ပွဲကြပ်ကာလကို အရှုံးနဲ့ စဖွင့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ရဲ့ လက်စတာနဲ့ ပွဲက ပြောစရာအချက်များ

နိုင်ငံပွဲတွေ မကစားခင်မှာ မနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ နိုင်ငံပွဲတွေပြီးလို့ ပြန်စချိန် မှာလည်း မနိုင်ခဲ့ပြန်ပါဘူး ။

ကင်းပါဝါ မှာ အိမ်ရှင် လက်စတာ ကို ယူနိုက်တက် တို့ ၄-၂ နဲ့ ရှုံးနိမ့် ခဲ့ပြီး တဦးချင်း ခြေစွမ်းတွေသာမက အသင်းလိုက် ကစားပုံမှာပါ စိတ်ပျက်စရာ ကောင်းတဲ့ အရာတွေကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေ ကတော့ ပွဲ အပြီးမှာ ဆိုရှယ် မီဒီယာတွေ ထက်ကနေ ဆိုးရှား ကို ထုတ်ပယ်ပြီး အဆင့်မီ နည်းပြတယောက် ကို အမြန်ဆုံး ခန့်အပ်ဖို့ ဝိုင်းဝန်း ပြောဆို ခဲ့ကြပြန်ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် ဘုတ်အဖွဲ့ နဲ့ ပိုင်ရှင် ဂလေဇာ မိသားစုတို့ ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ဆိုးရှား ကတော့ ဒီနေရာမှာ ဆက်ပြီး ရှိနေဦးမှာပါပဲ ။

၁ ။ ကွာခြားတဲ့ နည်းပြ ၂ ယောက်

ကင်းပါဝါမှာ မြင်တွေ့ ခဲ့ရတဲ့ အချက်တွေကို ပြောကြမယ်ဆိုရင်တော့ နည်းပြ ၂ ယောက်ရဲ့ အရည်အသွေး ကနေ စတင်ရမှာပါ ။

ဆိုးရှား ဟာ ထိပ်တန်း နည်းပြ တယောက်ရဲ့ အဆင့်မျိုးမှာ ရှိမနေသေးဘူး ဆိုတာကို သူကိုင်တဲ့ ပွဲ အတော် များများက သက်သေထူပြီး ခဲ့ပါပြီ ။ ဒီပွဲ မှာလည်း ဆိုးရှား ဟာ ဘရန်ဒန် ရော်ဂျာ လောက် နည်းစနစ် ကျွမ်းကျင် လိမ္မာမှု မရှိတာကို ထပ်ပြီး သိမြင် စေခဲ့ ပါတယ် ။

အိမ်ရှင် အသင်းနည်းပြ ရော်ဂျာ ဟာ ယူနိုက်တက် ကစားကွက် ဖော်လို့ မရအောင် ဒီဂီယာ ၊ မက်ဂွဲယား ၊ လင်ဒီလော့ဖ် တို့ ဘောလုံး ပတ်ပေးပြီး အမှားတွေ လုပ်မိအောင် ဖိအားပေး ကစားစေခဲ့ ပါတယ် ။

အဲ့ဒိ နည်းဗျူဟာကနေပဲ လက်စတာ တို့ ဂိုးရခဲ့တာပါ ။ နောက်ပိုင်းမှာ ရော်ဂျာ လူစားလဲထည့်ခဲ့တဲ့ အယိုဇ့် ပီရက် ၊ ဒါကာ တို့ ဟာ လက်စတာ ရဲ့ တတိယ နဲ့ စတုတ္ထဂိုးတွေ အတွက် အရေးပါသူတွေ ဖြစ်ခဲ့ပါတယ် ။

ဆိုးရှား ကတော့ ပရိသတ်တွေတောင် အလွတ်ရတဲ့ နည်းစနစ်တွေ ကို သုံးခဲ့သလို လူစားလဲမှုတွေ ကလည်း ဘယ်မန်ချက်စတာ ယူနိုက်တက် ပရိသတ် မဆို အလွယ်တကူ လုပ်နိုင်လောက်အောင် မှန်းဆလို့ ရနိုင်နေပါပြီ ။

၂ ။ ယူနိုက်တက် အတွက် အဆိုးထဲက အကောင်း

ရှုံးပွဲ ကြုံတွေ့တဲ့ နေ့မျိုးမှာ ကောင်းတဲ့ အကွက်ဆိုတာ ရှားပါးလှပါတယ် ။

ဒါပေမယ့် ဒီပွဲမှာတော့ မေဆင် ဂရင်းဝုဒ် နဲ့ မားကပ် ရက်ဖိုဒ့် တို့ ဂိုးသွင်း နိုင်ခဲ့ကြပြီး ဒါဟာ ယူနိုက်တက် အတွက် အဆိုးထဲက အကောင်းလို့ မှတ်ယူရမှာပါ ။

အထူးသဖြင့် ဒဏ်ရာကနေ ပြန်ကစားတဲ့ ရက်ဖိုဒ့် ဟာ သူ့ရဲ့ မြန်နှုန်း ကို အသုံးချပြီး လက်စတာ ခံစစ်ကို ဖောက်ထွက် ပြီး ဂိုးစသွင်းပေးခဲ့ ပါတယ် ။ နောက်ပိုင်းပွဲတွေမှာလည်း သူ့ရဲ့ လူကျွံ ခံစစ်ဖောက်ထွက်မှုတွေကို ပိုမို မြင်တွေရမလား ဆိုတာ စောင့်ကြည့်ရမှာပါပဲ ။

ဂရင်းဝုဒ် ကတော့ ကန်ချက် အတော်များများ မိုးပေါ်ထောင် ၊ ပစ်မှတ် မတည့်ခဲ့ပေမယ့် ဒီလို ကန်ရဲတဲ့ သတ္တိ ရှိတာကိုက ကောင်းတဲ့ အရာလို့ တွေးပေးရမှာပါ ။ ဒီလို ကန်ရဲတဲ့ သတ္တိကြောင့်ပဲ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ဖြစ်လာစေခဲ့တာပါပဲ ။ ဂရင်းဝုဒ် ဟာ မှန်မှန်ကန်ကန် အသုံးပြုပေး မယ်ဆိုရင် အရည်အသွေး မြင့်တဲ့ တိုက်စစ်သမားကောင်း တယောက် ဖြစ်လာနိုင်ပါတယ် ။

ဒီကျောက်ရိုင်းကို သွေးပေးဖို့ ဆိုးရှားမှာ အရည်အသွေး ရှိရဲ့လား ဆိုတာကိုတော့ မေးချင်စရာပါပဲ ။

၃ ။ စံချိန်ရတဲ့ လက်စတာ ၊ စံချိန်ကျိုးတဲ့ ယူနိုက်တက်

လက်စတာ စီးတီး ဟာ နှစ်ပေါင်း ၁၀၀ ကျော် အတွင်း မန်ချက်စတာ ယူနိုက်တက် ကို ၃ ခါဆက်တိုက် မနိုင်ဖူးခဲ့ ပါဘူး ။ သူတို့ ဒီလို နောက်ဆုံး လုပ်ခဲ့တာက ၁၉၀၁ ခုနှစ်တုန်းကပါ ။

မနေ့ညကပွဲ အပြီးမှာတော့ လက်စတာ တို့ နှစ် ၁၀၀ ကျော်က မှတ်တမ်းကောင်းကို ပြန်လည် တူးဆွ နိုင်ခဲ့ ပါပြီ ။ ဒါဟာ ဘရန်ဒန် ရော်ဂျာ နဲ့ မြေခွေးပြာတို့ရဲ့ စွမ်းဆောင်မှုကြောင့်ပါပဲ ။

လက်စတာ ဘယ်လိုပဲ အခြေပျက်နေပါစေ ၊ မန်ချက်စတာ ယူနိုက်တက် ရှိနေရင် သူတို့ အတွက် စိတ်ပူစရာ မလိုဘူးလို့တောင် ပြောရတော့မလိုပါပဲ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီရှုံးပွဲကြောင့် သူတို့ရဲ့ အဝေးကွင်း ရှုံးပွဲ မရှိ မှတ်တမ်းကောင်းဟာ ၂၉ ပွဲ နဲ့ ရပ်တန့် သွားခဲ့ရ ပါပြီ ။

အသင်းကြီး တသင်းရဲ့ ကစားပုံ နဲ့ အရည်အသွေးမျိုးမှာ မရှိနေခဲ့ပေမယ့် ဆိုးရှား နဲ့ ယူနိုက်တက် တို့ ရယူခဲ့တဲ့ ဒီ စံချိန်ကောင်း ကတော့ ချိုးဖျက်ဖို့ ခက်ခဲတဲ့ မှတ်တမ်း တခု အဖြစ် ကျန်ရှိနေတော့မှာပါ ။

ဘာပဲ ဖြစ်ဖြစ် ဒါဟာလည်း ဂုဏ်ယူရမယ့် စံချိန်ကောင်း တခုပါပဲ ။

၄ ။ ဖရက် ရဲ့ တန်ဖိုး

မန်ချက်စတာ ယူနိုက်တက် ပရိသတ် ၁၀၀ မှာ ဖရက်ဒ် ကို သဘောမကျတဲ့သူ ဘယ်နှစ်ယောက် ရှိမယ်ထင် ပါလဲ

ဖရက်ဒ် ဟာ ယူနိုက်တက် ရဲ့ ပြိုင်ဘက် အသင်းကြီးတွေက ကွင်းလယ် အဖျက်သမားတွေ နဲ့ ယှဉ်ရင် တဆင့် ( ဒါမှမဟုတ် ) တဆင့်ထက် ပိုနိမ့်ချင် နိမ့်နေနိုင်ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ လက်ရှိ လူစာရင်းမှာတော့ ဖရက်ဒ် ဟာ အကောင်းဆုံး ကွင်းလယ် ခံစစ်သမား ဖြစ်နေတာ ကိုတော့ လက်မခံချင်လည်း လက်ခံရမှာပါ ။ ဒါကြောင့်လည်း ဆိုးရှား က ဖရက်ဒ် ကို ပွဲတိုင်းလိုလို ထည့်ကစားနေရတာပါပဲ ။

မနေ့ညကပွဲမှာတော့ ဖရက်ဒ် တယောက် မပါနိုင်ခဲ့ ပါဘူး ။

အကျိုးဆက် ကတော့ ဗာဒီ ၊ တိုင်လီမန်းစ် ၊ မက်ဒီဆင် ၊ အီဟီရာနာချို တို့ကို နောက်ကလိုက်ပြီး ဖိအားပေး နိုင်မယ့် ကစားသမား မရှိပဲ ဖြစ်ခဲ့ရတော့တာပါပဲ ။

မာတစ် ဟာ ကွင်းလယ်မှာ ကစားပုံ မညံ့ခဲ့ ပါဘူး ၊ ဒါပေမယ့် လိုက်လံဖိအားပေးတဲ့ အပိုင်းကိုတော့ ကောင်းကောင်း မလုပ်နိုင်ခဲ့တာကို ငြင်းလို့ မရပါဘူး ။

ကွင်းလယ်ခံစစ်သမားကောင်း တယောက် မဝယ်နိုင်သရွေ့ ကတော့ ဖရက်ဒ် ကို မချစ်ပေမယ့်လည်း အောင့်ကာနမ်းနေရဦးမှာပါ ။

၅ ။ ရိုနယ်ဒို ရဲ့ မသိမှု နဲ့ ဆိုးရှားရဲ့ မိုက်မဲမှု

ရိုနယ်ဒို ဟာ ဘယ်တုန်းကမှ အထောင်တိုက်စစ်မှူး မဟုတ်ခဲ့ပါဘူး ။ ဒါကို ဆိုးရှားက ပေကပ်ပြီး သုံးခဲ့ ပါတယ် ။

အကျိုးဆက် ကတော့ ယူနိုက်တက် ဘောလုံးဆွဲလာပြီ ဆိုရင် တိုက်စစ်မြားဦးမှာ ဘယ်သူမှ မရှိဘဲ ဖြစ်နေ တတ်တာပါပဲ ။

ရိုနယ်ဒို ဟာ ကွင်းလယ် လောက် အထိ ဘောလုံးဆင်းဆယ် ပါတယ် ၊ သူ့ကို ဘောလုံးပေး ၊ သူက လိမ်ခေါက်ပြီး ကန်မယ် ၊ ကန်ဖို့ မလွတ်ရင် ဘောလုံး ပြန်ပေးမယ် ၊ ပြီးရင် လွတ်တဲ့ နေရာကို ပြေးပြီး ဘောလုံးတောင်းမယ် ၊ ဖြတ်တင်ဘောတွေကို အဆုံးသတ်မယ် ၊ ဒီလို ကစားတတ်သူပါ ။

ဒါကြောင့် ပွဲချိန် အတော်များများမှာ ရိုနယ်ဒို ဟာ တောင်ပံ ကို ထွက်လိုက် ၊ ကွင်းလယ် တိုက်စစ်သမား နေရာကို ရောက်လိုက် ဖြစ်နေတတ်ပြီး အဲ့ဒိ နေရာတွေက ဆန်ချို ၊ ဖာနန်ဒက်စ် တို့နဲ့ သွားထပ်နေတာကို နောက်ထပ် တကြိမ် ( နောက်ထပ် တကြိမ် ) မြင်တွေ့ ခဲ့ရပြန် ပါတယ် ။

ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမတွေ့သေးသရွေ့ ကတော့ ယူနိုက်တက် ရဲ့ တိုက်စစ်က သူတလူ ငါတမင်း ဖြစ်နေဦးမှာပါပဲ ။

 

SPORTS MYANMAR