မက်ဆီ တယောက် ဘာတွေ ဖြစ်နေလဲ . . . လီဂူး မှာ ၅ ပွဲအထိ ဂိုးမသွင်းနိုင်သေးတဲ့ မက်ဆီ

ယမန်နေ့ ညက PSG တို့ အိမ်ကွင်းမှာ လက်ရှိ ချန်ပီယံ လိုင်လီ အသင်းကို ဧည့်ခံ ခဲ့ပါတယ် ။

အမ်ဘာပေ မပါ နိုင်ပေမယ့် မက်ဆီ ၊ နေမာ ၊ ဒီမာရီယာ ဆိုတဲ့ တိုက်စစ် အတွဲက ကမ္ဘာ့ အဆင့်မှာ ရှိနေပြီးသားပါ ။

ဒါပေမယ့် ပထမပိုင်း ပြီးတဲ့ အထိ ဒီတိုက်စစ်က လိုင်လီ ဂိုးပိုက်ကို မလှုပ်ခတ် နိုင်ခဲ့ပါဘူး ။ လိုင်လီ ကသာ ဦးဆောင်ဂိုး ရရှိ သွားခဲ့တာပါ ။

ဒုတိယပိုင်း မှာတော့ မာကွင်ဟိုစ့် ၊ ဒီမာရီယာ တို့ရဲ့ ဂိုးတွေနဲ့ PSG တို့ ပြန်လာပြီး နိုင်ပွဲ ရရှိခဲ့ ပါတယ် ။

မက်ဆီ ကတော့ ပထမပိုင်း အပြီးမှာ လူစားလဲ ခံခဲ့ရပြီး ရှေ့အပတ်တွေ ကတည်းက ရရှိ ထားတဲ့ ကြွက်သား ဒဏ်ရာကြောင့် ဖြစ်နိုင်ပုံ ရပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ဒီပွဲ အပါအဝင် လီဂူးဝမ်းမှာ မက်ဆီ ကစားခဲ့တာ ၅ ပွဲ ရှိခဲ့ ပါပြီ ။ သွင်းဂိုး လုံး၀ မရှိသေးပါဘူး ။

ရွှေဘောလုံး ၆ ဆုရှင် အာဂျင်တီးနားသားဟာ ပြီးခဲ့တဲ့ သြဂုတ်လ တုန်းက PSG ကို ရောက်လာ ခဲ့တာ ဖြစ်ပြီး အစောပိုင်း ပွဲတွေကို ပါဝင် မကစားခဲ့ ပါဘူး ။

မက်ဆီ ဟာ နေမာ ၊ ဘာပေ တို့နဲ့ တွဲဖက်ပြီး ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်စစ်အတွဲ ကို ပုံဖော် မယ်လို့ ထင်မှတ်ထား ကြပေမယ့် တကယ်တမ်း မှာတော့ ဒီ တိုက်စစ်အတွဲဟာ အချိတ်အဆက်မိ ၊ နားလည်မှု ရရှိဖို့ အချိန်တွေ လိုအပ် နေခဲ့ ပါတယ် ။

မက်ဆီ ဟာ ချန်ပီယံလိဂ် မှာတော့ ၃ ဂိုး သွင်းယူ ထားနိုင်ခဲ့ ပါပြီ ။ ဒါပေမယ့် ပိုမို လွယ်ကူမယ်လို့ ထင်ကြေးပေးထားတဲ့ ပြည်တွင်းလိဂ် မှာတော့ ၅ ပွဲ ကစားပြီးသည်အထိ သွင်းဂိုးလုံး၀ မရရှိ ထားဘဲ ဖြစ်နေခဲ့ ပါတယ် ။

ဒီပွဲမှ မဟုတ်ခဲ့ ပါဘူး ။ ရှေ့က ကစားခဲ့တဲ့ ပွဲတွေ မှာလည်း မက်ဆီ ဟာ အသင်းဖော်သစ်တွေ နဲ့ အတွဲ မိမိ ကစားနိုင်မှု အားနည်း ခဲ့ပြီး နည်းပြ ပိုချက်တီနို ဟာ နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်တိုင်းမှာ မက်ဆီ ကို အီကာဒီ နဲ့ လူစားလဲ ထည့် ခဲ့တာကို တွေ့မြင် ခဲ့ရ ပါတယ် ။

ပြင်သစ် က လာတဲ့ သတင်းတွေ အရ PSG အသင်းသားတွေ ဟာ ယခင် ကတည်းက ကစားနေကျ ပုံစံ အတိုင်း ဘာပေ ကို ဦးတည် ကစားကြတာ ဖြစ်တာကြောင့် မက်ဆီ အနေနဲ့ ဘာစီလိုနာ မှာ တုန်းကလောက် ဘောလုံး မရရှိဘဲ လုပ်ရကိုင်ရ ခွင်နည်းပါး လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

 

ပြင်သစ် နဲ့ PSG တိုက်စစ်မှူးဟောင်း ဆစ်ဆီ ကလည်း မက်ဆီ အခုလို ခြေစွမ်းမပြ နိုင်သေးတာဟာ ပဲရစ် က လူနေမှု ဘ၀ နဲ့ အသားမကျ သေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆို ထားခဲ့ ပါတယ် ။

ဒီလိုမျိုး မက်ဆီ ဂိုးပေါက် ပျောက်နေပေမယ့်လည်း PSG ကတော့ လိုင်လီ ကို အနိုင် ကစားအပြီးမှာ ပြင်သစ် လိဂ်ရဲ့ အဆင့် ၁ နေရာကို ဆက်လက် ရယူ ထားနိုင်ခဲ့ ပါတယ် ။

PSG ဟာ ၁ ပွဲသာ ရှုံးနိမ့် ထားပြီး ၃၁ မှတ် ရရှိ ထားပါတယ် ။ မက်ဆီ ဂိုးသွင်း နိုင်သည် ဖြစ်စေ ၊ ဂိုး မသွင်း နိုင်သည် ဖြစ်စေ ဒီနှစ်မှာတော့ ပြင်သစ် လီဂူး ချန်ပီယံ ဆုကို PSG တို့ ရဖို့ အလားအလာ များနေပါပြီ ။

 

SPORTS MYANMAR