“ပြောင်းလဲဖို့ လိုပါပြီ” – လက်စတာ နဲ့ ပွဲအပြီး ဆိုးရှား နဲ့ ပေါ့ဘာ ၊ ဆရာတပည့် ၂ ယောက်ရဲ့ ပြောစကားများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယမန်နေ့ ညက ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် လက်စတာ စီးတီး ရဲ့ ကင်းပါဝါ ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး ၄-၂ ရလဒ် နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။

ယူနိုက်တက် အတွက် မေဆင် ဂရင်းဝုဒ် က အဖွင့်ဂိုး သွင်းယူ ပေးခဲ့ပေမယ့် တိုင်လီမန်းစ် က ပထမပိုင်း မှာတင် လက်စတာ အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ ဆိုရန်ကူ က လက်စတာ အတွက် ဦးဆောင်မှု ပေးခဲ့ ပါတယ် ။ မိနစ်ပိုင်း အကြာမှာ ရက်ဖိုဒ့် က ယူနိုက်တက် အတွက် ချေပဂိုးပြန်သွင်းပေးခဲ့ ပေမယ့် ချက်ချင်းဆိုသလို လက်စတာ တိုက်စစ်မှူး ဗာဒီ က ပြန်လည် ဦးဆောင်ဂိုးကို သွင်းယူခဲ့ ပါတယ် ။

အဲ့ဒိ နောက်မှာတော့ ပက်စတွန် ဒါကာ က လက်စတာ အတွက် ပွဲသိမ်းဂိုးကို သွင်းယူပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ ၂၉ ပွဲဆက်တိုက် အဝေးကွင်း ရှုံးပွဲ မရှိမှု စံချိန်ကို ရပ်တန့် သွားစေခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ ဒီပွဲမှာ အိမ်ရှင် လက်စတာ ဟာ အနိုင်ရဖို့ ထိုက်တန်ခဲ့တယ် လို့ ပြောဆို သွားခဲ့သလို သူတို့ အသင်းအနေနဲ့လည်း ပြောင်းလဲမှု တခုခု ပြုလုပ်ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ ရှုံးဖို့ ထိုက်တန်ပါတယ် ။ ဒီလို ရှုံးပွဲမျိုး ကို ခုမှ ကြုံခဲ့ ရတာမဟုတ်ပါဘူး ။

ဂိုးတွေကို လွယ်လွယ် ပေါပေါ နဲ့ ပေးနေရတုန်းပါပဲ ။ ဒါပေမယ့် ခုချိန်ထိ ကျွန်တော်တို့ အဖြေမရှာ နိုင်သေးပါဘူး ။ ဒါက အဓိက ပြဿနာပါ ။

ကျွန်တော်တို့ အနေနဲ့ ပိုပြီး တက်တက်ကြွကြွ ရှိဖို့ လိုသလို ကောင်းမွန်တဲ့ တိုးတက်မှုတွေလည်း ရှိဖို့ လိုပါတယ် ။

ကျွန်တော်တို့ အဖြေရှာဖို့ လိုအပ်ပါပြီ ၊ ပြောင်းလဲဖို့လည်း လိုအပ်နေပါပြီ” လို့ ပွဲအပြီး အင်တာဗျူးမှာ ပေါ့ဘာက ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ မက်ဂွဲယား ကို ထုတ်သုံးခဲ့မှု အပါအဝင် ဒီရှုံးနိမ့်မှု မှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ ဆိုးရွားခဲ့ကြောင်း ဝန်ခံ ပြောဆို သွားခဲ့ပြီး ပေါ့ဘာ ပြောခဲ့တဲ့ အတိုင်း ပြောင်းလဲဖို့ လိုအပ်နေကြောင်းလည်း ထပ်လောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ ဂိုးတွေ ပေးလိုက်ရတဲ့ ပုံစံက တော်တော်လေး ဆိုးရွားပါ ။ ဒီ ရှုံးပွဲ မရှိ မှတ်တမ်းကောင်း ကို ဆက်ထိန်းထားဖို့ လုံလောက်တဲ့ အရည်အသွေးကို ကျွန်တော်တို့ မပြ နိုင်ခဲ့ ပါဘူး ။

ဒီလူတွေကို ကျွန်တော် ရွေးခဲ့တာပါ ။ ဟယ်ရီ ( မက်ဂွဲယား ) က အားနည်းနေတဲ့ပုံစံ မပြခဲ့ ပါဘူး ။ ဒါကြောင့် သူ့ကို ထည့် ကစားခဲ့တာပါ ။

အခု ၄ ဂိုးတောင် ပေးခဲ့ရပါတယ် ။ ဒါက ကျွန်တော့ရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်မှာပါ”

“ဒီရာသီမှာ ကျွန်တော်တို့ အားရစရာ ကောင်းတဲ့ အနေအထားမှာ မရှိနေ သေးပါဘူး ။

အမှတ်တွေ အများကြီး ဆုံးရှုံး ခဲ့ ပါတယ် ။ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုအပ် နေပါပြီ ။

ကွင်းထဲမှာ ပြေးလွှားဖို့ ခြေထောက်တွေ ပိုပြီး လိုအပ်နေလား ၊ ဘာတွေ လိုအပ် နေတာလဲ ဆိုတာ သေချာ ပြန်ပြီး သုံးသပ် ကြည့်ရမှာပါ” လို့ ဆိုးရှားက ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ စနေနေ့ည ပွဲစဉ်တွေ အပြီးမှာတော့ အဆင့် ၅ နေရာကို ရောက်ရှိ သွားခဲ့ပြီး ထိပ်ဆုံးက ချဲလ်ဆီး နဲ့ ၅ မှတ်ကွာဟ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် အီတလီ ကလပ် အတ္တလန်တာ နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး နောက်တပတ် တနင်္ဂနွေမှာတော့ ပုံစံကောင်းတွေရပြီး ဆာလာ ဂိုးမြူးနေတဲ့ လီဗာပူး အသင်းကို အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR