“မက်ဆီ အငယ်စားလေး”လို့ နာမည်ကြီးနေတဲ့ အသက် ၅ နှစ် အရွယ် ကလေးငယ်လေးကို ခေါ်ယူလိုက်တဲ့ အာဆင်နယ်

 

” အသက် အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုမျှ သာ ဖြစ်တယ် ” ဆိုတဲ့ စကားကို အာဆင်နယ် အသင်းရဲ့ နောက်ဆုံး ခေါ်ယူမှု က ထပ်မံ သက်သေ ပြသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ အသက် ၄ နှစ် အရွယ် ကလေးငယ်လေးကို သူတို့ အကြို အကယ်ဒမီ ဖွံဖြိုးတိုးတက်ရေး စင်တာမှာ လေ့ကျင့် သင်ကြားခွင့် ပေးလိုက်တာ ဖြစ်ပါတယ် ။

ဇိုင်းအလီဆဲလ်မန်း လို့ ခေါ်တဲ့ လက်ရှိ အသက် ၅ နှစ် အရွယ် ကလေးငယ်လေးဟာ အာဆင်နယ် အသင်းရဲ့ အသက်အငယ်ဆုံး ခေါ်ယူမှု ဖြစ်လာခဲ့ပြီး သူ အသင်းနဲ့ စာချုပ်ချုပ် စဉ်က အသက် ၄ နှစ် အရွယ်ပဲ ရှိသေးကာ နေ့ကလေးထိန်းကျောင်း တက်ပြီးခါစ ဖြစ်တယ်လို့ သိရပါတယ် ။

ဇိုင်း ဟာ အသက် ၅ နှစ် အရွယ်သာ ရှိသေးပေမယ့် သူ့ထက် အသက် နှစ်ဆ ကြီးတဲ့သူတွေ နဲ့ ကစားနေနိုင်သူ ဖြစ်ပြီး သူ့ရဲ့ စွမ်းရည်တွေကြောင့် အင်စတာဂရမ်မှာ “မက်ဆီ အသေးစားလေး” လို့ နာမည် ကျော်ကြား နေသူ ဖြစ်ပါတယ် ။

ဇိုင်း ရဲ့ ထူးကဲတဲ့ အရည်အသွေးကို စတင် သတိထားမိခဲ့သူက နည်းပြ အော်စတင် စကိုဖီးလ်ပါ ။ စကိုဖီးလ် က BBC News နဲ့ အင်တာဗျူးမှာ ” ကျွန်တော်တို့ သူ့ကို သက်တူရွယ်တူ ကလေးငယ်တွေနဲ့ ကစားကြည့်စေပါတယ် ၊ ဒါပေမယ့် သူက တခြားသူတွေ အားလုံးထက် သာလွန် ကောင်းမွန် နေခဲ့ပါတယ် ။ သူက တခြားကလေးတွေထက် ပိုလည်းမြန်သလို ဂိုးသွင်းလည်းပိုကောင်း ၊ ပေးပို့မှုလည်း ပိုကောင်းပါတယ် ။ ”

” အဲ့ဒါကြောင့် ကျွန်တော်လည်း ဒီကလေးကို အသက်ကြီးတဲ့သူတွေနဲ့ ကစားခိုင်းရင် ကောင်းမလားလို့ သူ့အဖေ ကို ပြောကြည့်လိုက်ပါတယ် ။ သူ့အဖေကလည်း ‘ဒါပေါ့ ၊ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ ‘ လို့ ပြန်ပြောပါတယ် ။ ” လို့ ဆိုပါတယ် ။

ဇိုင်းအလီဆဲလ်မန်း မှာ ကိုယ်ပိုင် အင်စတာဂရမ် အကောင့် ရှိပြီး follower တစ်သောင်း နှစ်ထောင်ကျော်အထိ ရှိနေပါတယ် ။ ဇိုင်းရဲ့ အင်စတာဂရမ် အကောင့် @zaynalisalman မှာ သူ့ရဲ့လေ့ကျင့်ပုံတွေ ၊ skill video တွေကို တင်လေ့ ရှိပါတယ် ။

ဇိုင်းအလီဆဲလ်မန်းရဲ့ ဖခင်ကလည်း သူ့သားလေးဟာ မွေးကတည်းက ထူးကဲတဲ့ လက္ခဏာတွေ ပြခဲ့ဖူးသူ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ် ။ ” သူ မွေးတဲ့နေ့ကို ကျွန်တော် ခုထိ အမှတ်ရနေပါသေးတယ် ၊ သူနာပြု က သူ့ကို ချီနေရာကနေ အခင်းပေါ် ချလိုက်တော့ သူက ခေါင်းထောင်ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်ပါတယ် ။ ”

” သူနာပြုတောင် အံ့အားသင့်သွားခဲ့တာပါ ၊ သူက ငယ်ငယ်လေးကတည်းက အတော် သန်မာတဲ့ ကလေးလေးပါ ၊ လူကောင် ခပ်သေးသေးပဲ ရှိနေသေးတဲ့ အချိန်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ် ဟန်ချက်ကို အံ့ဖွယ် ထိန်းညှိ နိုင်ပါတယ် ၊ အာဆင်နယ်က သူ့အသက်ကို အဓိက မထားဘဲ အလားအလာ အများကြီး ရှိသူလို့ ခံယူပြီး ဖိတ်ခေါ် ခဲ့တာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဇိုင်း က အာဆင်နယ် အသင်းဟာ သူ အကြိုက်နှစ်သက်ဆုံး အသင်း တစ်သင်း ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ဖူးပါတယ် ။ အာဆင်နယ် ရဲ့ကင်းထောက် စတီဖင်ဒင်းစ် ကလည်း ဇိုင်း ကစားတာကို စတွေ့ကတည်းက သဘောကျမိခဲ့ကြောင်း ဆိုပါတယ် ။

” သူက သူ့အသက်အရွယ်နဲ့ မလိုက်တဲ့ အရာတွေကို လုပ်ဆောင် ပြသနေတဲ့ ကလေးငယ် တစ်ဦးပါ ၊ ကျွန်တော် သူ့ကို စတွေ့ချိန်မှာ အသက် လေးနှစ်ဆိုတာ ဟုတ်ရဲ့လား လို့ သေချာအောင် သူငယ်ချင်းကိုတောင် လှမ်းမေးလိုက်ရပါသေးတယ် ။ ”

” သူက နေ့ကလေးထိန်းကျောင်းမှာ တက်နေဆဲ ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ် ၊ အဲ့ဒီနောက် ကျွန်တော် သူ့မိဘတွေနဲ့ စကားပြောခဲ့ပြီး အသင်းနဲ့ လေ့ကျင့်မှု အချို့ လုပ်စေခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ အာဆင်နယ် ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ ကစားသမား တစ်ဦးတော့ ထပ်တိုးလာခဲ့ပြန်ပါပြီ ။

SM