ပွဲစဉ် ၉ အပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းကို ရွေးချယ်လိုက်တဲ့ ဂျမိန်းဒီဖိုး

ချဲလ်ဆီး လီဗာပူး နဲ့ မန်ချက်စတာစီးတီး တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက် အဓိက ယှဉ်ပြိုင်သွားရမယ့် အသင်း ၃သင်း အဖြစ် လူတော်တော်များများ သတ်မှတ်ထားကြပြီး တော့တင်ဟမ် တိုက်စစ်မှုးဟောင်း ဂျမိန်းဒီဖိုးက ဒီရာသီ အမှတ်ပေးဖလားကို ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းကို ရွေးချယ် ပေးလိုက်ပါတယ်။ ဥရောပ ချန်ပီယံ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၇ ပွဲ နိုင်ထားခဲ့ပြီး ရမှတ် ၂၂ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

သောမတ်တူချယ်ရဲ့ လက်အောက်မှာ တောက်ပနေတဲ့ ချဲလ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့ဝှစ်ကို ၇-၀ နဲ့ အနိုင်ကစားကာ ချန်ပီယံဆု အတွက် အသင့်ဖြစ်နေကြောင်း ပြသခဲ့ပါတယ်။ လီဗာပူးကလည်း ဒီရာသီ ရှုံးပွဲမရှိ မှတ်တမ်းနဲ့အတူ ပုံစံကောင်းကို ပြသလျက် ရှိနေကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရပ်ဖို့ဒ်မှာ မန်ယူနိုက်တက်ကို ၅-၀ နဲ့ ချေမှုန်းပစ်ခဲ့ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးဟာ အဖွင့်ပွဲစဉ်မှာ စပါးကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း စနေနေ့က ဘရိုက်တန်ကို ဂိုးပြတ်နိုင်ခဲ့ခြင်းနဲ့အတူ လက်ရှိမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရနေပြီး ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။ ချဲလ်ဆီး နဲ့ လီဗာပူး တို့ရဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း အင်္ဂလန် တိုက်စစ်မှုးဟောင်း ဒီဖိုးက မန်ချက်စတာစီးတီး ကသာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးရန် ရေပန်းအစားဆုံး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

ဒီဖိုးက “မန်ချက်စတာစီးတီးဟာ အမှတ်ပေးဖလား အတွက် အဓိက ကျော်ဖြတ်သွားရမယ့် အသင်းလို့ ကျွန်တော် ထင်နေဆဲပါ။ လူတွေက မန်စီးတီးမှာ နံပါတ် ၉ စစ်စစ် မရှိဘူးလို့ ပြောနေကြပေမယ့်လည်း သူတို့ဟာ ပြီးခဲ့တဲ့ ရာသီက အဂွေးရိုး ဒဏ်ရာတွေ ရနေခဲ့တာကြောင့် တစ်ရာသီလုံးနီးပါး false 9 နဲ့ ကစားခဲ့ကာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ကျွန်တော် ကတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ရန် ရေပန်းအစားဆုံး အသင်း အဖြစ် ခံစားမိနေဆဲ ဖြစ်ပါတယ်။ ရာဟင်းစတားလင်းဟာ စီးတီးမှာ ပုံမှန် ကစားခွင့် မရတဲ့ အပြင် သူတို့ရဲ့ အရန်အင်အား တောင့်တင်းမှု ၊ သူတို့ရဲ့ အရည်အသွေးတွေ အပြင် ဂျက်ဂရီလစ်ချ်ကို အားဖြည့်ခဲ့ခြင်းဟာ ပြိုင်ဘက်တွေထက် အားသာချက် ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာ အမှတ်ပေးဖလားကို ရရှိဖို့ အတွက် ဘာလုပ်သွားရမလဲ ဆိုတာ သိနေကြသူတွေပါ။

လီဗာပူးဟာ လက်ရှိမှာ ပုံစံကောင်း ရနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ရဲ့ front three ဟာ ကြောက်စရာကောင်းနေပါတယ်။ ဖာမီနို ဆာလား မာနေး တို့ရဲ့ Front three ဟာ အရင်တုန်းကလို ပုံစံမျိုးကို ပြန်လည် ရရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ မန်စီးတီး ကသာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းလို့ ထင်နေပါတယ်။” လို့ ခန့်မှန်းသွားပါတယ်။

SM