“မန်စီးတီး ၊ ဘာစီလိုနာ တို့ကို ရိုနယ်ဒို ဘယ်တော့မှ သွားမှာမဟုတ်ပါဘူး” – ဖာဘီယို ဒါဆေးလ်ဗား

မန်ချက်စတာ ယူနိုက်တက် မှာ ခရစ္စတီယာနို ရိုနယ်ဒို နဲ့အတူ ကစားခဲ့ဖူးတဲ့ ဘရာဇီး နောက်ခံလူ ဖာဘီယို ဒါဆေးလ်ဗား က ယူနိုက်တက်ကို တကျော့ပြန် ရောက်လာတဲ့ ရိုနယ်ဒို ဟာ ကမ္ဘာပေါ် က ဘယ်လို အသင်းမျိုးမှာ မဆို ကစားနိုင်သူ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒါပေမယ့် ဖာဘီယို က အစောပိုင်းက သတင်းထွက်ပေါ် လာခဲ့သလို ရိုနယ်ဒို နဲ့ မန်စီးတီး တို့ နီးစပ်မှု ရှိခဲ့တာကို မယုံကြည် ခဲ့ကြောင်း နဲ့ ရိုနယ်ဒို ဟာ မန်ယူနိုက်တက် နဲ့ ရီးရဲ မက်ဒရစ် တို့ရဲ့ ခါးသီးလှတဲ့ ပြိုင်ဘက်တွေ ဆီကို ဘယ်တော့မှ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

လက်ရှိ ပြင်သစ် ကလပ် နန့်တက်စ် အသင်းမှာ ကစားနေတဲ့ ဖာဘီယို ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၂၀၀၇ ကနေ ၂၀၀၉ ခုနှစ် အတွင်း ရိုနယ်ဒို နဲ့ အတူ ကစားခဲ့သူ ဖြစ်ပါတယ် ။

ဖာဘီယို က ရိုနယ်ဒို ရဲ့ အပြောင်းအရွှေ့ သတင်းတွေကို စတင် ကြားရချိန်မှာ မယုံကြည်နိုင် ခဲ့ကြောင်း နဲ့ ဒါတွေဟာ ရိုနယ်ဒို ရဲ့ အေးဂျင့် မန်ဒက်စ် ရဲ့ လှည့်ကွက်တွေ ဖြစ်နိုင်တယ်လို့ ထင်ခဲ့ကြောင်း ESPN သတင်းဌာန နဲ့ တွေ့ဆုံခန်းမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ ( နန့်တက်စ် အသင်းမှာ ) အတူ ကစားနေတဲ့ ပက်ဒရို ဒီသတင်းကို လာပြောတော့ တကယ်ကို မယုံနိုင်အောင် ဖြစ်ခဲ့ရ ပါတယ် ။ ရိုနယ်ဒို က မန်စီးတီး ကို ရောက်တော့မယ့် ၊ အားလုံး သဘောတူပြီးပြီတဲ့ ။ ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”

“ဒါက ဂျော့ မန်ဒက်စ် ရဲ့ ဇာတ်လမ်းလား ဘာလားဆိုတာ ကျွန်တော် သေချာ မသိပါဘူး ။ ဒါပေမယ့် အခု ဖြစ်လာတဲ့ ရလဒ်ကို ကြည့်မယ်ဆိုရင်တော့ ဒါက ဖြစ်နိုင်တဲ့ ကိစ္စပါပဲ ။

မန်ချက်စတာ စီးတီး ကို သူရောက်မယ်လို့ ကျွန်တော် လုံး၀ မယုံထားခဲ့ ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် နဲ့ သူ ရယူ ထားခဲ့တဲ့ သမိုင်းတွေ ၊ အောင်မြင်မှုတွေ ၊ ဂုဏ်သိက္ခာတွေ အရ ကျွန်တော် ပြောနိုင်တာပါ ။

မန်စီးတီး ကိုသာ ရောက်သွားခဲ့မယ် ဆိုရင် သူ့အနေနဲ့ မန်ချက်စတာ မှာ အတော်ကြီး နေလို့ ထိုင်လို့ အဆင်ပြေမှာ မဟုတ်ဘူးဆိုတာ ကိုလည်း သူကောင်းကောင်း သဘောပေါက်မှာပါ ။

အဲ့ဒိလိုပါပဲ ၊ ဘာစီလိုနာ မှာလည်း သူ မကစားဘူးလို့ ကျွန်တော် အတပ်ပြောရဲပါတယ်”

“ရိုနယ်ဒို ဟာ တကယ်ကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိတဲ့ ကစားသမားပါ ။ သူ ငယ်ငယ်က အိပ်မက် မက် ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲ မက်ဒရစ် နဲ့ ယူဗင်တပ် တို့လို အသင်းတွေ ကိုလည်း ရောက်အောင် သွားနိုင်ခဲ့ ပါတယ် ။ အဲ့ဒိ အသင်းတွေနဲ့ သူရခဲ့တဲ့ အောင်မြင်မှုတွေ ကလည်း အများကြီး ပါပဲ ။ ဒါကြောင့် ရိုနယ်ဒို ဟာ သမိုင်းမှာ မှေးမှိန်ပျောက်ကွယ် သွားမယ်သူ မဟုတ်ဘူးလို့ ကျွန်တော် ပြောနိုင်တာပါ” လို့ ဖာဘီယို ဒါဆေးလ်ဗား က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဒီနှစ် နွေရာသီမှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ယူဗင်တပ် ကနေ ပြန်လည် ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ဒီအပြောင်းအရွှေ့ မဖြစ်ခင်မှာ မန်ချက်စတာ စီးတီး နဲ့ သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့တာပဲ ဖြစ်ပါတယ် ။

ရိုနယ်ဒို ဟာ ၃၆ နှစ် ရှိနေပြီ ဖြစ်ပေမယ့် ယူနိုက်တက် မှာ ကစားသမားဘ၀ ကုန်ဆုံးဖို့ အစီအစဉ် ရှိပုံ မရပါဘူး ။

အကယ်၍ ရိုနယ်ဒို ဟာ ယူနိုက်တက် နဲ့ စာချုပ်သစ် မချုပ်ဖြစ်ခဲ့ပါက အာရှ ( သို့ ) အမေရိက လိဂ်တွေ ကို သွားရောက် ကစားဖို့ လည်း စိတ်ကူးထားပုံ ရပြီး ငယ်ဘ၀ အသင်း ဖြစ်တဲ့ စပို့တင်း မှာ ကစားသမားဘ၀ ကုန်ဆုံးဖို့ စဉ်းစားထားတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR