မယ်လ်မိုကို ဂိုးပြတ်ခြေပြတ် နိုင်ခဲ့တဲ့ပွဲမှ လူစားဝင် ချဲလ်ဆီး ကြယ်ပွင့် ၂ဦးရဲ့ စွမ်းဆောင်ရည် အပေါ် မှတ်ချက်ပေးခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် တတိယမြောက်ပွဲမှာ အုပ်စုတွင်း အင်အား အနည်းဆုံး အသင်းလည်းဖြစ် ၊ ဆွီဒင် အမှတ်ပေး ချန်ပီယံလည်း ဖြစ်တဲ့ မယ်လ်မို အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခြေအသာ ၊ ဂိုးအသာနဲ့ ၄ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ အသင်းလိုက် ယုံကြည်မှုနဲ့ တိုက်စစ် ကစားအားကို ပြန်လည် တည်ဆောက်ချင်တဲ့ အတွက် ၊ အဓိက ကစားသမား အားလုံးကို ထုတ်သုံးသွားခဲ့ပါတယ် ။ ဒီ အကျိုးဆက်ကြောင့်ပဲ ကံဆိုးစွာနဲ့ ပွဲဆက် ကစားနေရတဲ့ ချဲလ်ဆီး တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ ရိုမီလူ လူကာကူနဲ့ တီမို ဗာနာတို့ အသီးသီး ဒဏ်ရာရခဲ့ပါတယ် ။

ဒါဟာ ကံတရားကိုသာ အပြစ်တင်ရမှာ ဖြစ်ပေမယ့် ၊ ချဲလ်ဆီး အသင်း အနေနဲ့ ၎င်းတို့ ၂ဦး မပါဝင်တဲ့ တိုက်စစ် ကစားဟန်ကို လာမယ့် ပွဲအနည်းငယ်မှာ နည်းလမ်း ရှာကြံ ပုံဖော်သွားဖို့ လိုနေပါတယ် ။ မနေ့ည က ပွဲမှာ ၎င်းတို့ ၂ဦးရဲ့ နေရာကို အစားဝင်ခဲ့တဲ့ ကိုင်ဟာဗက်ဇ်နဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ဟာ လာမယ့် ပွဲတွေမှာ ပြန်ပြီး ပွဲထွက်ခွင့် ရလာဖွယ် ရှိနေပါတယ် ။

မနေ့ညက ပွဲမှာလည်း ဟာဗက်ဇ်နဲ့ အိုဒွိုင်း တို့ဟာ အချိတ်အဆက်မိတဲ့ တွဲလုံးကနေ တဆင့် အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုး ကို စွမ်းဆောင်ပေးခဲ့ပါသေးတယ် ။ ၎င်းတို့ ၂ဦးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးလည်း တူချယ် က အခုလိုပဲ မှတ်ချက်ပြု ချီးကျူးခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” အခွင့်အရေး တကြိမ် ရတဲ့ အခါတိုင်း ၊ ခင်ဗျား ဟု ကိုယ် ဘာကြောင့် ဒီ အခွင့်အရေးနဲ့ ထိုက်တန်တယ် ဆိုတာ အမြဲတမ်း သက်သေပြနိုင်ရပါမယ် ။ အခုဆို ကျွန်တော်တို့ဟာ လာမယ့် ပွဲအနည်းငယ်ကို ရိုမီလူနဲ့ တီမိုတို့ မပါဝင်ပဲ ကျော်ဖြတ်ရတော့မှာပါ ။ ”

” ဒီအတွက်ကြောင့် ကျန်တဲ့ အသင်းသားတိုင်း ဟာ ဒီ ၂နေရာ အတွက် အပြိုင် တိုက်ပွဲဝင်ခွင့် ရှိနေပါတယ် ။ ခင်ဗျား ဟာ ကွင်းတွင်း ကစားခွင့် ရတဲ့ အခါ ဆာလောင်မှုနဲ့ ပြတ်သားမှုကို ပြသနိုင်ရပါမယ် ။ ဒါကို ကိုင်နဲ့ ကော်လမ် တို့ဟာ ဒီနေ့ပွဲမှာ ပြသနိုင်ခဲ့ပါတယ် ။ ”

” နောက်ထပ် တိုးတက်နိုင်တဲ့ နေရာတွေ ရှိနေသေးပေမယ့် ၊ လာမယ့် စနေနေ့ ပွဲမှာလည်း ကျန်တဲ့ အသင်းသား အားလုံးဆီကနေ ဒီလို ဆာလောင်မှုမျိုး ၊ ပြတ်သားမှုမျိုး မြင်ချင်ပါသေးတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ နိုင်ပွဲရဖို့ သွင်းဂိုးတွေ လိုအပ်လို့ပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ တီမို ၊ ရိုမီလူ မပါတဲ့ ဖြေရှင်းချက် တခုခုကို သေချာပေါက် ရှာဖွေရတော့မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က မနေ့ညက ပွဲထွက်စာရင်း အကြောင်းနဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ဟာ တပွဲပြီး တပွဲ တဆင့်ချင်းစီပဲ ရှေ့ဆက်လိုပါတယ် ။ ဒီနေ့ ကစားတဲ့ ပွဲလောက် ပိုပြီး အရေးကြီးတဲ့ပွဲ ဆိုတာမျိုး မရှိပါဘူး ။ ဂျော်ဂျီ ဟာ ဘရန်းဖို့ဒ်နဲ့ ပွဲမှာ မကစားနိုင်ခဲ့ပါဘူး ။ သူ့အစား ကျွန်တော်တို့ ရူဘင် ( လော့ဖ်တပ်စ်ချိခ် ) ကို အသုံးပြုခဲ့ရပါတယ် ။ ”

” ဒီနေ့ပွဲမှာ ပါဝင်ခဲ့တဲ့ အသင်းသား အားလုံး ပွဲထွက်ခွင့် ရဖို့ ထိုက်တန်မှု ရှိကြပါတယ် ။ နောက်ကစားရမယ့် ပွဲတွေက ပိုအရေးကြီးလို့ ဘယ်ကစားသမားကိုမှ သီးသန့် အနားပေးတာမျိုး မရှိပါဘူး ။ ကျွန်တော်တို့ဟာ ဘရန်းဖို့ဒ် ကို အနိုင်ရဖို့ အတွက် အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး ပွဲထွက်စာရင်း ကို အသုံးပြုခဲ့ပါတယ် ။ ”

” ဒီနေ့မှာလည်း ထိုနည်း၎င်းပါပဲ ။ နောက်ပွဲတွေလည်း ဒီအတိုင်းပဲ ဖြစ်လာဦးမှာပါပဲ ။ စနေနေ့မှာလည်း ကျွန်တော်တို့ဟာ အကောင်းဆုံး ပွဲထွက်စာရင်းကို ထပ်သုံးဦးမှာပါ ။ ကျွန်တော်တို့ဟာ အသင်းသားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေ အပေါ် မူတည်ပြီး ပွဲထွက်စာရင်း ကို ရွေးချယ်ရမှာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့မှာ တချို့သော နေရာတွေ အတွက် အပြောင်းအလဲ လုပ်လို့ရနိုင်တဲ့ ရွေးချယ်မှုတွေ ရှိပါတယ် ။ နောက်ပြီး ကျွန်တော်တို့ဟာ အသင်းသားတိုင်းဆီက တူညီတဲ့ ကြိုးစား အားထုတ်မှုကို တောင်းဆိုထားတဲ့ အတွက် လာမယ့်ပွဲတွေမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR