မန်ယူနိုက်တက် vs လီဗာပူး ပွဲစဉ်မတိုင်မီ ပေါလ်စခိုးရဲ့ မှတ်ချက်စကားကို တုန့်ပြန်လိုက်တဲ့ ယာဂန်ကလော

ယာဂန်ကလော့က သူ့အနေနဲ့ ပေါလ်စခိုး ပြောသလိုမျိုး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပထမပိုင်း ခြေစွမ်းကို ကြည့်ပြီး ဝမ်းသာအားရ ဖြစ်နေတာမျိုး မရှိဘူးလို့ ပြန်လည် တုန့်ပြန်လိုက်ပါတယ်။ ကလော့ရဲ့ အသင်းဟာ လာမည့် တနင်္ဂနွေနေ့မှာ အိုးထရပ်ဖို့ဒ်ကို သွားကာ မန်ယူနိုက်တက်ကို ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး စခိုးက ဂျာမန် နည်းပြ အနေနဲ့ ကြားရက်က သရဲနီ တို့ရဲ့ ပထမပိုင်း ကစားပုံကို ကြည့်ပြီး သူ့ရဲ့ လက်တွေကို ပွတ်ကာ ဝမ်းသာအားရ ဖြစ်နေလိမ့်မယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆိုးရှားရဲ့ အသင်းဟာ အတ္တလန်တာကို ၃-၂ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ပထမပိုင်းမှာ ကစားပုံ ဆိုးရွားခဲ့ပြီး ပြိုင်ဘက်ကို ၂-၀ နဲ့ အရေးနိမ့်နေ ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ဂန္တဝင်က ဒုတိယပိုင်း Comeback နဲ့အတူ ဒီပွဲဟာ ပရိတ်သတ်တွေကို ဖျော်ဖြေမှု ရသ အပြည့်အ၀ ပေးစွမ်းခဲ့ပေမယ့်လည်း မန်စီးတီးနဲ့ လီဗာပူး တို့နဲ့ ရင်ဆိုင်ကစားတဲ့ အခါ ဒီလိုမျိုး အခြေအနေကို ကြံုံခဲ့ရမယ် ဆိုရင် သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ပြန်လာနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

စခိုးက “မန်စီးတီး ဒါမှမဟုတ် လီဗာပူး တို့နဲ့ ပွဲတွေမှာသာ ဒီလိုမျိုး လုပ်ခဲ့မယ်ဆိုရင် ပထမပိုင်းမှာတင် ၃-၀ ၄-၀ ဖြစ်နေလောက်ပါပြီ။ ဒါဆိုရင် out of the game ဖြစ်ပြီး ပြန်လာနိုင်မှာ မဟုတ်ပါဘူး။ ဒုတိယပိုင်းမှာ ယူနိုက်တက်ရဲ့ ပြန်လာပုံဟာ တကယ့်ကို ရသပေးပြီး ပျော်ရွှင်စေခဲ့တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ပထမပိုင်း ကစားပုံကတော့ ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။

အကယ်၍ ဒီလိုမျိုး ပြန်လာနိုင်တာဟာ အရမ်းကို ကောင်းတယ် အားလုံးကို ပျော်ရွှင်စေတယ် အားလုံးကို ရယ်မောစေတယ် ဆိုရင် တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲမှာ ဒါမျိုးသွားပြီး လုပ်ကြည့်လိုက်ပါ။ ပြီးရင် ဘာဖြစ်လာမလဲ ကြည့်ရတာပေါ့။ ကျွန်တော်ကတော့ ယာဂန်ကလော့ဟာ ဒီပွဲရဲ့ ပထမပိုင်း ကစားပုံကို ကြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမယ်လို့ မြင်မိပါတယ်။” လို့ ဆိုခဲ့ပါတယ်။

စခိုးရဲ့ မှတ်ချက်နဲ့ ပက်သက်ပြီး ကလော့က “ကျွန်တော် ဒီပွဲကို ကြည့်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကစားပုံကို ကြည့်ပြီး ကျွန်တော့်ရဲ့ လက်တွေကို ပွတ်ကာ အားရဝမ်းသာ ဖြစ်ခဲ့တာမျိုး တစ်စက္ကန့်မှ မရှိခဲ့ပါဘူး။ ဒီလိုလုပ်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်။ အကယ်၍ ဒီပွဲကို ခင်ဗျားတို့ ကြည့်ခဲ့မယ် ဆိုရင် အတ္တလန်တာဟာ ပထမပိုင်းမှာ ယူနိုက်တက်ကို ပြသနာတစ်ချို့ ပေးနိုင်ခဲ့တာကို တွေ့ခဲ့ရမှာပါ။ ဒါပေမယ့် ဒီပထမပိုင်းမှာတောင်မှ ယူနိုက်တက်ဟာ ရှင်းလင်းတဲ့ အခွင့်အရေး ၃ ကြိမ် နဲ့ ဂိုးသမား အထူး လက်စွမ်းပြခဲ့တဲ့ အခြေအနေ တစ်ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ကတော့ ယူနိုက်တက်ရဲ့ ပါဝါ ဘယ်လောက် ရှိသလဲဆိုတဲ့ presentation ပါပဲ။ သူတို့ဟာ ပိုမို တိုက်စစ်ဆင်ကစားခဲ့ပြီး သူတို့မှာ ရှိတဲ့ အရည်အသွေးဟာ ဘယ်အသင်းကိုမဆို ပြသနာတွေ ပေးစွမ်းနိုင်တယ် ဆိုတာ ပြသခဲ့ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ကစားဟန်ကို ရပ်တန့်လိုက်တဲ့ အချိန်မှာပေါ့။ အတ္တလန်တာဟာ ဒါကို အနည်းငယ် လုပ်သွားခဲ့ပါတယ်။

ဒါ့ကြောင့် ကျွန်တော် လက်တွေကို ပွတ်ပြီး အားရဝမ်းသာ ဖြစ်နေတာမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်ဟာ တကယ်ကောင်းတဲ့ ပြိုင်ဘက် ၊ တကယ်ကောင်းတဲ့ ဘောလုံးအသင်းနဲ့ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ ပွဲစဉ်အတွက်သာ ပြင်ဆင်နေပါတယ်။ ဒါဟာ သူတို့ အတွက် အိမ်ကွင်း ပွဲစဉ်ပါ။ ကျွန်တော်တို့ အတွက်တော့ အဝေးကွင်း ပွဲစဉ်ပါ။ ဒါ့ကြောင့် ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်နေတာပဲ ရှိပါတယ်။” လို့ တုန့်ပြန်လိုက်ပါတယ်။

SM