ဘာစီလိုနာ နည်းပြသစ် ဖြစ်လာမယ့် ဇာဗီ ရဲ့ ကစားဟန်က ဘယ်လိုရှိသလဲ

ကာတာ ကလပ် အယ်လ်ဆတ် အသင်းမှာ ၂ နှစ်ကြာ ကိုင်တွယ်လို့ အပြီးမှာတော့ ဇာဗီ ဟာနန်ဒက်စ် ဟာ တချိန်က သူ ကျဉ်လည် အောင်မြင် ခဲ့တဲ့ နူးကမ့် ကို ပဲ့ကိုင်ရှင် အဖြစ်နဲ့ ပြန်လာဖို့ နီးစပ် လာခဲ့ ပါပြီ ။

ဇာဗီ ဟာ အယ်လ်ဆတ် အသင်းမှာ နည်းပြ အဖြစ် နဲ့ အောင်မြင် ခဲ့သလို ကာတာ လက်ရွေးစင် အသင်း ကိုလည်း ၁၀ ပွဲ အထိ တာဝန်ယူ ကြီးကြပ် ခဲ့ဖူး ပါတယ် ။

လက်ရှိမှာ ဘာစီလိုနာ အသင်း ရာထူး အတွက် ပြိုင်ဘက် မရှိ ရေပန်းစား နေတဲ့ ဇာဗီ ဟာ အယ်လ်ဆတ် ကို ၃၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် ကိုင်တွယ် ပေးထားခဲ့ပြီး ကလပ် အသင်းရဲ့ စံချိန်သစ် အဖြစ် ရယူထားနိုင် ခဲ့ ပါတယ် ။

 

ဒါကြောင့် စပိန် အခြေစိုက် အားကစား သတင်း ဌာန MARCA က ဇာဗီ ရဲ့ အယ်လ်ဆတ် အသင်း ဘယ်လို ကစားတယ် ၊ ဘာစီလိုနာ ပဲ့ကိုင်ရှင်သစ် ရဲ့ နည်းစနစ်တွေက ဘယ်လို ရှိတယ် ဆိုတာကို လေ့လာ ဖော်ပြ ပေးသွားခဲ့ ပါတယ် ။

 

၁ ။ ဘောလုံးပိုင်ဆိုင်မှု

 

“ကျွန်တော့ ရဲ့ အသင်းတွေဟာ ဘောလုံး ပိုင်ဆိုင်မှုကနေပြီး ( ပြိုင်ဘက်ကို ) ဒုက္ခပေး နိုင်တဲ့ အသင်းတွေ ဖြစ်နေ ရပါမယ် ။ ဘောလုံး ကိုယ့်ခြေထဲမှာ ရှိနေတာဟာ ဘောလုံးဆန်တဲ့ အကောင်းဆုံး ခုခံနည်း တမျိုး ပါပဲ” လို့ ဇာဗီ က အင်တာဗျူး တခုမှာ ပြောခဲ့ဖူး ပါတယ် ။

သူ့ရဲ့ အယ်လ်ဆတ် အသင်းဟာလည်း ကစားသမျှ ပွဲတိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီး ကစား ထားနိုင်ခဲ့တယ်လို့ မာကာ က ဖော်ပြ သွားခဲ့ ပါတယ် ။

 

၂ ။ Wide Wingers

အခုခေတ် မှာ တောင်ပံ ကနေ အတွင်းကို ဆွဲဝင် ကန်သွင်းတဲ့ inverted winger တွေကို အသုံးများကြ ပါတယ ။ ဒါပေမယ့် ဇာဗီ ရဲ့ အသင်း ကတော့ သမာရိုးကျ တောင်ပံ ကစားသမားတွေ ( traditional wingers ) ကို အသုံးများပြီး လက်ရှိ အယ်လ်ဆတ် အသင်းမှာ ကစားနေတဲ့ လူငယ် တောင်ပံ ကစားသမားလေး အေကရမ် အဖစ် ဟာ ကာတာ ရဲ့ အကောင်းဆုံး တောင်ပံ ကစားသမားလို့ သတ်မှတ် ခံ ထားရသူ ဖြစ်ပါတယ် ။

၃ ။ ဖိအားပြင်းပြင်းကစားဟန်

ဘာစီလိုနာ ရဲ့ ခံစစ်ကစားပုံမျိုး ကို အယ်လ်ဆတ် မှာ ဇာဗီ အသုံးပြု နေပါတယ် ။ အဲ့ဒါကတော့ ဆုံးရှုံးသွားတဲ့ ဘောလုံးတွေကို အမြန်ဆုံး ပြန်လိုက်ဆယ်တာပါပဲ ။

“ဘောလုံးကို မြန်မြန် ပြန်ဆယ်နိုင် လေလေ ၊ ပြိုင်ဘက် ဧရိယာထဲကို ဘောလုံးများများ ရောက်အောင် လုပ်ပေး နိုင်လေလေ ပါပဲ” လို့ ဇာဗီ တခါတုန်းက ဆိုခဲ့ဖူး ပါတယ် ။

 

၄ ။ နေရာအလိုက် ကစားပုံ

ဘာစီလိုနာ အကယ်ဒမီထွက် တယောက် ဖြစ်တဲ့ ဇာဗီ အကျွမ်းကျင်ဆုံး အရာ ကတော့ Positional Play ပါပဲ ။ ဘာစီလိုနာ ရဲ့ တီကီတာကာ မှာ အဓိက ကျတဲ့ Positional Play ကို ကာတာ ကလပ် မှာလည်း ဇာဗီ အကောင်းဆုံး ပုံဖော် နေခဲ့ ပါတယ် ။

အယ်လ်ဆတ် ကစားသမားတွေဟာ Pass and Play ကစားပုံကို ကောင်းကောင်း ဖော်ဆောင် ကစားနေပြီး ဘာဆာ ပရိသတ်တွေ ကတာ့ ဒီကစားပုံကို ဇာဗီ ဘာစီလိုနာ နည်းပြ ဖြစ်လာချိန် ၊ နူးကမ့်ကွင်းကြီး ထဲမှာ တဖန်ပြန်မြင် ရဖို့ မျှော်လင့် ထားကြပါတယ် ။

၅ ။ နောက်တန်းကနေ ကစားကွက်စခြင်း

အယ်လ်ဆတ် အသင်းရဲ့ ပြိုင်ဘက်တွေ နဲ့ ကွဲပြားတဲ့ အချက်တခု ကတော့ သူတို့ရဲ့ ကစားကွက်ဟာ ခံစစ်သမားတွေ ဆီကနေ စတင် မြစ်ဖျား ခံလာတာပါပဲ ။ ဘာစီလိုနာ ရဲ့ ရွှေရောင် နေ့ရက်တွေ တုန်းက ပီကေး ဟာ အသင်း ရဲ့ ကစားကွက် ကို အစပျိုးပေး ခဲ့သလိုမျိုး ဇာဗီ ကလည်း ကာတာ ကလပ် မှာ သူ့ရဲ့ ဘောလုံး အယူအဆတွေ ကို ပျိုးထောင် ခင်းကျင်း နေပါတယ် ။

“ဘာစီတုန်းက ကစားခဲ့တာတွေကို မှတ်မိ နေပါသေးတယ် ။ ပီကေး က ကျွန်တော့ကို ဘောလုံး ပေးချင်နေပါတယ် ၊ ဒါပေမယ့် ကျွန်တော် က လူကပ် ခံထားရပြီး ဘောလုံး မယူနိုင် ပါဘူး ။

ဒါကြောင့် ကျွန်တော် အဝေးကို ထွက်သွားပြီး ကျွန်တော့ကို ကပ်ထားတဲ့သူကို ဆွဲခေါ် လိုက်ပါတယ် ။

ကျွန်တော့ နေရာကို လီယို ဆင်းလာပြီး ဘောလုံးကို လက်ခံယူ ပါတယ် ။

ပီကေး က နံပါတ် ၁ ၊ လီယို က ၂ ၊ ကျွန်တော် က ၃ ဖြစ်သွားပါတယ် ။ ပြီးတော့ ကျွန်တော့ ဆီကနေ ပြန်ပြီး ၁-၂-၃ ပြန်စကြတာပေါ့ ။ အဲ့ဒိလို လည်ပတ် ကစားခဲ့ကြတာပါ” လို့ ဇာဗီ က ပြောပြသွားခဲ့ပါတယ် ။

 

SPORTS MYANMAR