မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖလားရနိုင်မှုအပေါ် ယာဂင် ကလော့ နဲ့ ပေါလ်စခိုး တို့ရဲ့ အမြင်များ

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂင် ကလော့ က မန်ချက်စတာ ယူနိုက်တက် ကို ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ပြေးပွဲကနေ ထုတ်ပယ်ထားလို့ မရနိုင်သေးကြောင်း နဲ့ ယူနိုက်တက် ရဲ့ ငွေသုံးကြမ်းမှု အပေါ် ချိတ်ဆက် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ဂျေဒန် ဆန်ချို နဲ့ ရာဖေး ဗာရန်း တို့ ၂ ဦး ကို ပေါင်သန်း ၁၀၀ ကျော် အကုန်အကျ ခံကာ ခေါ်ယူထားခဲ့ ပါတယ် ။

အသင်းသားဟောင်း ရိုနယ်ဒို အတွက် ပေါင် ၁၃ သန်းသာ ပေးခဲ့ရပေမယ့် မြင့်မားတဲ့ လုပ်ခ နဲ့ စာချုပ်ချုပ်ဆိုကြေးတွေကို ပေးချေ ခဲ့ရ ပါတယ် ။

ဒီလိုမျိုး ခေါ်ယူခဲ့မှုဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီး နောက်ပိုင်းမှာ ယူနိုက်တက် တို့ အပြောင်း အရွှေ့ အတွက် အသုံးပြုခဲ့တဲ့ စုစုပေါင်း ငွေပမာဏ ကို ပေါင် ၁ ဘီလီယံ အထိ ရောက်ရှိ စေခဲ့ ပါတယ် ။

ဒါပေမယ့် ဒီ ၈ နှစ်အတွင်း မှာတော့ ယူနိုက်တက် ဟာ ယူရိုပါလိဂ် ၊ လိဂ်ဖလား နဲ့ FA Cup တွေကိုသာ တကြိမ်စီ ရယူထားနိုင်ခဲ့ ပါတယ် ။

ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု နဲ့ ပတ်သက်ပြီး မေးမြန်း ရာမှာတော့ လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂင် ကလော့ က မန်စီးတီး ၊ ချဲလ်ဆီး နဲ့ သူ့ရဲ့ လီဗာပူးတို့ ကို ညွှန်းဆိုခဲ့သလို ဆိုးရှား ရဲ့ ယူနိုက်တက် ကိုလည်း ငွေသုံးကြမ်းတဲ့ အသင်းတသင်း ဖြစ်တာကြောင့် စာရင်းထဲ ထည့်ထားရမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဒီနှစ်က အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အခုတည်းက ကြိုဆုံးဖြတ်ဖို့ ခက်ခဲ နေပါတယ် ။ စီးတီး က မနှစ်က လောက် မကောင်းနိုင်ဘူး ဆိုရင်တောင် အများကြီး ဆိုးသွားမှာ မဟုတ်ပါဘူး ။ သူတို့ ရဲ့ ကစားပုံက တကယ်ကို ကြောက်ဖို့ ကောင်းပါတယ် ။

ကျွန်တော်တို့ အသင်း ( လီဗာပူး ) က ပုံစံကောင်းမှာ ရှိနေပါတယ် ။ ချဲလ်ဆီး ကလည်း အကောင်းစား လူစာရင်း ရှိတဲ့ ထိပ်တန်း အသင်း တသင်းပါ ။ မန်ချက်စတာ ယူနိုက်တက် ကတော့ မန်ချက်စတာ ယူနိုက်တက် ပါပဲ ။ သူတို့ လိုချင်တဲ့ အရာတခုကို မရောက်မချင်း သူတို့ ငွေသုံးတာ ရပ်ဦးမှာ မဟုတ်ပါဘူး ။

လက်ရှိ သူတို့မှာ ရှိနေတဲ့ လူစာရင်းကလည်း တကယ်ကို တောင့်တင်းပါတယ်” လို့ ကလော့ က ပြောဆို သွားခဲ့ ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုး ကတော့ အသင်းဟောင်း ကို ဖလားလုပွဲ ကနေ ထုတ်ပယ်လို့ ရနေပြီလို့ ဆိုသွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီ အစပိုင်းမှာ ဖလားလုဖက် အသင်းကြီးချင်း မဆုံတွေ့ ခဲ့ရဘဲ အသင်းလတ် ၊ အသင်းငယ်တွေ နဲ့သာ ဆုံတွေ့ခဲ့ပေမယ့် ရလဒ်ကောင်းတွေ ရရှိအောင် မကစားနိုင်ခဲ့ ပါဘူး ။

ဒီတပတ် မှာတော့ ယူနိုက်တက် ဟာ လက်စတာ စီးတီး နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်စီးတီး ၊ စပါး ၊ အာဆင်နယ် တို့နဲ့ ဆက်တိုက် ဆိုသလို ယှဉ်ပြိုင် ကစားရတော့ မှာ ဖြစ်ပြီး အသင်းရဲ့ အခက်ခဲဆုံး ပွဲစဉ် ကာလကို ဖြတ်သန်း ရတော့မှာပဲ ဖြစ်ပါတယ် ။

“ကျွန်တော် ကတော့ ဒီရာသီဟာ မန်စီးတီး နဲ့ လီဗာပူးတို့ ပွဲပဲလို့ ထင်ပါတယ် ။ ချဲလ်ဆီး ကိုပါ ထည့်တွက် မယ် ဆိုရင်တော့ ၃ သင်းပေါ့ ။ ယူနိုက်တက် ကတော့ အဲ့ဒိ အသင်းတွေနဲ့ အလှမ်းဝေးသွားပြီ လို့ ထင်ပါတယ် ။

အခုက ရာသီ အစပိုင်းပဲ ရှိသေးတယ် ဆိုပေမယ့် စီးတီး ၊ လီဗာပူး တို့ ကစားတာတွေကို ကြည့်ရင်း ယူနိုက်တက် နဲ့ သူတို့ အကြားမှာ ခြားနားမှုတွေ ရှိနေတုန်းပဲ ဆိုတာကို ကျွန်တော် သတိပြုမိ ခဲ့ပါတယ် ။

ဒီ ၃ သင်းကလွဲရင် အခြား အသင်းတွေ ဖလားနား ကပ်နိုင်ဖို့ မမြင်မိ ပါဘူး”

“ပြီးခဲ့တဲ့ ဆယ်နှစ်ကို ပြန်ကြည့်မယ် ဆိုရင် စီးတီး ဟာ ချန်ပီယံ ဖြစ်တဲ့ နှစ်တွေမှာရော မဖြစ်တဲ့ နှစ်တွေမှာပါ ပြိုင်ဘက်တွေကို ဖိအားပေး ကစားနိုင်ခဲ့ ပါတယ် ။ လီဗာပူး ဆိုရင်လည်း ခုနောက်ပိုင်း နှစ်တွေမှာ ပြိုင်ဘက်တိုင်း ကြောက်ရတဲ့ အသင်း ဖြစ်နေပါပြီ ။

ဒါပေမယ့် အိုလေ ရဲ့ အသင်းကတော့ ခုချိန်ထိ ဒီလိုမျိုး မခံစားမိသေး ပါဘူး” လို့ ပေါလ်စခိုး က သူ့ရဲ့ ထင်မြင်ချက်ကို ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR