ယာဂန်ကလော့ရဲ့ ကစားသမား တစ်ဦးဟာ လီဗာပူးမှာ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ပြင်းထန်တဲ့ မှတ်ချက်ပေးလိုက်တဲ့ ဟာမန်း

အန်ဖီး ဟီးရိုးဖြစ်သူ ဒီဒီဟာမန်းက နာဘီကီတာဟာ လုံလောက်တဲ့ အရည်အသွေး မရှိဘဲ လီဗာပူးမှာ ဘယ်တော့မှ အောင်မြင်မှု ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က လီဗာပူးကို ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့တဲ့ ဟာမန်းဟာ အင်္ဂါနေ့က အက်သလက်တီကိုကို လီဗာပူးတို့ ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကစားပုံ ဆိုးရွားခဲ့တဲ့ ဂီနီဂီ ကွင်းလယ်လူကို အပြင်းအထန် ဝေဖန် ခဲ့ပါတယ်။

ကီတာဟာ လီဗာပူးတို့ ၂-၀ နဲ့ ဦးဆောင်နိုင်မယ့် သွင်းဂိုးကို လှပတဲ့ volley ကန်ချက်နဲ့ သွင်းယူပေးခဲ့ပေမယ့်လည်း ဟာမန်းက အက်သလက်တီကိုရဲ့ ချေပဂိုး ၂ ဂိုးဟာ ကီတာရဲ့ အမှားအယွင်းကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က RB လိုက်ပ်ဇစ် ကနေ လီဗာပူးကို ပေါင် ၄၈ သန်းနဲ့ ပြောင်းရွေ့လာခဲ့တဲ့ ကီတာဟာ ပထမပိုင်း အပြီးမှာတင် ဖာဘင်ညိုနဲ့ လူစားလဲခံခဲ့ရပြီး ၎င်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ဟာမန်းက အပြင်းအထန် ဝေဖန်ခဲ့ ပါတယ်။

ဟာမန်းက “အခုဆိုရင် သူဟာ လီဗာပူးမှာ ၄ ရာသီမြောက် ရှိနေပါပြီ။ သူဟာ အက်သလက်တီကိုနဲ့ ပွဲမှာ အရမ်းကောင်းတဲ့ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ငါးမိနစ် အကြာမှာ သူဟာ ပထမဂိုး အတွက် အမှားအယွင်း ကျူးလွန်ခဲ့ပြီး နောက်တစ်ဂိုး အတွက်လည်း ထပ်မံ အမှား ကျူးလွန်ခဲ့ပြန်ပါတယ်။

သူဟာ လီဗာပူး အတွက် လုံလောက်တဲ့ အရည်အသွေး မရှိတာ ရှင်းပါတယ်။ သူဟာ လီဗာပူး ကစားသမား တစ်ဦး အနေနဲ့ ဘယ်တော့မှ အောင်မြင်မှု ရမှာ မဟုတ်ပါဘူး။ သူဟာ ဘောလုံး ရှိနေချိန်မှာသာ ကစားချင်စိတ် ရှိသူပါ။ ဒါပေမယ့် သူဟာ လီဗာပူး ကွင်းလယ်မှာ ကစားဖို့ အတွက် လုံလောက်တဲ့ အရည်အသွေး မရှိပါဘူး။

အကယ်၍ ကိုယ်ဟာ ဗဟို ကွင်းလယ်လူ တစ်ဦး ဖြစ်နေပြီ ဆိုရင် တိုက်စစ်ပိုင်း အတွက်ကော ခံစစ်ပိုင်း အတွက်ပါ အလုပ် ၂ ခု လုပ်ရပါတယ်။ သူဟာ အရမ်းကောင်းတဲ့ ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီအတွက် သူ ယုံကြည်မှု ပြည့်၀နိုင်ပါတယ်။ ဒါပေမယ့် သူ ခံစစ်ကိုတော့ မဖြစ်မနေ လိုက်ကူ ကစားရမှာပါ။ ခံစစ်ပိုင်းအရ သူဟာ ကိုယ့်အလုပ်ကို တာ၀န်မကျေခဲ့ပါဘူး။ သူဟာ အသင်းကို ဂိုး ၂ ဂိုး ပေးစေခဲ့ပါတယ်။” လို့ ဝေဖန်ခဲ့ပါတယ်။

အီဂျစ်စတား ကတော့ ဒီပွဲမှာ လီဗာပူး အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၁၂ ဂိုး သွင်းယူထားခဲ့ကာ ဟာမန်းက ဆာလားဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတာကို ထပ်မံ သက်သေပြနေတာလို့ ချီးကျူးသွားခဲ့ပါတယ်။

ဟာမန်းက “ဆာလားဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဘလွန်းဒေါဆုဟာ မကြာခင် လာတော့မှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ကနေ မတ်လ အတွင်း သူဟာ ခက်ခဲတဲ့ အချိန်တွေ ကြုံခဲ့ရတယ် ဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး။ ဒါပေမယ့် လက်ရှိ Form အရ သူ့မှာ အခွင့်အရေး ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ တစ်ရာသီကို ၂၅ ဂိုးလောက် အာမခံနိုင်လို့ပါပဲ။ သူဟာ ဒါမျိုးကို ပြီးခဲ့တဲ့နှစ်တွေ အတွင်း တောက်လျှောက် လုပ်ပြထားခဲ့ပါတယ်။

အခုဆိုရင် သူ့ကို အို၀င် ဖောင်လာ ရပ်ရှ် ဒဲလ်ဂလစ်ခ်ျ တို့လို ကစားသမားတွေနဲ့ နှိုင်းယှဉ်နေပါတယ်။ သူတို့ အားလုံးဟာ အထောင် တိုက်စစ်မှုးတွေပါ။ ဆာလား ကတော့ တောင်ပံကစားသမားပါ။ တောင်ပံတိုက်စစ်ကနေ ဒီလို လုပ်ပြနိုင်တာဟာ တကယ့်ကို ချီးကျူးစရာ ပါပဲ။”

SM