ပြီးခဲ့တဲ့ နွေရာသီက မန်ယူနိုက်တက်တို့ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွေ့ အမှားကို ထောက်ပြလိုက်တဲ့ အလန်ရှီးယားရား

နယူးကာဆယ် နဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်း ဖြစ်သူ အလန်ရှီးယားရားက မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့က ဗဟိုကွင်းလယ်လူ တစ်ဦး ခေါ်ယူဖို့ ပျက်ကွက်ခဲ့ခြင်းအားဖြင့် အမှားအယွင်း ပြုလုပ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့က ဂျေဒွန်ဆန်ချို ၊ ရာဖေးဗာရန်း ၊ ခရစ်စတီယာနိုရော်နယ်ဒို တို့အတွက် ပေါင် ၁၂၅ သန်းထိ အသုံးပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒန်ကလန်ရိုက်စ် ၊ ဘစ်ဆူးမား ၊ ကာမာဗင်ဂါ စတဲ့ ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ခေါ်ယူခဲ့ခြင်း မရှိခဲ့ဘဲ ဒီရာသီမှာတော့ ကွင်းလယ်ပိုင်းမှာ ရုန်းကန်နေရမှုနဲ့အတူ ရလဒ်တွေ မကောင်းဘဲ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က လက်စတာကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပေါ့ဘာ နဲ့ မာတစ် တို့အတွဲဟာ လက်စတာ ကွင်းလယ်ရဲ့ လွှမ်းမိုးကစားမှုကို ခံခဲ့ရပြီး ရှီးယားရားက ယူနိုက်တက်ရဲ့ အဓိက အားနည်းချက်ဟာ ကွင်းလယ်ပိုင်းမှာ ရှိနေတယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

ရှီးယားရားက “ကွင်းလယ်ပိုင်းဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ယူနိုက်တက်ရဲ့ ပြသနာ ဖြစ်နေခဲ့တာပါ။ သူတို့ဟာ နွေရာသီက ဒီနေရာကို ရင်းနှီးမြှပ်နှံမှု မလုပ်ခဲ့ပါဘူး။ ဒီရာသီမှာလည်း ဒီနေရာမှာ ပြသနာတွေ ထပ်ဖြစ်နေပါတယ်။ သူတို့ရဲ့ ကွင်းလယ် ဗဟိုမှာ ပြိုင်ဘက်ကို ရှေ့ကနေ press လုပ်ပြီး ထိန်းချုပ် ကစားနိုင်တဲ့သူ မရှိပါဘူး။

သူတို့ဟာ ဂိုးတွေတော့ သွင်းယူနိုင်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့ ပိုင်ဆိုင်ထားတဲ့ တိုက်စစ် ကစားသမား အရည်အသွေးကြောင့် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဒီလိုမျိုးကြီး သွားလို့ မရနိုင်ပါဘူး။” လို့ ဆိုသွားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာ ၄ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ကို ကြုံတွေ့ခဲ့ရပြီးနောက် နည်းပြ အိုလီဂန်နာဆိုးရှားဟာ ဖိအားတွေ ကျရောက်လာခဲ့ပြီး ရှီးယားရားက လက်စတာနဲ့ ပွဲစဉ်က ယူနိုက်တက်ရဲ့ ကစားပုံဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ပြောလိုက်ပါတယ်။

ရှီးယားရားက “အကယ်၍ ဘာလုပ်သွားရမလဲ ဆိုတာကို မသိဘူးဆိုရင် ခံစစ်ကို အထိုင်ချကာ အသင်း တစ်သင်း အနေနဲ့ ကျစ်လစ်စွာ ကစားဖို့ ပြင်ဆင်လိုက်ပါ။ လက်စတာနဲ့ ပွဲက မန်ယူနိုက်တက်ဟာ ဘယ်အချိန် တိုက်စစ်ဆင်ရမလဲ ဘယ်အချိန် အထိုင်ချ ကစားသွားရမလဲ ဆိုတာ မသိ ဖြစ်နေခဲ့ပါတယ်။ သူတို့ဟာ တိုက်စစ်ဆင် ကစားတဲ့ အခါ လုံလောက်တဲ့ intensity မရှိတဲ့ အပြင် အသင်းတစ်သင်း အနေနဲ့ ကစားတာလည်း မရှိပါဘူး။” လို့ ဆိုခဲ့ပါတယ်။

နီမန်ဂျာမာတစ်ကတော့ လက်စတာကို ရှုံးနိမ့်ခဲ့တဲ့ အတွက် အသင်းသား အားလုံး ဝမ်းနည်းပက်လက် ဖြစ်နေကြတယ်လို့ ဝန်ခံလိုက်ပြီး သူတို့ရဲ့ ပုံမှန်အောက် ရောက်နေတဲ့ ကစားပုံ အတွက် ပရိတ်သတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

မာတစ်က “ပရိတ်သတ်တွေ အတွက် ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ သူတို့ဟာ အဝေးကွင်းမှာ ကျွန်တော်တို့ကို တကူးတက လာရောက် အားပေးခဲ့ကြတာပါ။ သူတို့ ဒီထက် အများကြီး ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်ပါတယ်။ အနာဂတ်မှာ သူတို့ကို ပျော်ရွှင်အောင် ကျွန်တော်တို့ အစွမ်းကုန် အားထုတ်သွားမှာပါ။ ကျွန်တော်တို့ ၁၄ မှတ် ရထားကာ title race ထဲမှာ ရှိနေပါတယ်။ ကျွန်တော်တို့ အဆုံးထိ လက်လျော့သွားမှာ မဟုတ်ပါဘူး။” လို့ ပြောခဲ့ပါတယ်။

SM