မယ်လ်မိုနဲ့ ပွဲမှာ လူကာကူနဲ့ ဗာနာတို့ ဒဏ်ရာ ရခဲ့ပြီးနောက် ၊ အခြား ချဲလ်ဆီး ကြယ်ပွင့် ၂ဦးအား ရဲရဲဝံ့ဝံံ့ အစားဝင် ကစားနိုင်စွမ်းကို ပြသသွားဖို့ တိုက်တွန်းလိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ မယ်လ်မို အသင်းကို နောက်ခံလူ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီ ၂ဂိုး ၊ လူစားဝင် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၄ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ အဓိက ကစားသမား စုံစုံလင်လင် ပွဲထုတ် အသုံးပြုသွားခဲ့ပြီး ၊ လိုအပ်တဲ့ ဂိုးတွေကိုလည်း လွယ်လွယ်ကူကူ ရခဲ့ပေမယ့် ၊ အနုတ်ပြခဲ့တဲ့ အရာ တခု ကတော့ အဓိက တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ ရိုမီလူ လူကာကူနဲ့ တီမို ဗာနာတို့ ပထမပိုင်း အတွင်း ဒဏ်ရာ အသီးသီး ရခဲ့ခြင်း ဖြစ်ပါတယ် ။

လူကာကူ ဟာ ပွဲချိန် ၁၇မိနစ်မှာ မယ်လ်မို နောက်ခံလူ နီယယ်လ်ဆင်ရဲ့ အနီးကပ် ပြစ်ဒဏ်ကျူးလွန်မှုကို ခံခဲ့ရပြီးနောက် ၊ ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ် ။ တဖက်မှာ ချဲလ်ဆီး ကတော့ လူကာကူကြောင့် ရလာတဲ့ ပင်နယ်တီ ကနေ ဒုတိယ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ် ။

ပထမပိုင်းပြီးခါနီးမှာတော့ အခြား တိုက်စစ်မှူး တဦး ဖြစ်တဲ့ တီမို ဗာနာ ဟာ ပေါင်ခြံဒဏ်ရာ ရသွားခဲ့ပြန်ပါတယ် ။ ၎င်းတို့ ၂ဦးရဲ့ နေရာမှာ ဂျာမန် လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် နဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းတို့ အသီးသီး လူစားဝင်ခွင့် ရခဲ့ပါတယ် ။

ဒုတိယပိုင်း အစ ၃မိနစ် အကြာမှာပဲ ၎င်းတို့ ၂ဦးရဲ့ တွဲဖက် ချိတ်ဆက်မှုကနေ ကိုင်ဟာဗက်ဇ် က မယ်လ်မို ဂိုးသမား ဒါလင် ကို အသာအယာ ကျော်ပြီး သွင်းယူသွားခဲ့ပါတယ် ။ တဖက်မှာ လာမယ့် နိုင်ငံပွဲ ကာလ မတိုင်မီ ချဲလ်ဆီး ဟာ တောက်လျှောက် ပွဲချောင်လျက် ရှိပါတယ် ။

အကယ်၍ လူကာကူနဲ့ ဗာနာတို့ လာမယ့် ပွဲအချို့မှာ မပါဝင်ပေးနိုင်ခဲ့ရင်တောင် ၊ ဟာဗက်ဇ် ဟာ ယာယီ ဖြေရှင်းချက် အဖြစ် False 9 အနေနဲ့ အထောင် တိုက်စစ်မှာ တာဝန်ယူ ကစားပေးနိုင်မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် အိုဒွိုင်း ဟာလည်း အားမသန်တဲ့ wing-back နေရာထက် အားသန်တဲ့ ဘယ်တောင်ပံ နေရာမှာ ကစားခွင့် အချို့ ပြန်ရလာဖွယ် ရှိနေပါတယ် ။

ပွဲအပြီး BT Sport ရုပ်သံဌာနရဲ့ သုံးသပ်ချက် အစီအစဉ်မှာ ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကတော့ လူကာကူ ၊ ဗာနာတို့ ဒဏ်ရာ ရနေချိန် ၊ ကစားခွင့် သိပ်မရတဲ့ ဟာဗက်ဇ်နဲ့ အိုဒွိုင်း ရလာမယ့် အခွင့်အရေး မှန်သမျှ ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့ကို တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ် ။

ဂျိုကိုးလ် က ” ခင်ဗျား ဟာ ကိုယ့်အသင်းမှာ ရှိနေတဲ့ တိုက်စစ်မှူး ၂ဦးလုံး ကို ဒဏ်ရာကြောင့် တပြိုင်တည်း ဆုံးရှုံးချင်မှာ မဟုတ်ပါဘူး ။ ဆုံးရှုံးရမယ့် ဆိုရင်တော့ ဒီကာလမှာ ချဲလ်ဆီး အသင်း ကြုံတွေ့ရမယ့် ပွဲစဉ်ဇယား အနေအထားနဲ့ပဲ ဖြစ်ချင်ပါလိမ့်မယ် ။ ဒီပွဲတွေက ချဲလ်ဆီး အတွက် အနိုင်ရဖို့ လွယ်ကူတဲ့ ပွဲတွေပါ ။ “

” တူချယ် ဟာ အရင်ကတည်းက တီမို ၊ ရိုမီလူတို့ မပါပဲ အနိုင်ရအောင် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ပွဲတွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။ ကိုင်ဟာဗက်ဇ်နဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းတို့ဟာ ဒီနေ့ညပွဲမှာ လူစားဝင် အနေနဲ့ ပွဲအပေါ် သက်ရောက်မှု ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သလိုမျိုး လာမယ့် စနေနေ့ညမှာ လုပ်ပြနိုင်ဦးမလား ။ “

 

” ဒီ ပွဲစဉ်ဇယား အရ ချဲလ်ဆီး ဟာ တီမို ကို ဒဏ်ရာကနေ အမြန်ဆုံး ပြန်လာအောင် ကြံ့ခိုင်ရေး နည်းပြ ဆရာနဲ့ အတင်းကြီး လုပ်ယူနေစရာ မလိုပါဘူး ။ အရန်ခုံ က ကစားသမားတွေ အခွင့်အရေး ကောင်းကောင်း အသုံးချနေသရွေ့ ဘာမှ အလျင်လိုနေစရာ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR