ဖီးလ်ဖိုဒန် ကို ချီးကျူးလိုက်ပြီး နေရာစုံ ကစားနိုင်သူလို့ ညွှန်းဆို ခဲ့တဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ အသင်းရဲ့ ၂၁ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားလေး ဖီးလ် ဖိုဒန် ကို နေရာ တနေရာတည်း ကစားခိုင်းဖို့ အတွက် အရမ်းကို ကောင်းလွန်းတဲ့ သူ ဖြစ်တယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

ဖိုဒန် ဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန် နဲ့ ပွဲမှာ False 9 နေရာကနေ ပါဝင် ကစားခဲ့ပြီး အသင်း အတွက် ၂ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။

 

ပွဲ အပြီးမှာတော့ ခြေစွမ်းပြ ခဲ့တဲ့ ဖိုဒန် ရဲ့ အကောင်းဆုံး နေရာ နဲ့ ပတ်သက်ပြီး မေးမြန်း ခံရချိန် မှာ ဂွာဒီယိုလာ က လူငယ် ကြယ်ပွင့်လေး ရဲ့ စွယ်စုံရ အရည်အသွေးတွေကို ထုတ်ဖော် ချီးကျုး သွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

“ကွင်းထဲမှာ နေရာ တခုတည်း ကစားတတ်တဲ့ သူတွေ နဲ့ ၊ ဘောလုံးကို ကောင်းကောင်း ကစားတတ်တဲ့ သူတွေ ဆိုပြီး ရှိပါတယ် ။ ဘောလုံးကို ကောင်းကောင်း ကစားတတ်သူတွေ ဆိုတာက ကွင်းထဲမှာ နေရာ အစုံ ကစားနိုင်တဲ့ သူတွေကို ပြောတာပါ ။ သူတို့က ကစားပွဲတွေ အပေါ် နားလည် နိုင်စွမ်း မြင့်ကြပါတယ်”

“ဖိုဒန် အတွက် ဘယ်လို နေရာမှာ ကစားရတာပဲ ဖြစ်ဖြစ် ပြဿနာ မရှိပါဘူး ။ သူ ကောင်းကောင်း ကစားနိုင် ပါတယ် ။ တခါတလေ မှာ သူ့ကို ဒီနေရာ အတွက် လိုအပ်တယ် ၊ တခါတလေမှာ ဟိုနေရာ အတွက် လိုတယ် ၊ ဘယ်ဘက် ၊ ညာဘက် အစုံပါပဲ ။ ဘယ်နေရာ ပဲ ဖြစ်ပါစေ ၊ သူက အရေးပါတဲ့သူ ဖြစ်နေဆဲပါပဲ” လို့ ဂွာဒီယိုလာက ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

 

ပြိုင်ဘက် အသင်း ( ဘရိုက်တန် ) ရဲ့ နည်းပြ ဂရေဟမ် ပေါ်တာ ကလည်း “သူ့ကို ( ဖိုဒန် ) ထိန်းချုပ်ရတာ အရမ်း အရမ်း ကို ခက်ခဲ ပါတယ် ။ ဘာလို့လည်း ဆိုတော့ မန်စီးတီး မှာက သူ တယောက်တည်း မဟုတ်ပါဘူး ၊ စွမ်းအင်အပြည့် ရှိတဲ့ အသင်းဖော်တွေက သူ့နောက်မှာ အပြုံလိုက်ကြီး ရှိနေတာပါ ။ ဒါကြောင့် သူ့တယောက်တည်းကို အာရုံစိုက်လိုက်ပြီ ဆိုတာနဲ့ ကျန်တဲ့ နေရာတွေ လွတ်ထွက် သွားတော့ တာပါပဲ” လို့ ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

မန်စီးတီး အသင်းသားတွေဟာ ပွဲမစတင်ခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ချိန် မှာ ပြီးခဲ့တဲ့ ကလပ် ဘရုဂျ် ကို ၅-၁ နဲ့ အနိုင် ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ တိုက်ခိုက်မှု ခံခဲ့ရပြီး ကိုမာဝင်နေဆဲ ဖြစ်တဲ့ ၆၃ နှစ် အရွယ် စီးတီး အမာခံ ပရိသတ် ဂွီဒို ဒီ ပေါ အတွက် အားပေးတဲ့ စာသားတွေ ပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင် သွားခဲ့ပါတယ် ။

အိမ်ရှင် ဘရိုက်တန် အသင်းကလည်း ပွဲမစတင်မီမှာ ဂွီဒို အတွက် အားပေး အသိအမှတ်ပြု ခဲ့တယ်လို့ သိရ ပါတယ် ။ စီးတီး ဟာ ပထမပိုင်း မှာ ၃-၀ နဲ့ ဦးဆောင်နေပေမယ့် ဘရိုက်တန် ပရိသတ်တွေဟာ အားလျော့ သွားခြင်း မရှိခဲ့ ပါဘူး ။

ဒုတိယပိုင်း ပြန်စချိန် မှာတော့ အိမ်ရှင် ပရိသတ်တွေဟာ စီးတီး ဘက်ကို တိုက်စစ်ဆင် ကစားဖို့ သူတို့ အသင်းကို အော်ဟစ် အားပေး ခဲ့ကြပြီး ဘရိုက်တန် ကစားသမားတွေဟာ ပရိတ်တွေဆီက ခွန်အားကို ရယူကာ စီးတီး ကို တုန့်ပြန် ကစားသွားခဲ့ ပါတယ် ။

ပွဲအပြီးမှာတော့ မန်စီးတီး က ဘရိုက်တန် ကို ၄-၁ နဲ့ အနိုင် ရပြီး အဆင့် ၁ နေရာက ချဲလ်ဆီး ကို လိုက်လံ ဖိအားပေး နိုင်ခဲ့ ပါတယ် ။

SPORTS MYANMAR