ဗီလိန်ကနေ ဟီးရိုး ပြန်ဖြစ်ခဲ့တဲ့ ကီပါနဲ့ ချဲလ်ဆီး ၁ – ၁ ဆောက်သမ်တန် ( Penalties 4 – 3 ) ပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား စတုတ္ထ အဆင့် ပွဲမှာ ဆောက်သမ်တန် အသင်းကို သာမန် မိနစ် ၉၀ မှာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပေမယ့် ၊ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄ – ၃ ရလဒ်နဲ့ အနိုင်ရကာ ၊ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက် ကို အခုလိုပဲ ဖော်ပြလိုက်ရပါတယ် ။

၁ ။ တိုက်စစ်မှူးတွေ ဒဏ်ရာရနေချိန် အပြည့်အဝ အစားဝင်ပေးနိုင်ခဲ့တဲ့ ဟာဗက်ဇ်

ပြီးခဲ့တဲ့ စနေနေ့က နောဝှစ်ချ် ကို ၇ – ၀ ရလဒ်နဲ့ ဂိုးမုန်တိုင်းတိုက်ခဲ့တဲ့ ပွဲမှာ ဟာဗက်ဇ် တယောက် False 9 ပုံစံနဲ့ ပြန်ကစားပေးခဲ့ရပြီး ၊ ကိုယ်တိုင် ဂိုးတော့ သွင်းယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။ သို့ပေမယ့် မနေ့ည က ပွဲမှာတော့ ဟာဗက်ဇ် ဟာ ထောင့်ကန်ဘော က တဆင့် အဖိုးတန် အဖွင့်ဂိုး ကို ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ် ။

ဒုတိယပိုင်းမှာလည်း ဟာဗက်ဇ် ဟာ ဂိုးထပ်ရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမယ့် ၊ လိုအပ်တဲ့ service တွေကို အသင်းဖော်တွေက ထိထိရောက်ရောက် ပံ့ပိုးမှု မလုပ်ပေးနိုင်ခဲ့ပါဘူး ။ သို့ပေမယ့်လည်း ၎င်းဟာ မနေ့ည က ပွဲမှာ ချဲလ်ဆီး အသင်းရဲ့ အန္တရာယ် အရှိဆုံး တိုက်စစ် ကစားသမား ဖြစ်ခဲ့ပါတယ် ။

၂ ။ အတွေ့အကြုံ နုနယ်တဲ့ ချဲလ်ဆီး ခံစစ်ကို အကောင်းဆုံး ဦးဆောင်ပေးခဲ့တဲ့ ချာလိုဘာ

မနေ့ည က ပွဲမတိုင်မီ ဒီရာသီ ပွဲထွက်ခွင့် ၇ကြိမ် အထိ ရရှိထားပြီးနောက် ၊ ထရက်ဗာ ချာလိုဘာ ဟာ အတော်အသင့် ရင့်ကျက်မှု ရှိလာတယ်လို့ ဆိုရမှာ ဖြစ်ပြီး ၊ စီနီယာ အသင်းဖော်တွေ ဖြစ်ကြတဲ့ အန်တိုနီယို ရူဒီဂါ ၊ သီယာဂို ဆေးလ်ဗား ၊ ဆီဆာ အက်ဇ်ပီလီကွီတာ တို့လောက် အမိန့်ပေးနိုင်မှု မရှိသေးပေမယ့် ၊ လုပ်အားနဲ့ အပြည့်အဝ ဦးဆောင်မှု ပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ် ။

၃ ။ တူချယ်ရဲ့ ယုံကြည်မှု ကို ပထမဆုံး အကြိမ် ထိထိရောက်ရောက် ပြန်လည် ပေးဆပ်နိုင်ခဲ့တဲ့ ဆာအူးလ်

အက်စတွန် ဗီလာနဲ့ ၂ကြိမ် ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ၊ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲတွေမှာ ပွဲထွက်ခွင့် ရထားသေးတဲ့ ဆာအူးလ် ဟာ ဒီ တကြိမ်မှာတော့ နည်းပြ သောမတ်စ် တူချယ်မှ အခွင့်အရေး ပြန်ပေးမှု ကို အကောင်းဆုံး တုန့်ပြန်ပြနိုင်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ် ။

ဘောလုံး ပေးပို့ပုံ ၊ တွန်းတွန်းတိုက်တိုက် ကစားပုံတွေမှာ လိုအပ်ချက် များစွာ ရှိနေသေးပေမယ့် ၊ တိုက်စစ်ကို လိုက်ပါနိုင်မှု ၊ အသင်းလိုက် ချိတ်ဆက်မှု ၊ သတိရှိမှု စတဲ့ ရှုထောင့်တွေမှာတော့ အများကြီး တိုးတက်လာခဲ့ပါတယ် ။ ဒါ့အပြင် ထိုပွဲမှာ ဆာအူးလ် ဟာ ချဲလ်ဆီး အတွက် ပထမဆုံး သွင်းဂိုး ရရှိဖို့ နီးစပ်ခဲ့ပါသေးတယ် ။

ပထမပိုင်း အတွင်းက ရလာတဲ့ ပထမဆုံး ထောင့်ကန်ဘော က တဆင့် လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက်ချက် တကြိမ် ၊ ပွဲချိန် ၇၃ မိနစ်မှာ ပင်နယ်တီ ဧရိယာ အပြင်နားက ထောင့်ကျတဲ့ ကန်ချက် တကြိမ်ကို ဆောက်သမ်တန် ဂိုးသမား ဖရေဆာ ဖော်စတာ လက်စွမ်းပြသွားခဲ့လို့သာ ၊ ဆာအူူးလ် ဂိုးမရခဲ့တာ ဖြစ်ပါတယ် ။

၄ ။ wing-back နေရာမှာလည်း အားကိုးလို့ ရနိုင်ကြောင်း ပြသခဲ့တဲ့ အိုဒွိုင်း

ဒီပွဲမတိုင်ခင် ၊ နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက်မှာ ဘယ်တောင်ပံ တိုက်စစ် ကနေ ကစားခွင့် ရခဲ့ပြီး အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ အိုဒွိုင်း ဟာ မနေ့ညက ပွဲမှာ ခံစစ် လိုအပ်ချက်ကြောင့် ညာ wing-back နေရာကို ပြန်ရောက်ခဲ့ပေမယ့် ၊ အမှားအယွင်း နည်းပါးစွာနဲ့ တိုက်စစ် ခံစစ် မျှမျှတတ ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ပါတယ် ။

၅ ။ ဗီလိန် ဖြစ်တော့မလိုလိုနဲ့ ဟီးရိုး ဖြစ်ခဲ့ပြန်တဲ့ ကီပါ

ဒုတိယပိုင်း အစ ၂မိနစ် အတွင်း ပေးခဲ့ရတဲ့ ချေပဂိုးမှာ ဆောက်သမ်တန် နောက်ခံလူ ဝေါ်ကာ ပီတာစ်ရဲ့ ဖြတ်ပေးမှုကို ကီပါ တယောက် သေသေသပ်သပ် တားဆီးနိုင်ခဲ့ခြင်း မရှိပဲ ၊ လျှံကျလာတဲ့ ဘောလုံး ကို ဂိုးပေါက်ရှေ့မှာ အသင့် ရှိနေတဲ့ ချေအဒမ်စ် က ပိတ်သွင်းသွားခဲ့ပါတယ် ။

ဒီအမှားကြောင့် ကီပါရဲ့ လက်စွမ်း အပေါ် ထိခိုက်မှု ရှိနိုင်မလား ဆိုတဲ့ သံသယတွေ ဖြစ်ခဲ့ပေမယ့် ၊ ကီပါ ဟာ ဒုတိယပိုင်း ပြီးခါနီး က စမောဘုန်းရဲ့ အပိုင်ကန်ချက် တကြိမ် ၊ နာကျင်အချိန်ပို က ဆောက်သမ်တန်ရဲ့ ထောင့်ကန်ဘောမှ အန္တရာယ် ရှိတဲ့ ခြိမ်းခြောက်မှု ၂ကြိမ် ကို မဟာ လက်စွမ်းပြကာ ၊ ချဲလ်ဆီးကို ပင်နယ်တီ အထိ ဆွဲခေါ်ပေးသွားခဲ့ပါတယ် ။

ဒါ့အပြင် ပင်နယ်တီ အဆုံးအဖြတ်မှာ အမြဲတမ်း အမှတ်ပြည့်ရနေကျ ကီပါ ဟာ ဒီ တကြိမ်မှာလည်း သီယို ဝေါလ်ကော့ရဲ့ ကန်ချက် တကြိမ် ကို လက်စွမ်းပြခဲ့တာကြောင့် ၊ ပင်နယ်တီ အဆုံးအဖြတ် ကာကွယ်မှု ၈ကြိမ် အထိ ရှိလာပြီ ဖြစ်ပါတယ် ။ ဒါဟာ ကလပ် သမိုင်းမှာ အမြင့်မားဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR