ဘာစီလိုနာ အတွက် ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲကို ရယူရင်း စံချိန်တခုကို ပိုင်ဆိုင်ခဲ့တဲ့ ပီကေး

ဘာစီလိုနာ အသင်းရဲ့ ခံစစ်မှူးကြီး ဂျရတ် ပီကေး ဟာ မနေ့ညက ဒိုင်နမိုကိဗ် နဲ့ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ ဘာစီလိုနာ အတွက် တလုံးတည်းသော ဂိုးကို သွင်းယူပေးခဲ့ ပါတယ် ။

ဒီပွဲဟာ ဘာစီလိုနာ အတွက် နောက်တဆင့် တက်ရေး မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာစေခဲ့တဲ့ ပွဲ ဖြစ်စေခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ အုပ်စု အဖွင့် ၂ ပွဲမှာ ဘိုင်ယန် ၊ ဘင်ဖီကာ တို့ကို ဂိုးပြတ် ရှုံးနိမ့် ထားမှုကြောင့် ဖိအားတွေ ဝင်ခဲ့ရပြီး ဒိုင်နမိုကိဗ် ပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ် လာခဲ့ပါတယ် ။

ဒီလို အခြေအနေမှာ ပီကေး ဟာ ဘာစီလိုနာ အတွက် ရှိနေခဲ့ပြီး ဂျော်ဒီ အယ်လ်ဘာ ရဲ့ ဖြတ်တင်ဘော ကတဆင့် အနိုင် ၃ မှတ်ကို ရယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီဂိုး ဟာ ပီကေး အတွက် ချန်ပီယံလိဂ် မှာ ၁၆ ဂိုးမြောက် သွင်းဂိုးကို ဖြစ်စေခဲ့ပြီး ပြိုင်ပွဲ သမိုင်း တလျောက် ဂိုးအများဆုံး သွင်းယူတဲ့ ခံစစ်သမား တယောက် ဖြစ်လာစေခဲ့ ပါတယ် ။

ယခင် က ဒီစံချိန် ကို ရီးရဲ မက်ဒရစ် ဘယ်နောက်ခံလူဟောင်း ရော်ဘတ်တို ကားလိုစ့်က ၁၆ ဂိုးနဲ့ ရယူ ထားတာ ဖြစ်ပြီး ပီကေး ကတော့ မနေ့ညက ပွဲအပြီးမှာ ကားလိုစ့် ရဲ့ စံချိန်ကို လိုက်မီ သွားခဲ့ ပါတယ် ။

“ပထမ ၂ ပွဲမှာ ကျွန်တော်တို့ အမှတ်လည်း မရ ၊ ဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး ။ ဒါကြောင့် ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် အရမ်း အရမ်းကို အရေးပါခဲ့ ပါတယ် ။

ဒီနိုင်ပွဲဟာ အုပ်စု ကနေ နောက်တဆင့် တက်ဖို့ အတွက် အသက်ရှင်သန်ခွင့်ကို ပေးခဲ့ ပါတယ် ။

၁ ဂိုးတည်း ဆိုပေမယ့် ကျွန်တော်တို့ ကစားတာ ကောင်းခဲ့တယ်လို့ ထင်ပါတယ် ။ ပိုပြီး ကောင်းဖို့ တော့ လိုတာပေါ့ ။ ဒိုင်နမို က ကျွန်တော်တို့ ဂိုးပေါက်ကို တလုံးမှ တည့်အောင် မကန်နိုင်ခဲ့ ပါဘူး ။ ပွဲချိန် အတော်များများမှာ သူတို့ ခံစစ်ပဲ ကစားနေခဲ့တာပါ ။ ဒါကြောင့်လည်း ကျွန်တော်တို့ ၁ ဂိုးပဲ ရခဲ့တာပေါ့” လို့ ပီကေးက ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နည်းပြ ရော်နယ် ကိုးမန်း ကတော့ “ပထမပိုင်း ပြီးလို့ ပြန်စချိန် မှာ တကယ် ကောင်းတဲ့ အခွင့်အရေး ၃ ကြိမ် လောက် ရခဲ့ ပါတယ် ။ ဒါပေမယ့် ဂိုးကတော့ ၁ ဂိုးပဲ ရခဲ့ ပါတယ် ။ ဂိုးရှေ့က အလွဲ အချော်တွေ အတွက် တောင်းပန်မှု ကို မျှော်လင့်လို့ မရနိုင်ပါဘူး ။ ကျွန်တော်တို့ ဆက်ပြီး ရှင်သန် နိုင်ဖို့ ဆိုရင် အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချနိုင်ဖို့ လိုပါတယ်” လို့ ပြောဆို သတိပေး သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃ ပွဲ အပြီးမှာ ၃ မှတ် နဲ့ တတိယ နေရာမှာ ရပ်တည် နေကာ လက်ကျန် ၃ ပွဲကနေ အနည်းဆုံး ၆ မှတ် ရဖို့ လိုအပ်ပြီး ဘင်ဖီကာ နဲ့ နောက်တကျော့ကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ် မှာပဲ ဖြစ်ပါတယ် ။

လာမယ့် ပိတ်ရက် မှာတော့ ဘာစီလိုနာ ဟာ လာလီဂါ ပွဲစဉ် အဖြစ် မဟာပြိုင်ဘက် ရီးရဲမက်ဒရစ် နဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR