မန်ယူနိုက်တက် vs လီဗာပူး အပါအဝင် ချဲလ်ဆီး ၊ မန်စီးတီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အိုဝင်

မိုက်ကယ်အိုဝင်က လီဗာပူးဟာ ဒီတစ်ပတ်မှာ မန်ယူနိုက်တက် အတွက် အရမ်းကို တောင့်တင်းလွန်းနေလိမ့်မယ်လို့ ယူဆနေပါတယ်။ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့ ပွဲစဉ်မတိုင်မီ ကြားရက်က အတ္တလန်တာကို ဒရမ်မာဆန်ဆန် comeback နဲ့အတူ ၃-၂ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။

ဒုတိယနေရာက လီဗာပူးဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၅-၀ နဲ့ ချေမှုန်းခဲ့တဲ့ အပြင် အင်္ဂါနေ့ကလည်း အက်သလက်တီကို အဝေးကွင်းမှာ ၃-၂ နဲ့ အနိုင်ကစားခဲ့ပါတယ်။ ဆာလားဟာ လက်ရှိအချိန်မှာ အကောင်းဆုံး ပုံစံ ရရှိနေပြီး အက်သလက်တီကိုနဲ့ ပွဲစဉ်က သွင်းဂိုးတွေ အပါအဝင် ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၂ ဂိုး ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ အိုဝင်က အီဂျစ်စတားဟာ ဒီပွဲရဲ့ ရလဒ်ကို အဓိက ဆုံးဖြတ်ပေးမယ့်သူ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

မန်ယူနိုက်တက် Vs လီဗာပူး
“ကျွန်တော် ဒီပွဲစဉ်ကို မစောင့်နိုင်တော့ပါဘူး။ မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့တစ်ပတ်က လက်စတာနဲ့ အဝေးကွင်းမှာ စိတ်ပျက်စရာ ရလဒ်ကို ကြုံခဲ့ရပါတယ်။ သူတို့ဟာ အခွင့်အရေးတစ်ချို့ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းကတော့ လက်စတာတို့ အခွင့်အရေးတွေ ဖန်တီးဖို့အတွက် တအား လွယ်ကူခဲ့ပါတယ်။ ကျွန်တော် ကတော့ ယူနိုက်တက် ခံစစ်ဟာ တအားကို ပွင့်နေတယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ဆိုးရှားအနေနဲ့ သူ့အသင်းကို ဟန်ချက်ညီအောင် ချိန်ညှိသွားဖို့ လိုပါတယ်။

လီဗာပူးနဲ့ပက်သက်လာရင် စပြောသွားရမယ့် တစ်ခုတည်းသော အရာကတော့ မိုဆာလားပါပဲ။ လက်ရှိမှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတာ အသေအချာ ဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က သွင်းဂိုးဟာ တကယ့်ကို ပြောင်မြောက်ပါတယ်။ သူဟာ ဒီရာသီမှာ ယှဉ်ကစားလို့ မရနိုင်လောက်အောင် ကောင်းနေပါတယ်။ ဒါ့ကြောင့် သူ့ကို ထိန်းချုပ်ဖို့ဆိုတာ ယူနိုက်တက် ခံစစ်အတွက် ကြီးမားတဲ့ Test ပါပဲ။ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာ ပိုကောင်းအောင် ကစားသွားမယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ကတော့ လီဗာပူးပဲ ၂-၁ နဲ့ နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ မိုဆာလားကော ဂိုးသွင်းနိုင်မှာလား?”

ဆက်လက်ပြီး အိုဝင်က လက်ရှိ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ချဲလ်ဆီးဟာ ယနေ့ညမှာ ဇယားအောက်ခြေက နော့ဝှစ်အတွက် တအားကောင်းလွန်းနေလိမ့်မယ်လို့ ယူဆနေပါတယ်။

ချဲလ်ဆီး vs နော့ဝှစ်
အင်္ဂလန် တိုက်စစ်မှုးဟောင်းက “ချဲလ်ဆီးဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ကံတရားရဲ့ ဖေးမမှုကို ရခဲ့ပြီး မန်ဒီဟာ ဂိုးပေါက်မှာ တအားကို ကောင်းလွန်းခဲ့ပါတယ်။ ဘယ်အသင်းမှ ပွဲတိုင်းအကောင်းဆုံး ကစားနိုင်တယ်ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ချဲလ်ဆီးတို့ ဒီလို နိုင်ပွဲကို ရယူနိုင်ခဲ့တာကို ကြည့်ရင် သူတို့ရဲ့ အရည်အသွေးကို သိနိုင်ပါတယ်။ နော့ဝှစ်ဟာ ဒီရာသီ လိဂ်သွင်းဂိုး ၂ ဂိုးသာ ရထားပါတယ်။ ဒါဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးဆိုတာ ရှင်းပါတယ်။ ရာသီမစမီက သူတို့ဟာ ဂိုးတွေ အများကြီး သွင်းယူသလို ပေးဂိုးတွေလည်း များလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူတို့ဟာ ဂိုးတောင် မသွင်းနိုင် ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ချဲလ်ဆီးတို့ ဒီပွဲကို သက်တောင့်သက်သာ ကစားကာ ၃-၀ နဲ့ နိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။”

ဘရိုက်တန် vs မန်စီးတီး
ဘရိုက်တန်ဟာ ၂ ပွဲဆက် ဝ-၀ ဖြစ်ထားခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်က ကာရိုးရုတ်မှာ အနိုင် ၃ မှတ် ရခဲ့သင့်ပါတယ်။ သူတို့ရဲ့ ခံစစ်ပိုင်းက တကယ့်ကို ကောင်းနေပြီး ဒီရာသီ ပေးဂိုး ၅ ဂိုးသာ ရှိထားခဲ့ကာ ချဲလ်ဆီး နဲ့ မန်စီးတီးရဲ့ နောက်မှာ ရပ်တည်နေပါတယ်။ ဘန်လေကို ထုံးစံအတိုင်း အနိုင်ယူခဲ့ပြီးနောက် စီးတီးဟာ ကြားရက်မှာ ဘရုကို အကောင်းဆုံး ခြေစွမ်းနဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

ဖိုဒန်ဟာ ခြေစွမ်းတအား ထက်မြက်နေပြီး စီးတီးတို့ သွင်းဂိုး ၅ ဂိုးထက်တောင် ပိုရခဲ့သင့်ပါတယ်။ ဒီပွဲကတော့ စီးတီးအတွက် လွယ်ကူမယ့်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ပဲ နိုင်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘရိုက်တန်ရဲ့တိုက်စစ်ဟာ စီးတီးကို လုံလောက်တဲ့ နာကျင်မှု ပေးနိုင်မယ်လို့ မထင်တာကြောင့် စီးတီးတို့ ၂-၀ နဲ့ နိုင်မှာပါ။

ဝက်ဟမ်း Vs တော့တင်ဟမ်
ပြီးခဲ့တဲ့တစ်ပတ်က ဝက်ဟမ်းအတွက် အရမ်းကောင်းတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ တစ်သင်းလုံး ကစားပုံကောင်းခဲ့ပေမယ့် ဒန်ကလန်ရိုက်စ် ကိုတော့ အထူးချီးကျူးသွားရမှာ ဖြစ်ပါတယ်။ ရိုက်စ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က ပိုင်ရှင်သစ်လက်အောက် တက်ကြွနေတဲ့ စိန့်ဂျိမ်းပက်ရဲ့ atmosphere အောက်မှာ ကစားရတာဟာ စပါးအတွက် လွယ်ကူခဲ့မှာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် စောစောစီးစီး ဂိုးပေးခဲ့ရတာကြောင့်ပါ။

ဒါပေမယ့် စပါးဟာ ကောင်းကောင်း recover လုပ်နိုင်ခဲ့ပြီး ပြိုင်ဘက်ကို ကောင်းစွာ ခြိမ်းခြောက်ခဲ့ပါတယ်။ ဝက်ဟမ်းဟာ လက်ရှိမှာ စုစည်းမှုကောင်းနေတဲ့ အသင်း ဖြစ်နေပါတယ်။ ဒီအသင်းဟာ နိုင်ပွဲတွေ ရဖို့အတွက် ကစားနေတဲ့ အသင်း ဖြစ်နေတာ ရှင်းလင်းပါတယ်။ ကျွန်တော် ကတော့ လန်ဒန်ဒါဘီမှာ အိမ်ရှင်တို့ ၂-၁ နဲ့ ကပ်နိုင်သွားမယ်လို့ ရွေးချယ်ပါတယ်။

အခြားပွဲစဉ်များ
ခရစ်စတယ်ပဲလေ့စ် ၂-၁ နယူးကာဆယ်
လိဒ် ၁-၁ ဝုဖ်
အဲဗာတန် ၃-၁ ဝက်ဖို့ဒ်
ဆောက်သမ်တန် ဝ-၁ ဘန်လေ
ဘရန့်ဖို့ဒ် ၁-၂ လက်စတာ

SM