူတိုင်း ဒီလို ရလဒ်ကို အံ့သြမိမှာ မဟုတ်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

SM