“မို ဆာလာ က ကမ္ဘာ့အဆင့်မှီ ကစားသမား မဟုတ်ပါဘူး ၊ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကို မရှိတာပါ” ဂရာဟမ် ပေါ့တာ

ဘရိုတ်တန် နည်းပြ ဂရာဟမ် ပေါ့တာ ကတော့ လက်ရှိ အကောင်းဆုံး ပုံစံတွေ ဆက်တိုက် ရရှိနေတဲ့ မို ဆာလာ ကို ဘယ်လို တားဆီးပြရမလဲ ဆိုတာ မသိသေးဘူးလို့ ဝန်ခံလိုက်ပြီး ၊ အီဂျစ်သား နဲ့ နှိုင်းယှဉ်ပြရမယ့် ကစားသမားမျိုး မရှိသေးဘူးလို့ မှတ်ချက်ပေးလိုက် ပါတယ်။

ဘရိုတ်တန် ဟာ ဒီတပတ်မှာတော့ လီဗာပူး အသင်းရဲ့ အန်ဖီးလ် ကွင်းထဲကို သွားရောက် ကစားရမှာ ဖြစ်ပြီး 4 ပွဲ ဆက်တိုက် နိုင်ပွဲတွေ ရယူထားတဲ့ ကလော့ပ် ရဲ့ အသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

မို ဆာလာ ကတော့ ယူနိုက်တက် အသင်းဘက်ကို ဟတ်ထရစ် သွင်းယူပြီး နောက်ပိုင်း ပရီးမီးယားလိဂ် သမိုင်းကြောင်း တလျှောက် အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ ဟတ်ထရစ် သွင်းယူနိုင်တဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာခဲ့သလို ၊ နောက်ဆုံး ကစားခဲ့တဲ့ 10 ပွဲ ဆက်တိုက် သွင်းဂိုးတွေ ရယူပြနိုင်တဲ့ မှတ်တမ်းကောင်းကိုလဲ ပိုင်ဆိုင်ထားပါတယ်။

“ ဆာလာ ကို ဘယ်လို တားဆီး ပြသွားမလဲ ဆိုတဲ့ မေးတဲ့ မေးခွန်းက အရမ်းကို ကောင်းပါတယ်။

လက်ရှိ အခိုက်တန့်မှာ သူ့ရဲ့ ခြေစွမ်းက ကမ္ဘာ့အဆင့်မှီ မဟုတ်ပါဘူး ၊ ကမ္ဘာပေါ်မှာ နှိုင်းယှဉ်စရာ ကို မရှိတာပါ။ ထိပ်တန်း အသင်းကြီးတွေ ဖြစ်တဲ့ ချဲဆီး ၊ မန်စီးတီး ၊ အေတီကို ၊ ယူနိုက်တက် တို့နဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ပွဲတွေမှာတောင် သူက အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာလေ။ ကျနော်တို့ အတွက်တော့ ကံမကောင်းတဲ့ အချက်ပေါ့ဗျာ။

သူဟာ ထိပ်တန်း ကစားသမား တစ်ယောက် ဆိုတာထက် ၊ လီဗာပူး လို အသင်းမျိုးရဲ့ အားကိုးရတဲ့ ထိပ်တန်း ကစားသမားပါ။ သူတို့ဟာ အသင်းလက် စုစည်းမှု အပြည့်တဲ့ ကစားတဲ့ အသင်းမျိုးလဲ ဖြစ်ပါတယ်။ ထိပ်တန်း အသင်းကြီးတွေက ကစားသမားကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် ၊ လီဗာပူး ရဲ့ တည်ဆောက်ပုံက ပိုပြီး ကျစ်လစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင် ကြိုးစားရမှာပါ” လို့ မှတ်ချက် ပေးသွား ခဲ့ပါတယ်။

မနှစ် က ဘောလုံးရာသီ မှာတော့ ဘရိုတ်တန် ဟာ လီဗာပူး ရဲ့ 68 ပွဲ ဆက်တိုက် အိမ်ကွင်း ရှုံးပွဲ မရှိတဲ့ စံချိန်မှတ်တမ်းကို 1-0 ရလာဒ် နဲ့ ချိုးဖျက်ပြခဲ့ပါတယ်။ အဲဒီ အချိန်က ကိုဗစ် ကပ်ရောဂါ ဆိုးတွေ ပျံ့နှံ့နေချိန် ဖြစ်လို့ ပရိသတ်တွေ မပါပဲ ကစားခဲ့ရတာပါ။

သို့သော် လက်ရှိ အခိုက်အတန့်မှာ ပရိသတ်တွေ ပြန်လည် ဝင်ရောက်ခွင့် ရရှိနေပြီ ဖြစ်လို့ ၊ အားမာန် အပြည့်နဲ့ အန်ဖီးလ် ပရိသတ်တွေ ရဲ့ ဖိအားတွေ နဲ့ ပြန်လည် ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။

“ ဘောလုံး မှာ ဘာမဆို ဖြစ်သွားနိုင်တာ ဟုတ်ပါတယ်။ ဒါပမေယ့် အန်ဖီးလ် လို နေရာမျိုးမှာ လီဗာပူး ကို ရင်ဆိုင် ကစားရတာက စိန်ခေါ်မှု အကြီးမားဆုံး ပါပဲ။ အန်ဖီးလ် ပရိသတ်တွေဟာ အခြား ကွင်းတွေနဲ့ လုံး၀ မတူပါဘူး။ ဖြစ်နိုင်ရင် ကျနော်က သူတို့ မပါပဲနဲ့ ကစားချင်တာပေါ့ဗျာ”

“ အန်ဖီးလ်မှာ ရလာဒ်ကောင်း တခု ရယူနိုင်ဖို့ မျှော်လင့်ထားတယ် ဆိုရင် ကျနော့် ရဲ့ ချမှတ်ထားတဲ့ အစီအစဉ်တွေတိုင်း တိတိကျကျ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အကောင်းဆုံး ခြေစွမ်းတွေ ထွက်ပေါ်လာအောင် ပြင်ဆင်ထားမယ် ၊ စုစည်းမှု အပြည့် နဲ့ တောင့်ခံနိုင်ရည်စွမ်းကို အမြင့်ဆုံး အထိ မြှင့်တင်ထားရင်း ကစားနိုင်ရပါမယ်။

ကျနော် ကတော့ နားရက်နည်းပါးတဲ့ လီဗာပူး ကစားသမားတွေ နဲ့ ကစားရဖို့လဲ မျှော်လင့်မိတာပေါ့။ ကျနော်တို့ဟာ ပရီးမီးယားလိဂ် အသင်းချင်း အတူတူ ဆိုပေမယ့် ၊ Level ချင်းက လုံး၀ မတူပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ကြားရက်မှာ ကစားခဲ့တဲ့ ကာရာဘောင် ဖလား ပွဲစဉ်မှာ ပွဲထွက် ကစားသမား စာရင်း 11 ယောက် စလုံးကို အပြောင်းအလဲ လုပ်ရင်း ပရက်စ်တန် အသင်းကို 2-0 ရလာဒ် နဲ့ အနိုင်ယူပြခဲ့ပါတယ်။

ဘရိုတ်တန် ကတော့ လက်စတာ ကို 2-2 ကစားပြခဲ့သည့်တိုင်အောင် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ရပြီ ဖြစ်ပါတယ်။

SPORTS MYANMAR