ပြန်ဆုံကြတဲ့ ညီနောင် ၂ ဦး ၊ အံ့ဖွယ် အိုင်ယက်စ် ၊ ဂိုးမိုးရွာချကြသူတို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် မှာ PSG ဟာ သူတို့ရဲ့ ကစားသမားဟောင်း ရော်နယ်ဒင်ဟို ကို ပရက်စ်ဒက်စ်ပရင့်စ် ကွင်းကြီးအတွင်း ဖိတ်ခေါ်ကာ ဂုဏ်ပြု သွားခဲ့ ပါတယ် ။

ဒင်ဟို ဟာ ဂုဏ်ပြုပွဲ အပြီးမှာ ကွင်းအတွင်း သွေးပူ လေ့ကျင့်ခန်း ပြုလုပ်နေတဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ နဲ့ ဆုံတွေ့ ခဲ့ပြီး ၂ ဦး သား ရင်းနှီးစွာ ပွေ့ဖက် နှုတ်ဆက် ခဲ့တဲ့ မြင်ကွင်းဟာ အင်္ဂါနေ့ည ချန်ပီယံလိဂ် ပွဲစဉ်တွေရဲ့ ကြည်နူးစရာ အကောင်းဆုံး မြင်ကွင်း ဖြစ်ခဲ့ရ ပါတယ် ။

PSG ဟာ အဆိုပါပွဲ မှာ ဂျာမန် ကလပ် လိုက်ပ်ဇစ် ကို ၃-၂ နဲ့ အနိုင် ရခဲ့ပြီး မက်ဆီ က ၂ ဂိုး ၊ ဘာပေ က ၁ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။

PSG တိုက်စစ်မှူး နေမာ ကတော့ ဒဏ်ရာကြောင့် ဒီပွဲကို လွဲခဲ့သလို ဇနီးသည် က ကွာရှင်းသွားတဲ့ တိုက်စစ်မှူး အီကာဒီ ကလည်း မိသားစုရေးရာ ကိစ္စတွေကို ဖြေရှင်းဖို့ အတွက် ဒီပွဲကို ပါဝင် မကစားခဲ့ဘူးလို့ သိရ ပါတယ် ။

မနေ့ညက ချန်ပီယံလိဂ် မှာ အင်္ဂလိပ် ကလပ်တွေ နိုင်ပွဲရခဲ့ကြပါတယ် ။ လီဗာပူးဟာ မကြာခဏ ရေစက်စုံ နေတဲ့ အက်သလက်တီကို မက်ဒရစ် ကို စပိန်မြေပေါ် ကို သွားရောက် ကစားပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး ကတော့ အဝေးကွင်းမှာ ကလပ် ဘရုဂျ် ကို ဂိုးမိုးရွာ ခဲ့ပြီး ၅-၁ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ ရီးရဲ ကလည်း အဝေးကွင်းမှာ ရှက်တာဒိုးနက် ကို ၅-၀ နဲ့ နိုင်ခဲ့ပြီး ဗီနီဆီယပ် က ၂ ဂိုး သွင်းယူပေး ခဲ့ ပါတယ် ။

နယ်သာလန် ကလပ် အိုင်ယက်စ် ဟာ ဂျာမန် ထိပ်သီး ဒေါ့မွန် ကို အိမ်ကွင်းမှာ လက်ခံ ကစားပြီး ၄-၀ နဲ့ အနိုင်ယူကာ အင်္ဂါနေ့ည ချန်ပီယံလိဂ် ကို အံ့အားသင့်စေခဲ့ ပါတယ် ။ ပေါ်တူဂီ မြေပေါ်က ပေါ်တို – အေစီမီလန် ပွဲမှာတော့ အိမ်ရှင် ပေါ်တို က ၁ – ၀ နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

စကော့တလန် ကလပ် ဆဲလ်တစ် အသင်းရဲ့ ပရိသတ်တွေဟာ ဒီတပတ် ယူရိုပါလိဂ် ပွဲစဉ်ကို ပုံမှန် ကစားနေကျ ကြာသပတေးနေ့ အစား အင်္ဂါနေ့ နေ့လည်ပိုင်းကို ပြောင်းရွှေ့ ခဲ့တဲ့ UEFA အပေါ် ဒေါသထွက်ကာ ကွင်းအတွင်း စာတမ်းတွေ ချိတ်ဆွဲ ဆန္ဒပြခဲ့တယ်လို့ သိရ ပါတယ် ။ အဆိုပါ ပွဲမှာ ဆဲလ်တစ် ဟာ ဖီရန်ဗားရိုစ့် ကို ၂-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

အမေရိက ကလပ် ဒါးလက်စ် မှာ ကစားနေတဲ့ ၁၈ နှစ် အရွယ် အမေရိကန် ရှေ့တန်း ကစားသမားလေး ရီကာဒို ပီပီ ဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆို ထားတယ်လို့ သိရ ပါတယ် ။ ပီပီ ဟာ ဂျာမန် ကလပ် ဝုဖ်ဘတ် နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပေမယ့် အိုင်ယက်စ် ၊ ဒေါ့မွန် ၊ လီဗာပူး နဲ့ အင်တာမီလန် တို့ကလည်း လူငယ်လေးရဲ့ အခြေအနေကို စောင့်ကြည့် နေကြတယ်လို့ သိရ ပါတယ် ။

လီဗာပူး တိုက်စစ်မှူးဟောင်း ဖာနန်ဒို တောရက်စ် ဟာ မနေ့ညက ကစားခဲ့တဲ့ UEFA Youth League မှာ အက်သလက်တီကို မက်ဒရစ် လူငယ် အသင်း နည်းပြ အဖြစ် နဲ့ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင် ခဲ့ပြီး ၂-၀ နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ခံစစ်မှူး ပီကေး က ဗီနီဆီယပ် ဂျူနီယာ ဟာ ကတိမတည်သူ ဖြစ်ပြီး ဘာစီလိုနာ ကို ပြောင်းလာဖို့ သဘောတူပြီးကာ မှ ရီးရဲ မက်ဒရစ် ဘက်ကို ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူး အဂွေရို က သူဟာ မက်ဆီ ချန်ထားခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြောင်း နဲ့ လက်ရှိ ပိုင်ရှင် အန်ဆု ဖာတီ ဟာ နံပါတ် ၁၀ နဲ့ လိုက်ဖက်ညီသူ ဖြစ်တယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကတော့ ကန့်ကွက် ဝေဖန်မှုတွေ ပြင်းထန်နေလင့်ကစား သူတို့ရဲ့ ၂ နှစ်တကြိမ် ကမ္ဘာ့ဖလား အစီအစဉ် ကို ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ အကောင်အထည်ဖောင် လုပ်ဆောင် သွားဖို့ စိတ်ပိုင်းဖြတ် ထားတယ်လို့ ကြားသိရ ပါတယ် ။

အလန်ရှီးယား ရွေးချယ်ပေးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အတွက် Official Team of the Week ကတော့ –

မန်ဒီ ( ချဲလ်ဆီး )

လစ်ဗရာမန်တို ( ဆောက်သမ်တန် ) ၊ အော့ဂ်ဘွန်နာ ( ဝက်စ်ဟမ်း ) ၊ ဘန်း ( ဘရိုက်တန် ) ၊ ရီဂွီလွန် ( စပါး )

မေလ်နာ ( လီဗာပူး ) ၊ ရိုက်စ် ( ဝက်စ်ဟမ်း ) ၊ တိုင်လီမန်းစ် ( လက်စတာ )

ဆာလာ ( လီဗာပူး ) ၊ ဖာမီနို ( လီဗာပူး ) ၊ ကိန်း ( စပါး )

 

SPORTS MYANMAR