မက်ဆီ နဲ့ ရိုနယ်ဒို ပါဝင်ခဲ့ခြင်း မရှိတဲ့ ချန်ပီယံလိဂ် ပွဲစဉ်(၃) အတွက် တစ်ပတ်တာ အကောင်းဆုံး အသင်း

ဒီတစ်ပတ်မှာ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်(၃) ကတော့ ပြီးဆုံး သွားခဲ့ပါပြီ ။ ကမ္ဘာ့ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ မက်ဆီ နဲ့ ရိုနယ်ဒို တို့ဟာလည်း ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲတွေမှာ ဂိုးတွေ ထပ်သွင်း နိုင်ခဲ့ကြပါတယ် ။

လီဗာပူး အသင်းကတော့ အဝေးကွင်းမှာ အက်သလက်တီကို မက်ဒရစ် အသင်းကို ဒရမ်မာ ဆန်ဆန် အနိုင် ကစားပြီး အုပ်စု(ခ) ရဲ့ထိပ်ဆုံးမှာ ရပ်တည်ကာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ် ။

ပီအက်စ်ဂျီ အသင်းဟာ လိုက်ဇစ် ကို နောက်က လိုက်ကစားပြီး အနိုင် ရသွားခဲ့သလို အင်တာမီလန် အသင်းဟာလည်း ခြေစွာ နေတဲ့ ရှရစ်ဖ် ကို အနိုင်ရသွားခဲပါတယ် ။ ချဲလ်ဆီး ၊ မန်စီးတီး ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် တို့ကတော့ ပြိုင်ဘက် အသင်းတွေကို ဂိုးပြတ် သွင်းပီး အောင်ပွဲ ခံခဲ့ကြပါတယ် ။

ဒေါ့မွန် အသင်းဟာ အေဂျက်စ် ကို ဂိုးပြတ် ရှုံးနိမ့် ခဲ့ရပြီး မန်ယူနိုက်တက် အသင်းကတော့ နှစ်ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ၃ ဂိုးပြန်သွင်းပီး comeback နိုင်ပွဲ ရယူ သွားခဲ့ပါတယ် ။

ချန်ပီယံလိဂ် ပွဲစဉ်(၃) မှာ တောက်ပခဲ့တဲ့ ကစားသမားတွေ အများအပြား ရှိခဲ့ပြီး Sportsmail ရဲ့ တစ်ပတ်တာ အကောင်းဆုံး အသင်းကို ဖော်​ပြ ပေးလိုက်ပါတယ် ။

ဂိုး – အလီဆွန်(လီဗာပူး)

ဒီတစ်ပတ် ပွဲစဉ်(၃) မှာ လက်စွမ်းကောင်းတွေ ပြသခဲ့တဲ့သူတွေ အဖြစ် ကော်တိုရစ် ၊ နူအာ ၊ ရူလီ တို့ ရှိခဲ့ပေမယ့် တစ်ပတ်တာ အကောင်းဆုံး အသင်းမှာတော့ အလီဆွန် ကိုပဲ ရွေးချယ် ချင်ပါတယ် ။ အလီဆွန် ဟာ အေတီကို နဲ့ ပွဲမှာ ဂိုးနှစ်ဂိုး ပေးခဲ့ရပေမယ့် ဂရစ်ဇ်မန်း ၊ ကာရက်စ်ကို တို့ရဲ့ ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်ပေးခဲ့ပြီး အနိုင်သုံးမှတ် ရရှိအောင် ကူညီ ပေးခဲ့ပါတယ် ။

နောက်တန်း – ဒီစီဂလီယို(ဂျူဗင်တပ်စ်) ၊ ကိုအာတက်စ်(စပို့တင်း လစ္စဘွန်း) ၊ ပီကေး(ဘာစီလိုနာ) ၊ ဘလိုင်း(အေဂျက်စ်)

ဂျူဗင်တပ်စ် အသင်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည် နိုင်စေမယ့် တစ်လုံးတည်းသော သွင်းဂိုးဟာ ဒီစီဂလီယို ရဲ့ဖန်တီးမှုကနေ ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဘက်ဆစ်တပ် ကို ၁-၄ နဲ့ အနိုင်ရတဲ့ ပွဲမှာ ၂ ဂိုး အထိ သွင်းပေးခဲ့တဲ့ ကိုအာတက်စ် ဟာ အကောင်းဆုံး အသင်းမှာ သံသယ ဖြစ်ဖွယ်ရာ မရှိ ပါဝင်ထိုက်သူပါ ။

ပီကေး ရဲ့ သွင်းဂိုးဟာ ဒီရာသီ ဘာစီလိုနာ အတွက် ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုး ဖြစ်ခဲ့ရသလို ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲလည်း ဖြစ်သွားခဲ့ပါတယ် ။ ဒါ့အပြင် ဘာစီလိုနာ ရဲ့ ချန်ပီယံလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှု ၊ ချန်ပီယံလိဂ် အိမ်ကွင်း ၃ ပွဲဆက် ရှုံးပွဲ ကြုံတွေ့ရမှုကိုလည်း ရပ်တန့် စေခဲ့ပါတယ် ။

ဒေါ့မွန် ကို ဂိုးပြတ် ချေမှုန်း ခဲ့တဲ့ အေဂျက်စ် အသင်းရဲ့ ဘယ်နောက်ခံလူ ဘလိုင်းဟာ အသင်း Clean-Sheet ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ရုံသာမက ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့သလို ဟော်လာ အတွက်လည်း ဂိုးဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ် ။

အလယ်တန်း – ဖိုဒန်(မန်စီးတီး) ၊ ဂျော်ဂျင်ဟို(ချဲလ်ဆီး) ၊ မီလ်နာ(လီဗာပူး) ။

ဖိုဒန် ကတော့ နေရာစုံမှာ ကစားပြပြီး မန်ချက်စတာ စီးတီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ကြောင်း ပြသ နေပါတယ် ။ ဘရုဂေး နဲ့ ပွဲမှာလည်း ဖိုဒန် ဟာ ကန်ဆယ်လို ရဲ့ သွင်းဂိုးကို ဖန်တီး ပေးခဲ့ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဂျော်ဂျင်ဟို ဟာ မယ်မိုနဲ့ ပွဲမှာ ပင်နယ်တီ ကနေ သွင်းဂိုး ၂ ဂိုး အထိ သွင်းယူပြီး ချဲလ်ဆီး အသင်း သက်သောင့်သက်သာ နိုင်ပွဲရအောင် ကူညီ ပေးခဲ့ပါတယ် ။ ဒါ့အပြင် ဂျော်ဂျင်ဟို ဟာ man of the match ဆုကိုလည်း ရရှိ ခဲ့ပါတယ် ။

မီလ်နာ ကတော့ အေတီကိုမက်ဒရစ် နဲ့ ပွဲမှာ လီဗာပူး အသင်းရဲ့ အားနည်းချက်တွေကို လိုက်လံ ဖာတေးပေးခဲ့ပြီး သူ့ရဲ့ အတွေ့အကြုံတွေနဲ့ နိုင်ပွဲရအောင် ကူညီ ပေးခဲ့ပါတယ် ။

 

ရှေ့တန်း – ဆာနေး(ဘိုင်ယန်မြူးနစ်) ၊ ဆာလား(လီဗာပူး) ၊ ဗီးနီးရှပ်ဂျူနီယာ(ရီးရဲလ်မက်ဒရစ်)

ပေါ်တူဂီ မြေမှာ နှစ်ဂိုးသွင်း ၊ တစ်ဂိုးသွင်းပေးခဲ့တဲ့ ဘိုင်ယန်မြူးနစ် တောင်ပံ တိုက်စစ် ကစားသမား ဆာနေး ဟာ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ ထိုက်ထိုက်တန်တန် ပါဝင် ခဲ့တာ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ ဆာလားထက် ပိုပြီး ပုံစံကောင်း ပြသနေတဲ့ ကစားသမားကို ရှာပြပါဆိုရင် အတော် ခက်ခဲမှာ အသေချာပါပဲ ။ အေတီကို နဲ့ ပွဲမှာလည်းဆာလား ဟာ သွင်းဂိုး နှစ်ဂိုးသွင်းပြီးနောက် ၊ နောက်ဆုံး ၁၁ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးအထိ ရှိလာ ခဲ့ပြီ ဖြစ်ပါတယ် ။

ရီးရဲလ်မက်ဒရစ် ရဲ့ ဂိုးပြတ် နိုင်ပွဲမှာ နှစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဗီးနီးရှပ်ဂျူနီယာ ဟာ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ ဘန်ဇီးမားကို ကျော်ဖြတ်ပီး ပါဝင် ခဲ့တာပါ ။

SM